၅ သိန်းတန်ဖုန်း ကြံ့ဖွံ့များကို ဈေးလျှော့ ပေးမည်

E-mail Print
ကျပ်ငွေ ၅ သိန်းတန် CDMA 800 MHZ ဖုန်းလိုင်းပေါင်း ၁ သိန်း ထပ်မံတိုးချဲ့မည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များကို ကျပ် ၂ သိန်းဖြင့် ပြန်လည် ချပေးမည်ဟု သတင်းရရှိသည်။

CDMA2“ဖုန်းလိုင်း ကျပ်တာတွေ မဖြစ်အောင် တိုးချဲ့ပေးတာလို့ ပြောပေမယ့် အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က စခန်းတွေဆောက်ပြီး ထပ်ရလာမယ့် လိုင်းအရေအတွက် ၁ သိန်းကို သွင်းဈေး ၅ သိန်း အစား ၂ သိန်းနဲ့ သူတို့ ပါတီဝင်တွေ အတွက် ချပေးသွားမှာလို့ သိရတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့ တည်ဆောက်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီသည် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု လိုအပ်ချက်ကို အဓိကထား ဖြည့်ဆည်းပေးကာ မဲရရှိရန် လုပ်ဆောင်နေကြောင်း စစ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

“မန္တလေးမှာဆို မြို့တော်ဝန်က လမ်းခင်းပေး၊ ရေတွင်းတူးပေးပြီး မဲဆွယ်တာတွေ လုပ်ကြသလို ဆက်သွယ်ရေး ၀န်ကြီးဌာနကလည်း တယ်လီဖုန်းလိုင်းတွေချပေးပြီး စည်းရုံးတာမျိုးပေါ့။ ဌာနအလိုက် ၀န်ကြီးတွေ ဦးဆောင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ် စည်းရုံးတာတွေ အဓိက လုပ်တာ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မဲဆွယ် စည်းရုံးမှု ပြုလုပ်ခြင်းသည် ၎င်းတို့ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က) ၅ အရ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲကြောင်း တွေ့ရှိပါက ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိကြောင်း ဖော်ပြထားသဖြင့် ဥပဒေကို သွယ်ဝိုက်သောနည်းဖြင့် ချိုးဖောက်နေကြောင်း တွေ့ရသည်။

“၅ သိန်းတန်ဖုန်းတွေ ဒီလောက် ချမပေးခင်ကတည်းက ပါတီဝင်နဲ့ နီးစပ်တဲ့လူက လျှောက်ပေးတယ်ဆိုရင် လျှောက်ရလွယ်ပြီး မြန်မြန်ရတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အငြိမ်းစား အရာရှိကြီးတဦးက “၁၉၉၀ ပြည့်နှစ် နောက်ပိုင်းလောက်ကစပြီး အစိုးရ ၀န်ထမ်းတွေကို ဖုန်းလိုင်းတွေ ချပေးတာ၊ ဌာနက ရာထူးကြီးတဲ့ ၀န်ထမ်းတွေကို ကားပေးထားတာ။ ဒါတွေက နအဖရဲ့ စည်းရုံးနည်းတွေပဲ။ အခုလည်း ဒီလို စည်းရုံးတဲ့ သဘောပဲ။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက တရားမျှတတယ်ဆိုရင် ဒီလိုနည်းတွေနဲ့ မဲဆွယ်တာတွေ မလုပ်ဘဲ တရားနည်းလမ်းကျကျ ပြိုင်သင့်တယ်” ဟု ဆိုသည်။

ကျပ် ၅ သိန်းတန် CDMA 800 MHZ ဖုန်းလိုင်းသည် GSM နှင့် ဆယ်လူလာဖုန်းများထက် ဈေးနှုန်းသက်သာခြင်း၊ လျှောက်ရ လွယ်ကူခြင်း၊ လိုင်းကြည်လင်ခြင်းတို့ကြောင့် သုံးစွဲမှု ပိုများလာကြောင်း ၎င်းက ပြောသည်။   

ယခုနှစ်ဆန်းပိုင်းမှ  ဇူလိုင်လကုန်အထိ CDMA 800 MHZ  ဖုန်း ချထားပေးသည့် အရေအတွက် ၁ သိန်းခွဲ ရှိပြီဟု သိရသည်။

CDMA 800 MHZ ဖုန်းများကို ဦးတေဇ ပိုင်ဆိုင်သော Central Marketing ကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးပေါင်းကာ  ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ပြီး ချထားပေးခဲ့သည်။

ယင်းကဲ့သို့ ၅ သိန်းတန်ဖုန်းလိုင်း ချထားပေးမှု များပြားသောကြောင့် GSM ဖုန်းလျှောက်ထားမှု နည်းပါးလာခြင်း၊ GSM ဖုန်း များနေရာတွင်  CDMA 800 MHZ ဖုန်းများကို လဲလှယ်သုံးစွဲလာကြခြင်း၊ တယ်လီဖုန်း  အငှားဈေးကွက် လျော့ကျလာခြင်းများ ရှိကြောင်း ရန်ကုန်ရှိ တယ်လီဖုန်း ရောင်းချ၊ ငှားရမ်းသည့် ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ဆက်သွယ်ရေး အင်ဂျင်နီယာ တဦးက “ဆက်သွယ်ရေး စခန်းတွေ တည်ဆောက်တာနဲ့ အပြိုင် တယ်လီဖုန်းလိုင်းတွေ ချဲ့တဲ့နေရာမှာ ပိုက်ဆံပိုရရင် ပြီးရောဆိုပြီး အလွန်အကျွံ ချမပေးဖို့ပါပဲ။ ဒီလိုဆို ထပ်တိုးလာမယ့်လိုင်းနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စခန်းအင်အားမမျှဘဲ ဆက်သွယ်ရေး စနစ်တွေ ပိုဆိုးလာနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်စဉ်းစားသင့်တယ် ” ဟု ဆိုသည်။

အစိုးရ၀န်ထမ်း အများစု သုံးစွဲသည့် ဆယ်လူလာဖုန်း ခေါ်ဆိုခမှာ ၂၅ ကျပ်ဖြစ်ပြီး ၅ သိန်းတန်ဖုန်းနှင့် GSM မိုဘိုင်းဖုန်းများ၏  ခေါ်ဆိုခမှာ တမိနစ်လျှင် ၅၀ ကျပ် ဖြစ်သည်။

ကြံ့ဖွံ့ပါတီကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်