ကချင်ပါတီ မျှော်လင့်ချက်ကုန်

E-mail Print
ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ချပေးရန်  မျှော်လင့်ချက် အလွန် နည်းပါးသွားပြီ ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာ မနန်တူးဂျာက ဧရာဝတီသို့ ပြောသည်။

“မျှော်လင့်ချက်ကတော့ တနေ့တခြား ပိုပြီး နည်းသွားတယ်လို့ ပြောမယ်ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ အဲဒီလို အခြေအနေရှိ ပါတယ်” ဟု ဒေါက်တာ တူးဂျာက ပြောသည်။

KSPP သည် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် လွန်ခဲ့သည့် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခု အချိန်အထိ ခွင့်ပြုချက် မချပေးသေးချေ။

ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ် အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း တင်သွင်းရမည်ဟု ကြေညာထားသောကြောင့် ၎င်းတို့ပါတီက မျှော်လင့်ချက် နည်းပါးသွားခြင်း ဖြစ်ကြောင်း ဒေါက်တာ တူးဂျာက ဆိုသည်။

ပါတီ မှတ်ပုံတင်ခွင့် ချပေးရန် ကြန့်ကြာနေခြင်းနှင့် ပတ်သက်၍ KSPP ပါတီ ခေါင်းဆောင်များအနေဖြင့် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများထံ ယခုရက်ပိုင်းအတွင်း စာဖြင့်အကြောင်းကြား မေးမြန်းရန် ပါတီအတွင်း ဆွေးနွေးနေကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဒေါက်တာ တူးဂျာက “အခု အချိန်အထိ စောင်ဆိုင်းနေရတဲ့ အနေအထားမျိုး ပေါ်လာတော့ ကျနော်ကတော့ လုံးဝ စိတ်တော့ မကောင်းဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဒီလိုမျိုး ကြုံရမယ်လို့ ကျနော် အရင်က မစဉ်းစားထားဘူး။ လုံးဝ မမျှော်လင့်ထားဘူး” ဟု ပြောသည်။

KSPP ပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ချက် နည်းပါးသွားသည့်အတွက် တသီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် သူများကို ခွင့်ပြုလိုက်ကြောင်း၊ တသီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့်သူ ၆ ဦးခန့် ရှိနိုင်ကြောင်း သိရသည်။

ဒေါက်တာ တူးဂျာသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သောကြောင့် မှတ်ပုံတင်ခွင့် ချမပေးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

ဒေါက်တာ တူးဂျာက “KIO အသွင်ကူးပြောင်းရေး မလုပ်တဲ့ အတွက်ကြောင့် KSPP ကို မှတ်ပုံတင် ချမပေးဘူးဆိုတဲ့ဟာမှာ ကျနော်တို့က  မဆိုင်တဲ့အကြောင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ ကော်မရှင်ကိုလည်း တင်ပြထားတာ ရှိတယ်” ဟု ပြောသည်။   

စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီတရပ် အနေဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာခံထား ရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဟု ရေးသား ဖော်ပြထားသည်။

KSPP သည် မြစ်ကြီးနားမြို့တွင် ရုံးဖွင့်ထားပြီး ပါတီ တည်ထောင်ချိန်မှ စ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါတီ တည်ထောင်ခွင့် လျှောက်ထားပြီး ခွင့်ပြုချက် မရသေးသည့် ပါတီများမှာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) အပါအ၀င် ညီညွတ်သော ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) (UDPKS) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ဖြစ်သည်။ 

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီဖြစ်ပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၂ ပါတီအနက် ၄၁ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်။ ထို ၄၁ ပါတီအနက် ၂၅ ပါတီက ပါတီဝင်အင်အားစာရင်း တင်ပြပြီးဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်