ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှတဆင့် တင်ပို့နေသော ထိုင်းကုန်ပစ္စည်းများကို မြန်မာ အာဏာပိုင်များက ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ ပိတ်ထားသောကြောင့် ယခုကဲ့သို့ ဆုံးရှုံးနစ်နာခြင်းဖြစ်သည်။
နယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ထားသော်လည်း ညပိုင်း အချိန်တွင် နှစ်နိုင်ငံ ကုန်ပစ္စည်းများကို အပြန်အလှန်
တင်သွင်းလျက်ရှိကြောင်း သိရသည်။
“ထိုင်းပစ္စည်းတွေလည်း ညဘက်ပဲ သွားတယ်။ မြန်မာပစ္စည်းတွေလည်း ညဘက်ပဲလာတယ်။ ကားတွေ ကူးတာလည်း ညတိုင်းပဲ။ တညကို ၁၀ စီး၊ အစီး ၂၀ လောက် ညတိုင်းပဲ ကူးတယ်” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဒေသခံတဦးက ပြောသည်။
ကုန်တင်ကားများသည် ပိတ်ထားသော နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား၏ မြောက်ဘက်တွင် ရှိသော အမှတ် ၁၀ ဂိတ် အပါအ၀င် တောင်ဘက်တွင်ရှိသော ၁၇ ဂိတ်နှင့် ၁ ဂိတ်တို့မှ ညအချိန်တွင် ခိုးကူးနေကြောင်း ၎င်းက ဆိုသည်။
မြန်မာ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းတချို့ကိုလည်း မဲဆောက်မြို့သို့ နေ့စဉ် ခိုးသွင်းနေကြပြီး ဈေးနှုန်းများလည်း ပုံမှန်ရှိကြောင်း သိရသည်။ သို့သော် မြန်မာ ပြည်တွင်းဈေးကွက်တွင်မူ ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း ၂ ဆခန့် မြင့်တက်လျက်ရှိပြီး စားသောက်ကုန် ပစ္စည်းတချို့ ပြတ်လပ် လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံထုတ် အလှကုန်များနှင့် လူသုံးကုန်ပစ္စည်းများသည် လွန်ခဲ့သော ဇူလိုင်လ တတိယပတ် ၀န်းကျင်မှစပြီး ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်ကြောင်း၊ ယခင် ထိုင်းနိုင်ငံထုတ် ကျပ် ၄၀၀၀ တန် Body Lotion ကို ကျပ် ၇၅၀၀၊ ကျပ် ၆၀၀၀ တန် အင်္ကျီကို ကျပ် ၁၂၀၀၀ စသည်ဖြင့် ဈေးနှုန်းမြှင့် ရောင်းချလျက်ရှိကြောင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာရှိ ထိုင်းကုန်ပစ္စည်း အရောင်းဆိုင် များမှ သိရှိရသည်။
ပြည်တွင်းဈေးကွက်တွင် တရုတ်ပစ္စည်းများ ဈေးနှုန်း သက်သာသဖြင့် အခြေခံ လူတန်းစားနှင့် လူလတ်တန်းစားများ အများဆုံး ၀ယ်ယူ အသုံးပြုကြသောကြောင့် ဈေးကွက် ဝယ်လိုအား အများဆုံး ရရှိထားပြီး ထိုင်းပစ္စည်းမှာမူ ဒုတိယ ရောင်းအား အများဆုံး ပစ္စည်းများ ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး ထိုင်းနှင့် မြန်မာ ကုန် ပစ္စည်းများ အပြန်အလှန် တင်ပို့နေကြသည်။
တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင်ပိတ် ပစ်ခဲ့ခြင်းဖြစ် သည်။
ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားပိတ်ရခြင်း၏ အကြောင်းအရင်းကိုမှု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
< Prev | Next > |
---|