နေပြည်တော်တွင် ကြံ့ဖွံ့နှင့် တစညသာ ယှဉ်ပြိုင်ဖွယ်ရှိ

E-mail Print
စစ်အစိုးရက ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ထားသည့် နေပြည်တော် ခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တစည) တို့သာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေပြည်တော် ခရိုင်အတွင်း လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၂၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်စာရင်း တင်ပြီးဖြစ်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက ပြော သည်။

နေပြည်တော် ခရိုင်အတွင်းတွင် ဇေယျာ သီရိ၊ ဇဗ္ဗူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဗ သီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း   ဟူ၍ ၈ မြို့နယ်သတ်မှတ်ထားရာ ကြံ့ဖွံ့ပါတီဝင် အင်အား တသောင်း ကျော် ရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇဗ္ဗူသီရိ မြို့နယ်၊ မကြာသေးခင်က စစ်တပ် ရာထူးမှ အနားယူလိုက်သော ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းက ဇေယျာသီရိ မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော် ခရိုင်တွင် ကြံ့ဖွံ့ပါတီ က စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် ဒေသခံပြည်သူများကို ပါတီဝင် အဖြစ် အဓမ္မ စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းခံရသူ တဦးက ပြောသည်။

တစည ပါတီအနေနှင့်မူ နေပြည်တော် ခရိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်း အရေ အတွက်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ အခက်အခဲများစွာရှိကြောင်းနှင့် အချိန်မရွေး အပြောင်းအလဲများလည်း ဖြစ်ပေါ်နိုင်ကြောင်း တစည တာဝန်ရှိသူ တဦး ကပြောဆိုသည်။

“ကျနော်တို့ အတိအကျ ပြောလို့မရသေးပါဘူး၊ အထက်လူကြီးတွေ ခွင့်ပြုချက်ရပြီးမှ ပြောလို့ရပါမယ်၊ အခက်အခဲတွေလည်း ရှိတယ်၊ အခုက အရင် မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)ခေတ်လို မဟုတ်ဘူးခင်ဗျ”ဟု တစည တာဝန်ရှိသူက ပြော သည်။

တခြားသော နိုင်ငံရေးပါတီ တခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)က နေပြည်တော် ခရိုင်တွင် အစိုးရ၀န်ထမ်း အများစု ဖြစ်နေသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရှိရသည်။

“ကျနော်တို့ မပြိုင်ပါဘူး၊ အဲဒီမှာ အစိုးရ ၀န်ထမ်းတွေချည်းပဲ၊ ပါတီရုံးတောင် ဖွင့်ဖို့ မလွယ်ဘူး ဆိုတော့ မျှော်လင့်ချက် မရှိနိုင် ပါဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ က ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီအနေဖြင့် နေပြည်တော် ခရိုင် ၌ ကိုယ်စားလှယ် လေးဦး ၀င်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ သို့ တင်ပြခဲ့သော်လည်း အဆင်မပြေခဲ့ဟု NDF ခေါင်းဆောင် တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

“ပျဉ်းမနား ၊ လယ်ဝေး အဲဒီဘက်တွေမှာ ကျနော်တို့လူ ၄ ဦးရှိလို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တင်ပြခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့် အဆင်မပြေခဲ့ဘူး”ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၏ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်း တွင် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော် ကို နိုင်ငံတော် သမ္မတ ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စု နယ်မြေ အဖြစ် သတ်မှတ်သည် ဟု ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ၊ တစည ပါတီက နိုင်ငံ တ၀န်း ကိုယ်စားလှယ်ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း People's Daily online တရုတ် သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍  သြဂုတ်လ ၃၀ ရက်နေ့ တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်