ဒေါ်လာဈေး ပြန်တက်၊ ရွှေ အဝယ်လိုက်

E-mail Print
မြန်မာ့စီးပွားရေး ဈေးကွက်တွင် ဒေါ်လာနှင့် ရွှေ ၀ယ်စုသူ များပြားလာ ခြင်းကြောင့် ယခု ရက်အတွင်း အမေရိကန် ဒေါ်လာဈေးနှင့် ရွှေဈေးများ ပြန်၍ မာလာကြောင်း သတင်းရရှိသည်။

gold-shop-and-money-exchangersအမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ တထောင် အောက်တွင် လပေါင်းများစွာ ရှိခဲ့ရာမှ နယ်စပ် ဒေသများမှ ဒေါ်လာငွေ အ၀ယ် လိုက်ခြင်းနှင့် ပြည်တွင်းတွင် ဒေါ်လာဝယ်ယူ စုဆောင်းသူ များပြားလာခြင်း တို့ကြောင့် တဒေါ်လာလျှင် ကျပ်တထောင် အထက်သို့ ပြန်တက် လာကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေ အရောင်းအ၀ယ် ဒိုင်များမှ သိရသည်။

“အခု ရန်ကုန်မှာ အစိမ်းတဒေါ်လာ (အမေရိကန်ဒေါ်လာ) ကို ၁၀၀၅ ကျပ် လောက်ရှိပေမယ့် နယ်စပ်မှာ တဒေါ်လာကို ၁၀၁၆ ကျပ်လောက်ပေါက်တယ်။ ဈေးကွာတော့ ဒီက ဒေါ်လာတွေ နယ်စပ်တွေဆီ စီးတယ်။ နယ်စပ်က ဒေါ်လာဝယ်အားလည်း တက်နေတယ်” ဟု ပြည်တွင်း စီးပွားရေးသမားကြီးတဦးက ပြောသည်။

လွန်ခဲ့သော လများအတွင်းက အမေရိကန်တဒေါ်လာလျှင် ၉၇၀ ကျပ်အထိ အနိမ့်ဆုံးထိုးကျသွားနေခဲ့သည်။

ရန်ကုန်မြို့တွင် ဒေါ်လာဝယ်ယူ စုဆောင်းမှုနှုန်း မြင့်တက်လာပြီး တချို့ငွေလဲဒိုင်များတွင် ဒေါ်လာရောင်းရန် လက်ကျန် မရှိသည်အထိ ပြတ်လပ်မှုများ ရှိကြောင်း သိရသည်။

“၀ယ်သူရှိရင်တောင်မှ ရောင်းဖို့ ဒေါ်လာ မရှိတာမျိုးတောင် ဖြစ်တယ်” ဟု ကျောက်တံတား မြို့နယ်အတွင်းမှ ငွေလဲဒိုင်တဦးက ပြောသည်။

စီးပွားရေးသမားများ ဒေါ်လာနှင့် ရွှေ ၀ယ်ယူစုဆောင်းမှု များပြားလာရခြင်းမှာ လိုင်စင်မဲ့ကားများကို အခွန်ဆောင်စေပြီးလိုင်စင် ထုတ်ပေးတော့မည်ဖြစ်သဖြင့် ရန်ကုန် ကားဈေးကွက် အရောင်းအ၀ယ်အေးနေပြီး ရင်းနှီးမြုပ်နှံသူ နည်းနေခြင်း၊ အိမ်ခြံမြေ ဈေးကွက်တွင်လည်း ရောင်းသူသာရှိပြီး ၀ယ်သူနည်းနေခြင်းနှင့် ပုဂ္ဂလိက စီးပွားရေးသမား အများစုက ၂၀၁၀ နိုင်ငံရေး အပြောင်းအလဲကို စောင့်ကြည့်ရန် စီးပွားရေးလုပ်ငန်းများကို မတိုးချဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

စစ်အစိုးရက ထုတ်ဝေထားသော အက်ဖ်အီးစီပေါက်ဈေးမှာမူ ဒေါ်လာဈေးနှင့် ကွာဟနေပြီး အက်ဖ်အီးစီ တဒေါ်လာလျှင် ၉၃၅ ကျပ်ခန့်သာ ဈေးပေါက်ကာ ဈေးကျမြဲ ဆက်ကျနေသည်ဟု သိရသည်။ ရန်ကုန်တရားမ၀င် ငွေလဲဈေးကွက်တွင် အက်ဖ်အီးစီဝယ်လိုအား ကျဆင်းလျက်ရှိပြီး ရောင်းလိုသူသာ များပြားနေကြောင်း စုံစမ်းသိရသည်။

အမေရိကန်ဒေါ်လာ ဝယ်လိုအား မြင့်တက်သကဲ့သို့ပင် ရွှေ ဝယ်လိုအားလည်း များပြားပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ၆၄၄၅၀၀ ကျပ်အထိ ဈေးရှိလာကြောင်း သိရသည်။

“ရွှေဈေးက တက်ဖို့ပဲရှိတယ်။ ရွှေစုတဲ့သူ များတယ်။ နယ်စပ်လည်း စီးတယ်” ဟု မန္တလေးမှ ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ပြည်တွင်းရွှေများ နယ်စပ်သို့ စီးဆင်းခြင်းမှာ နယ်စပ်တွင် ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းသည် ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းထက် တကျပ်သားလျှင် ကျပ်ငွေ ငါးထောင်ခန့် နိမ့်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းရွှေဈေးက နယ်စပ်ရွှေဈေးထက် နိမ့်တော့ နယ်စပ်ကို စီးတယ်။ နယ်စပ်ဆိုတာ တရုတ်၊ ထိုင်း နယ်စပ်တွေပေါ့” ဟု
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတဦးက ရှင်းပြသည်။

ပို့ကုန် သွင်းကုန် အရောင်းအဝယ်ဈေးကွက်များ ကမောက်ကမ ဖြစ်ခြင်းကြောင့် ကားဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်တို့တွင်လည်း ရင်းနှီးမြုပ်နှံသူ နည်းနေပြီး အလွယ်တကူ ရောင်းဝယ် ငွေဖော်နိုင်သော ရွှေဈေးကွက်တွင်မူ အရောင်းအ၀ယ်ကောင်းနေကာ ဈေးနှုန်းများ ဇွန်လကုန်ပိုင်းတွင် ထိုးတက်လာခဲ့သည်။

နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံး စံချိန်တင်သွားသော ပြည်တွင်းရွှေဈေး ကျဆင်းစေရေး အတွက် စစ်အစိုးရက ရွှေကုန်သည် များကို ဇူလိုင်လ အစောပိုင်းမှစ၍ ဖိအားပေးခဲ့သည်။

ရွှေဈေးနှုန်းများ အလွန် မမြင့်တက်စေရေးအတွက် ဇူလိုင် ၂၃ ရက်နေ့က မြန်မာနိုင်ငံ ရွှေလုပ် ငန်းရှင်များအသင်းက အထူး အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ရွှေကို ကြိုတင် ရောင်းဝယ်မှုများ မပြုလုပ်ရန် ရွှေကုန်သည်များထံ ညွှန်ကြားထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်