စီးပွားရေးသမား ၁၀ ဦးထက်မနည်း ကြံ့ဖွံ့ပါတီမှ ဝင်ပြိုင်မည်

E-mail Print
နာမည်ကြီး စီးပွားရေးသမား ၁၀ ဦးထက်မနည်း ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇေကမ္ဘာ ဦးခင်ရွှေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း၊ အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း၊ ယုဇန ဦးဌေးမြင့်၊ ဆန်ကုန်သည်ကြီး ဦးအောင်သန်းဦး၊ ဆန်စက်လုပ်ငန်းရှင် ဦးတင်ဝင်း အပါအ၀င် နာမည်ကြီး စီးပွားရေးသမားကြီး ၁၀ ဦးထက်မနည်း ကြံ့ဖွံ့ပါတီကိုယ်စားပြု  ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီက အဆိုပါ စီးပွားရေးသမားများကို ပါတီကိုယ်စားပြု အမတ်လောင်းများအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စီးပွားရေးသမား တော်တော်များများက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲဝင်ကြမယ်” ဟု အထက်ဖော်ပြပါ ကြံ့ဖွံ့ပါတီမှ တာဝန်ရှိသူက ပြောသည်။

ဇေကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ကြံ့ဖွံ့ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များ စုပေါင်းထားသော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) မှ ၀င်ရောက် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးခင်ရွှေသည် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေး အသင်းများတွင်လည်း နာယက၊ ဥက္ကဋ္ဌ ရာထူးများ ရယူထားသူဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများကို အဓိက လုပ်ကိုင်နေသူဖြစ်သည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် (တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ) မြို့နယ်များကို ကိုယ်စားပြု၍ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ဦးဝင်းမြင့်သည် ရွှေနဂါးမင်းကုမ္ပဏီကို ပိုင်ရှင်ဖြစ်ပြီး ဆန်စပါးနှင့် ပဲမျိုးစုံ တင်ပို့ရောင်းဝယ်ရေး အပါအ၀င် လယ်ယာထွက်ကုန် သီးနှံများ ပြည်ပတင်ပို့ ရောင်းချခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေပြီး ဇေယျာရွှေမြေ ဘောလုံးအသင်းပိုင်ရှင်လည်း ဖြစ်သည်။

ယုဇန ဦးဌေးမြင့်သည် တနင်္သာရီတိုင်း မြိတ်မြို့နယ်ကို အခြေပြုထားသည့် မဲဆန္ဒနယ်တွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဦးဌေးမြင့်သည် ယုဇနဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စားအုန်းဆီ ထုတ်လုပ်ရေးလုပ်ငန်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အပါအ၀င် စီးပွားရေးလုပ်ငန်း အများအပြားကို လုပ်ကိုင်နေသူဖြစ်သည်။

A.C.E ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းသည်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည်ဖြစ်ပြီး A.C.E ကုမ္ပဏီသည် နေပြည်တော် တည်ဆောက်ရေးလုပ်ငန်း အများအပြားကို ကန်ထရိုက် ရရှိခဲ့သော ကုမ္ပဏီ ဖြစ်သည်။ ဦးတင့်ဆန်းသည် နေပြည်တော် ယူနိုက်တက် ဘောလုံးအသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။

အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း၊ ပင်လယ်နဂါးကိုးကောင် ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဆန်ကုန်သည် ဦးအောင်သန်းဦး၊ ဆန်စက်လုပ်ငန်းရှင် ဦးတင်ဝင်း တို့ကလည်း ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် အစိုးရအာဏာပိုင်များ တာဝန်ချထားသည့် မဲဆန္ဒနယ်မြေများမှ ၀င်ရောက် အရွေးချယ်ခံသွားမည်ဟု သိရှိရသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုသော စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ကြံ့ဖွံ့ပါတီ ရန်ပုံငွေအတွက် အနည်းဆုံး ကျပ် သိန်း ၅၀၀ အလှူငွေ ထည့်ဝင်ရကြောင်း ကြံ့ဖွံ့ပါတီအသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းနိုင်ငံရေးသမားတဦးက ကြံ့ဖွံ့ပါတီသည် စီးပွားရေးလုပ်ငန်းရှင်များက လှူဒါန်းသောငွေများ၊ အစိုးရပိုင် ဘဏ္ဍာငွေများကို အသုံးပြုပြီး အတိုးမဲ့ငွေချေးခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ခြင်း အပါအ၀င် လူမှုရေးလုပ်ငန်းများကို ဗန်းပြလုပ်ဆောင်ကာ မဲဝယ်မှုများ ပြုလုပ်နေသော အထောက်အထားများ ခိုင်ခိုင်မာမာ ရရှိထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၂ ခု မှတ်ပုံတင်ခွင့် ရရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြသောပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ တင်သွင်းမှုအပေါ် မူတည်၍ ဧရာဝတီ၏ တွက်ချက်မှုအရ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှစ်ပါတီသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်