နယ်ခြားစောင့်တပ် ဖွဲ့ရေး KIO အပြီးသတ် ငြင်းဆို

E-mail Print
ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) က နယ်ခြား စောင့်တပ် ဖွဲ့စည်းမည် မဟုတ်ဟု အပြီးသတ် ငြင်းဆို လိုက်သည်။

“အခုက အသွင်ကူးပြောင်းရေး ကာလ ရောက်နေပြီဆိုတော့ နောက်တက်မယ့် အစိုးရအဖွဲ့နဲ့ကျမှ ကျနော်တို့ရဲ့ရပ်တည်မှု အပေါ်ကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။

kia_burma_0921KIOအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် စစ်အစိုးရက ယနေ့ နောက်ဆုံး ရက်အဖြစ် သတ်မှတ် ပေးထားသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။

နယ်ခြားစောင့်တပ် မဖွဲ့သဖြင့် နအဖ အစိုးရ စစ်ရေးအရ တိုက်ခိုက်ခြင်းများ ပြုလုပ်လာမည်ဟု မမျှော်လင့်ကြောင်း KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါ က ဆိုသည်။

“ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ထောင်ရေး ဆိုတာက ကျနော်တို့ရဲ့ ပန်းတိုင်ပါ၊ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း လက်ရှိအနေအထားကို ထိန်းသိမ်းထားဖို့ ဆိုတာပဲ ရှိတာပါ၊ လက်နက်နဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထားကတော့ ကျနော်တို့ဆီမှာ မရှိပါဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း၌ အင်အားအကောင်းဆုံးဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ကလည်း နယ်ခြား စောင့် တပ်ဖွဲ့စည်းခြင်းသည် စစ်အစိုးရကို အလုပ်အကျွေးပြုခြင်းနှင့်တူသည်ဟု ဆိုကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆိုလိုက်ကြောင်း သိရှိရသည်။

“နယ်ခြားစောင့်တပ် မဖွဲ့စည်းလို့ ကျနော်တို့အသင်းကို တရားမဝင်အသင်း ကြောညာမယ်ဆိုလည်း ကြေညာပေါ့၊ ကျနော် တို့ က အဲဒီအပေါ်ကို အပြေးအလွှား ဖြေရှင်းတာမျိုးတွေ လုပ်မှာမဟုတ်ပါဘူး၊ သူတို့က လုပ်ချင်တာ လုပ်တယ်၊ ပြောချင် တာပြောတယ်”ဟု UWSA ဌာနချုပ်မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

နအဖ ဘက်မှ တိုက်ခိုက်မှုများ ပြုလုပ်လာပါကလည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပြန်လည်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်မည် မဟုတ်ကြောင်း၊ ထူးထူးခြားခြား စစ်ရေးပြင်ဆင်မှုများ လည်း မရှိကြောင်း UWSA အရာရှိက ပြောဆိုသည်။

“ကျနော်တို့ နယ်ထဲကို ရွေးကောက်ပွဲကိစ္စ လုပ်မယ့်သူတွေရဲ့လုံခြုံရေးကို အကြောင်းပြပြီး လာမယ့် စစ်တပ်တွေတော့ ရှိပါတယ်၊ အဲဒီ တပ်တွေကို အနီးကပ်စောင့်ကြည့်ဖို့တော့ ပြင်ဆင်ထားပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ-မိုင်းဆတ်မြို့နယ်နှင့် ထိုင်းမြန်မာ နယ်စပ်တလျှောက် အခြေချထားသော တောင်ပိုင်း “ဝ” တပ်ဖွဲ့များကို ၎င်းနေရာများမှ ရုပ်သိမ်းကာ ၎င်းတို့ ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းမြို့သို့ ပြောင်းရွှေ့ရန် စစ်အစိုးရဘက်မှ ပြီးခဲ့သည့် တနင်္လာနေ့တွင် ညွှန်ကြားထားသည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာနမှ ဖော်ပြခဲ့သည်။

NDAA (ခ) မိုင်းလားတပ်ဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ယနေ့အချိန်အထိ လက်မခံကြောင်း၊ လက်ရှိ အခြေအနေ အတိုင်းသာ နေသွားလိုသည့် ဆန္ဒရှိကြောင်း UWSA နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်သစ်ပါတီ(NMSP)ကမူ ၎င်းတို့၏ တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူ ညီလိမ့်မည်မဟုတ်ကြောင်း NMSP ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်က မွန်တော်လှန်ရေးနေ့တွင် ပြောဆိုခဲ့သည်ဟု နီးစပ်သူ တဦးထံမှ သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSA-N မှ တပ်မဟာ (၃) နှင့် (၇) တို့ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ လက်နက် ချခိုင်း ကြောင်း သိရှိရသည်။

ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်