ဆန် ပြည်ပပို့ခွင့် စီးပွား ကူးသန်း ကိုင်တွယ်မည်

E-mail Print
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် တင်ပို့ခွင့်ကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၌ လျှောက်ထားရန် မလိုတော့ဘဲ စီးပွာရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန (စီးပွား ကူးသန်း) သို့ လျှောက်ထား ရတော့မည် ဖြစ်ကြောင်း သိရသည်။

“ပြည်ပကို ဆန်ပို့မယ့်လူတွေ ကျနော်တို့အသင်းမှာ ထောက်ခံချက် ယူစရာမလိုတော့ပါဘူး၊ စီးပွားကူးသန်းမှာ တိုက်ရိုက် လျှောက်လို့ရပါပြီ”ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း၏ ဗဟို အလုပ်မှုဆောင်တဦးက အတည်ပြု ပြောဆိုခဲ့ သော်လည်း အသေးစိတ်ပြောပြရန် ငြင်းဆိုသည်။

ထို ပြည်ပ ဆန်တင်ပို့ခွင့်နှင့် ပတ်သက်ပြီး ယခုလဆန်းပိုင်းတွင် သက်ဆိုင်ရာဌာနချင်း လွှဲပြောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းကို ဆန်နှင့်ပတ်သက်သည့်အသင်း ၃သင်းအားစုပေါင်း၍၂၀၁၀ ဇန်န၀ါရီလ တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်လိုက်ခြင်းမှာ ဆန်စပါးထုတ်လုပ် တင်ပို့မှုဆိုင်ရာ ကိစ္စရပ်များ တိုးတက်မြင့်မားလာရန် အတွက်ဟုအသင်းတာဝန်ရှိသူတဦးကဆိုသည်။

သို့သော် ထိုအသင်းပေါ်လာပြီးနောက်တွင် ဘက်လိုက်မှုများရှိလာပြီး အသင်း၏ ခေါင်းဆောင်တချို့အကြားအင်အားပြိုင်ဆိုင်မှု များရှိလာကြောင်း ရန်ကုန်မှဆန်ကုန်သည်တဦးက ပြောသည်။ ထိုအချက်များကြောင့်ပင် စီးပွားကူးသန်းက ပြန်လည်ချုပ်ကိုင် လိုက်ခြင်းဖြစ်နိုင်ကြောင်းလည်း ဆန်ကုန်သည်က ပြောဆိုသည်။

ပြည်ပဆန်တင်ပို့မှုကို ယခင်က ကုန်သွယ်ရေးဝန်ကြီးဌာန(ယခုစီးပွားကူးသန်း)ကသာအဓိကဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၀၀ ခုနှစ်ဝန်းကျင်ခန့်မှ့စ၍အစိုးရမဟုတ်သည့် ဆန်နှင့်ပတ်သက်သောပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများကိုလုပ်ကိုင်ခွင့်များ ပိုမိုပေးလာကြောင်း၊ ပြည်ပဆန်တင်ပို့ရာတွင်လည်း ဆန်ကုန်သည်အသင်းအားလုပ်ပိုင်ခွင့်များပေးခဲ့ကြောင်း၎င်းက ဆက်ရှင်းပြသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းအားဖွဲ့စည်းထားသော်လည်း သိသာသောပြောင်းလဲတိုးတက်မှုရှိမလာဘဲ ၎င်းတို့၏ အကျိုးစီးပွား ကိုသာဦးစားပေးလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်များကို ဆန်စပါးအထူးပြုကုမ္ပဏီ ၂၀ ကျော်က လုပ်ဆောင်ခွင့်ရထားပြီး တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းကို ဆန်ကုန်သည်များကတင်ပို့ခွင့်ရကြောင်း၊ ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က ရရှိထားကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုကို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့်အရှေ့အလယ်ပိုင်းနိုင်ငံတချို့ အပါအ၀င် အာဖရိကနိုင်ငံ များကိုတင်ပို့ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောသည်။

နိုင်ငံတချို့တွင်မြန်မာ့ဆန်ဈေးကွက် နေရာရထားသော်လည်း အရည်အသွေးအားဖြင့်ညံ့နေ၍ ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ ဆန်များကိုမယှဉ်နိုင်သေးကြောင်း ဆန်စက်လုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။

“အရည်အသွေးကောင်းဖို့ ခောတ်မီတဲ့ဆန်စက်တွေ တပ်ဆင်နေပါတယ်၊ လာမယ့်နှစ်မှာတော့ အရည်အသွေးကောင်းတဲ့ဆန် ထုတ်နိုင်မှာပါ၊ ဆန်ဈေးတွေလဲ ကောင်းလာနိုင်ပါတယ်”ဟု ဆန်စက်လုပ်ငန်းရှင်က ဆိုသည်။

မရိုးသားသောဆန်ကုန်သည် တချို့ကြောင့် လွန်ခဲ့သည့်နှစ်ကုန်ပိုင်းတွင် အာဖရိကနိုင်ငံမှ ၀ယ်ယူထားသော မြန်မာဆန်များ ပြန်ပို့ခံရ၍ မြန်မာဆန်များ အပေါ် စားသုံးသူနိုင်ငံများက ယုံကြည်မှုနည်းပါးသွားကြောင်းလည်း ရှင်းပြသည်။

မြန်မာ့ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ဝက်ထက် ယခုနှစ်ဝက်တွင် ၂ ဆခန့်ကျဆင်း နေခြင်းကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI) တာဝန်ရှိသူများသည် လွန်ခဲ့သည့်လက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့သွားရောက်၍ ဈေးကွက်ရှာခဲ့သော်လည်း မရရှိခဲ့ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာ့ဆန်အစား ဗီယက်နမ်နိုင်ငံမှ ဆန်ကိုသာ ၀ယ်ယူခဲ့ကြောင်း၊ ထိုသို့ဈေးကွက်မရရှိခြင်းမှာ မြန်မာ့ဆန်သည် ဗီယက်နမ်ဆန်ထက် အရည်အသွေး ညံ့သည့်အပြင် ဈေးနှုန်းလည်းမြင့်နေခြင်းကြောင့်ဖြစ်ကြောင်း ဆန်ကုန်သည် တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်အမျိုးအစားမှာ ၂၅ မတ် ဆန်ဖြစ်ပြီး တတန်လျှင် ယခင်လများက အမေရိကန် ဒေါ်လာ ၃၁၀၊ ၃၂၀ ဈေးရှိခဲ့ရာမှ ယခုလတွင် ၃၅၀ ဒေါ်လာ အထိ ဈေးတက်သွားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၊ ဆန်ကုန်သည်များ၊ အထူးပြုကုမ္ပဏီများကို စုပေါင်း၍ ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌ မှာ ဧဒင် စီးပွားရေးလုပ်ငန်းစုများ ပိုင်ရှင် ဦးချစ်ခိုင် ဖြစ်၍ ဒု-ဥက္ကဋ္ဌ လေးဦး ထားရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်