ပါတီများ နိုင်ငံတဝန်း ဝင်ပြိုင်ရန် အင်အားမရှိ

E-mail Print
ရွေးကောက်ပွဲ ၀င်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို ရက်သတ္တ ၂ ပတ်အတွင်း တင်သွင်းရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ရာ နိုင်ငံရေးပါတီ အများစုသည် ပြင်ဆင်ချိန်နည်းပါးသည့်အတွက် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။

ပါတီဝင်အင်အားကို စုဆောင်းနေရသည့် အချိန်တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်စာရင်းကိုပါ ထပ်မံတင်သွင်းရန် ရွေးကောက်ပွဲ ကော်မရှင်က စေခိုင်းခြင်းသည် တပြိုင်နက်တည်း အလုပ် ၂ ခု လုပ်နေရသကဲ့သို့ ဖြစ်နေသည့်အတွက် အခက်အခဲများ ရှိကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဒုတိယ ဥက္ကဋ္ဌ ဦးဌေးက ဧရာဝတီသို့ ပြောသည်။

“ငွေကြေးရော အချိန်ရော မလုံလောက်တဲ့အတွက်ကြောင့် အရင်မျှော်မှန်းထားသလိုမျိုး တနိုင်ငံလုံး အတိုင်းအတာ  မ၀င်နိုင်ဘူး။ ပါတီရှင်သန်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကိုသာ ၀င်ရောက်ဖို့ စဉ်းစားရတော့မယ်” ဟု ဦးဌေးကဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်းတင်ရန် သတ်မှတ်ပေးသည့် အချိန်ကာလသည် လုံလောက်သော အချိန်ကာလ မဟုတ်သည့်အပြင် ကိုယ်စားလှယ်လောင်း တဦးအတွက် ပေးသွင်းရမည့် ကျပ်ငွေ ၅ သိန်း ရှာဖွေရန်လည်း အခက်အခဲရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုအခါ UDPသည် လာမည့် သြဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပါတီဝင်အင်အားစာရင်း တင်သွင်းရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည့်အတွက် ပါတီဝင်အင်အား လိုက်လံစုဆောင်းနေရကြောင်း သိရသည်။

ရွေးကောက်ပွဲ ဥပဒေများအရ ပါတီတခုအနေနှင့် အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရမည်၊ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိလျင် ပါတီဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားသကဲ့သို့ ပါတီဝင်အင်အား ၁၀၀၀ မပြည့်လျင်လည်း ပါတီဖျက်သိမ်းခံရမည် ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအတွက် လုပ်ကိုင်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ သတ်မှတ်ထားသည့် ငွေကျပ် ၅ သိန်းကို သက်ဆိုင်ရာနယ်မြေရှိ  မြန်မာ့စီးပွားရေးဘဏ်တွင် အရင်ပေးသွင်းပြီး တရားရုံးရှိ တရားသူကြီးတဦးထံတွင်လည်း ကျမ်းကျိန်လွှာ ယူရဦးမည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ၎င်းတို့ ပါတီသက်တမ်းမှာ ၁ လနှင့် ၆ရက်သာ ရှိသေးသည့် အတွက် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ရှာဖွေရန်မှာ မလွယ်ကူကြောင်း၊  အသစ် တည်ထောင်ရသည့် ပါတီများ အနေဖြင့် လှုပ်ရှားရန် အချိန်မရှိသကဲ့သို့ ငွေအင်အားလည်း မရှိကြောင်း ပြောသည်။

၎င်းတို့၏ NDF ပါတီအနေဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး စသည့် တိုင်းများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက်သာ လုပ်ဆောင်ရတော့မည်ဖြစ်ပြီး ပြည်နယ်များကို လက်လွှတ်ရမည့် အခြေအနေတွင်ရှိကြောင်း၊ ဒီမိုကရေစီပါတီများ အချင်းချင်းလည်း ညှိနှိုင်းပြီး ယှဉ်ပြိုင်ရန် လက်ရှိအခြေအနေတွင် မဖြစ်နိုင်တော့ကြောင်း ဦးခင်မောင်ဆွေက ဆက်လက်ရှင်းပြသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင်မှ ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး  လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍  သြဂုတ်လ ၃၀ရက်နေ့တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကမူ ရွေးကောက်ပွဲအား ရက်အတိအကျ သိရသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော် ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းမှုကို ရက်သတ္တ ၂ ပတ်သာ အချိန်ပေးသည်မှာ နည်းပါးကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့သောကြာက ကြေညာတယ်။ အခု စနေ၊ တနင်္ဂနွေက ရုံးပိတ်ရက်။ ဒီနေ့မှ စပြီး စုံစမ်းရတော့ အဲဒီမှာတင် အချိန်က ၃ ရက် ကုန်နေပြီ။ ပြီးတော့ ကော်မရှင်ရုံးတွေက အသေးစိတ်အချက်အလက်ကို အတိအကျ မထုတ်ပြန်နိုင်ဘူး” ဟု ၎င်းကဆို သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို ၁၄ ရက်အတွင်းတင်သွင်းရမည် ဆိုသော်လည်း စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များကို ထုတ်နုတ်ပြီး တွက်လျင် အမှန်တကယ် လှုပ်ရှားရမည့် အချိန်ကာလမှာ ၁၀ ရက်သာ ရှိကြောင်း ၎င်းကထောက်ပြသည်။

ယခုလက်ရှိ အချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လျှောက်ထားသည့် ပါတီပေါင်း ၄၁ ပါတီရှိပြီး ပါတီ ၄၀ ကိုမူ မှတ်ပုံတင်ခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ ပါတီဝင်အင်အား စာရင်းတင်ပြပြီးသည့် ပါတီမှာ ၁၅ ပါတီသာရှိသေးကြောင်းကို  ပြီးခဲ့သည့် စနေနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)  အနေဖြင့် အချိန်တိုအတွင်း လွှတ်တော် ကိုယ်စားလှယ်စာရင်း တင်သွင်းရမည်ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုကို မစိစစ်နိုင်တော့ကြောင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည့် ဦးစိုင်းလှကျော်က ဆိုသည်။

“တဦးချင်း အရည်အချင်း ဘယ်လောက်ရှိတယ်၊ ဘယ်နေရာတွေနဲ့ ထိုက်တန်တယ်ဆိုတာ မစိစစ်နိုင်တော့ဘူး။ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအတွက်လည်း မပြင်နိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

ကျားဖြူပါတီအနေဖြင့်  မဲဆန္ဒနယ် ၅၀ ၌ လွှတ်တော် ၃ ရပ်စလုံးအတွက် ကိုယ်စားလှယ် ၁၅၀ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၏ ဒုဥက္ကဋ္ဌ ဦးစိုးမောင်ကမူ  မည်သည့် အခြေအနေ မည်သို့ပင်ဖြစ်စေကာမူ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပြောသည်။

စစ်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ဟု လွှတ်တော် ၃ ရပ် ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနေဖြင့် မဲဆန္ဒနယ်တိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေအရ  မဲဆန္ဒနယ် တနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်တဦးသာရှိမည် ဆိုလျင် ၎င်းကိုယ်စားလှယ်သည် အလိုလျောက်အနိုင်ရကြောင်း ပြဋ္ဌာန်းထားသည့်အတွက် ကြံ့ဖွံ့ပါတီသည် အနိုင်ရရန် အခြေအနေအကောင်းဆုံးပါတီဟု လေ့လာသူများက ဝေဖန်သုံးသပ်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်