ပါတီများ ရန်ပုံငွေ ရှာဖွေရန် ခက်ခဲ

E-mail Print
ရွေးကောက်ပွဲ ဝင်မည့် ပါတီများသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေများနှင့် အညီ ပါတီရန်ပုံငွေ ရှာဖွေ သော်လည်း အဆင် မပြေသဖြင့် ပါတီ ရပ်တည်ရန် အခက်အခဲများ ပေါ်ပေါက် နေကြောင်း သိရသည်။

ပါတီရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းစဉ်များဖြစ်သော ပါတီအဖွဲ့ဝင်များထံမှ လစဉ်ကြေး ကောက်ခံခြင်း၊ ပုဂ္ဂလိကမှ အလှူခံခြင်းနှင့် ပါတီအမည်ဖြင့် စီးပွားရေး လုပ်ကိုင်ခြင်းများဖြင့် ရန်ပုံငွေ ရှာဖွေရာတွင် အခက်အခဲများစွာရှိပြီး ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အချိန်နီးကပ်သည့်တိုင် ပါတီများ ရန်ပုံငွေ လုံလောက်မှု မရှိကြောင်း ခေတ်သစ်ပြည်သူ့ပါတီမှ အဖွဲ့ဝင်တဦးက ပြောသည်။

“ပါတီနာမည်နဲ့ စီးပွားရေးလုပ်ဖို့ကလည်း လောလောဆယ် မဖြစ်နိုင်သေးတော့ အလှူခံပြီး ပါတီ ရန်ပုံငွေရှာတဲ့ နေရာမှာလည်း လုပ်ငန်းရှင် တော်တော်များများက ပူးပေါင်းမှု မရှိဘူး” ဟု ၎င်းကဆိုသည်။

စစ်အစိုးရနှင့် နီးစပ်မှုရှိပြီး လုပ်ပိုင်ခွင့် များစွာရရှိထားသော စီးပွားရေးလုပ်ငန်းရှင်များထံ ပါတီရန်ပုံငွေအတွက် သွားရောက် ဆွေးနွေးခဲ့သော်လည်း လုပ်ငန်းရှင်များက နိုင်ငံရေး မရောယှက်လိုဘဲ စီးပွားရေးသာ လုပ်ကိုင်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု ပါတီများထံမှ သိရသည်။

ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇက နိုင်ငံရေး မရောယှက်သော စီးပွားရေးများကိုသာ လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိတွင် စီးပွားရေးမှအပ နိုင်ငံရေးပါတီများကို စိတ်ဝင်စားခြင်းမရှိကြောင်း ဦးတေဇနှင့် နီးစပ်သူတဦးက ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်မည့် ပါတီများတွင် ပါတီရန်ပုံငွေ လုံလောက်စွာ ရှာဖွေရန်ခက်ခဲသောကြောင့် အဖွဲ့ဝင်များ ပါတီမှ နုတ်ထွက်ရန် အလားအလာများစွာရှိနေကြောင်း ပါတီတချို့ထံမှ သိရသည်။

လူထုကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များအတွက် ငွေကြေး လုံလောက်မှု မရှိခြင်းနှင့် ပါတီနှင့် ပတ်သက်သော သတင်းအချက်အလက်များ လွတ်လပ်စွာ ဖော်ပြခွင့် မရှိခြင်းတို့ကြောင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင်သည် ပါတီမှ နုတ်ထွက်ရန် အစီအစဉ်ရှိကြောင်း ၎င်းနှင့် နီးစပ်သူတဦးက ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင် ပါတီမှ နုတ်ထွက်ရန် အစီအစဉ်ရှိသော်လည်း ပါတီအနေဖြင့် ဆက်လက်ပြီး ရွေးကောက်ပွဲ ၀င်သွားမည်ဖြစ်ကြောင်း ယင်းပါတီဝင်တဦးက ပြောဆိုသည်။

ကမန် အမျိုးသား တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌကလည်း ပါတီတချို့ ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများတွင် အခက်အခဲ ရှိနေသည့် တိုင် သတ်မှတ်ထားသည့်ရက်အတွင်း ပါတီဝင်အင်အား အရေအတွက် ပြည့်မီရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကွဲပြားစွာ မသိရသေးသော ငွေကြေးများကိုသုံး၍ မဲဆွယ်စည်းရုံးသည့်အနေဖြင့် ပြည်သူလူထုကို ငွေထုတ်ချေးခြင်း၊ လမ်းများခင်းပေး ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

ပါတီများသည် ရန်ပုံငွေ မလုံလောက်မှုကြောင့် ပါတီစာစောင် ထုတ်ဝေခွင့် ရပြီးသည့်တိုင် ထုတ်ဝေနိုင်ခြင်း မရှိသေးကြောင်း ပါတီများကဆိုသည်။ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) တခုတည်းသာ The Union အမည်ဖြင့် ပါတီစာစောင် ထုတ်ဝေနိုင်သေးသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အတွင်းရေးမှူး ဦးမိုးမင်းက “ပါတီရန်ပုံငွေရဖို့ အနုပညာနဲ့ ကူညီပေးဖို့ အစီစဉ်မရှိဘူး။ ဘယ်ပါတီဟာ ဘာဆိုတာ မသိနိုင်သေးတဲ့အတွက် ဘယ်ပါတီကို ထောက်ခံမဲပေးမယ်ဆိုပြီး ရွေးချယ်ထားတာ မရှိဘူး” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၄၊ ၁၅ (က) တွင် ပါတီပိုင် ရန်ပုံငွေကို ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး၊ ပြည်တွင်းရှိ နိုင်ငံသားတဦးချင်းက ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီက ဖြစ်စေ တရားဝင်ရရှိထားသော ငွေထဲမှ ပါတီသို့ လှူဒါန်းသည့် ငွေ (သို့) ပစ္စည်း၊ ပါတီပိုင် စီးပွားရေးလုပ်ငန်းမှ တရားဝင်ရသော ငွေနှင့် အမြတ်အစွန်းများမှ ရှာဖွေနိုင်သည်ဟု ဖော်ပြထားသည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည် ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နောက်ဆုံး လျှောက်ထားသည့်ပါတီမှာ ဇူလိုင်လ ၂၇ ရက်နေ့တွင် လျှောက်ထားသည့် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ကယားပြည်နယ်) ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်