နိုင်ငံရေး အကျဉ်းသား ခြောက်ရာကျော် မိသားစု NLD ကူညီ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းချခံ နေရသော နိုင်ငံရေး အကျဉ်းသား ၆၄၀ (ခြောက်ရာ့ လေးဆယ်) ကျော်၏ မိသားစုဝင်များထံသို့ သွားရောက်တွေ့ဆုံ၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ကြောင်း သိရသည်။

NLD အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အပေါ် စာနာသည့်စိတ်၊ ဒုက္ခကို မျှဝေသည့် ခံစားချက်၊ ကူညီအားပေးလိုသည့် စိတ်စေတနာတို့ဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ ထံသို့ သွားရောက်တွေ့ဆုံနေခြင်းဖြစ်သည်ဟု NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး က ပြောကြားသည်။

“တချို့မိသားစုတွေဆို အင်မတန် စိတ်ထိခိုက်စရာကောင်းပါတယ်။ အဖေရော အမေရော နိုင်ငံရေးလုပ်တဲ့အတွက် အကျဉ်းကျ တယ်၊ တယောက်က ဟိုး ခန္တီးမှာ ကျတယ်၊ နောက်တယောက်က မော်လမြိုင်မှာကျတယ်။ အိမ်မှာက ကလေး နှစ်ယောက် သုံးယောက်ပဲ ကျန်ခဲ့တာတွေရှိတယ်။ ကလေးတွေ ဆိုတော့ သူတို့ဟာ သူတို့ရှာဖွေလည်း မစားတတ်တော့ အနီးအနား အိမ်နီး နားချင်းတွေက ရှာဖွေပြီးတော့ ကျွေးနေကြတာတွေရှိတယ်။ အဲဒါတွေ စိတ်ထိခိုက်ရတယ်၊ ခံစားရတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသား တွေအပေါ် စာနာတဲ့စိတ်နဲ့ လုပ်ပေးနေတာပါ”ဟု ဦးတင်ဦးက ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပြင် ဝေးလံသော နယ်ထောင်များတွင် ခွဲပို့ထားသော ကြောင့် မိသားစုဝင် အများစုမှာ ထောင်ဝင်စာတွေ့ရန်ပင် ခက်ခဲနေကြပြီး ဆင်းရဲဒုက္ခ ရောက်ကြရသည်ကို တွေ့မြင် ရသည့် အတွက် စိတ်ထိခိုက်မိကြောင်းလည်း ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ နိုင်ငံရေး အကျဉ်းသား တဦး၏ မိခင်ဖြစ်သူက“ဘဘဦးတင်ဦး တို့လို ခေါင်းဆောင်တွေက အခုလို လာတွေ့ပြီး အားပေးစကား ပြောတာ ကျမတို့ သိပ်ဝမ်းသာ ပီတိဖြစ်ရပါတယ်၊ အားလည်းတက်ပါတယ်၊ ဂုဏ်လည်း ယူပါတယ်၊ သားကို ထောင်ဝင်စာပို့ရင်လည်း ပြောပါမယ်၊ အဖွဲ့ချုပ်က ကူညီပေးတာကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

အကျဉ်းထောင်များတွင် အစားအသောက် အခက်အခဲအပြင် ကျန်းမာရေးအတွက် ဆေးဝါးကုသမှု မရရှိခြင်း၊ ဆေးဝါး မရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရသောကြောင့် အကျဉ်းသားအများစုမှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်လျက်ရှိကြောင်း
နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များက ပြောပြသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား လိုက်လံတွေ့ဆုံခြင်းအားဖြင့် စိတ်ဓာတ်ရေးရာအရ ဂုဏ်ပြုရာရောက် ကြောင်း၊ ပြည်သူလူထုထဲမှ အကျဉ်းကျ မိသားစုဝင်များကို လှူဒါန်းလိုသည့် စေတနာရှင်များလည်း ရှိသည့်အတွက် NLD ဗဟို လူမှု အထောက်အကူပြုအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ အထောက်အကူပြု အဖွဲ့အနေဖြင့် ယင်းသို့ ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

ကျန်နေသေးသော အကျဉ်းသားမိသားစုများကိုလည်း ကူညီထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အတွက် ဆေးဝါး ကူညီ ထောက်ပံ့ပေးနိုင်ရန်လည်း စီစဉ်နေကြောင်း၊ သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ NLD အဖွဲ့ဝင်များက ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။

NLD အနေနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ကူညီထောက်ပံ့ခြင်းကို ၁၉၉၀  ခုနှစ်ဝန်းကျင် ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၏ ပညာသင်စရိတ်ကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက် ရှိသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ကူညီထောက်ပံ့ပေးရာတွင် NLD အဖွဲ့ဝင်များသာ မကဘဲ တခြားအဖွဲ့အစည်း အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများကိုလည်း ကူညီပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ကူညီပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

စစ်အစိုးရက ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ခန့်ကို လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ မပါဝင်ခဲ့ပေ။

၂၀၀၉ ခုနှစ်အတွင်းကလည်း အကျဉ်းသားပေါင်း ၉၀၀၀ ကျော်ကို ၂ သုတ်ခွဲပြီး လွှတ်ပေးခဲ့ရာတွင် ပထမ အသုတ်၌ လွတ်ရက် စေ့ခါနီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာ မေဝင်းမြင့် စသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ ပါဝင်ခဲ့ပြီး ဒုတိယ အသုတ်တွင် ၃၁ ဦးသာ ပါဝင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ မှတ်တမ်း များအရ သိရသည်။

မြန်မာ နိုင်ငံတ၀န်း အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားပေါင်း၂၁၇၁ ဦးရှိနေသည်ဟု AAPP က ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်