အစိုးရသြဇာခံ အရပ်ဘက် အဖွဲ့များ ဖွဲ့ရန် စီစဉ်နေ

E-mail Print
၂၀၁၀ ရွေးကောက်ပွဲလွန် ကာလတွင် အစိုးရက ချုပ်ကိုင်နိုင်မည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အစရှိသည့် အရပ်ဘက် အဖွဲ့အစည်း၊ သမဂ္ဂများ ဖွဲ့ရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်မည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့် တို့ ဦးဆောင်ပြီး အလုပ်သမား သမဂ္ဂ တခုဖွဲ့စည်းရန် စစ်အစိုးရ တာဝန်ရှိသူ တချို့က ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့် လာရောက်ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ရန်ကုန် ILO ရုံးမှ ၀န်ထမ်း တဦးကပြောသည်။

အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်သည့် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီကလည်း အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိနေသဖြင့် စစ်အစိုးရက လက်ဦးမှုရယူကာ ၎င်းတို့ချုပ်ကိုင်နိုင်သော အလုပ်သမား သမဂ္ဂဖွဲ့ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ILO ၀န်ထမ်းက ဆိုသည်။

ILO ၀န်ထမ်းက ဆက်လက်ပြီး ရှေ့နေ ကိုဖိုးဖြူ တို့ကလည်း အလုပ်သမား သမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့်ရရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် အစိုးရဘက်က လက်ဦးမှုရရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ILO အနေဖြင့် လုံးဝမရှိခြင်းထက်စာလျှင် အဖွဲ့အစည်း တခုရှိနေခြင်းက ကောင်းမွန်သည်ဟု ယူဆ၍ လက်ခံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရှေ့နေ ကိုဖိုးဖြူ သည် လယ်ယာမြေ အဓမ္မ အသိမ်းခံရ၍ ILO သို့ တိုင်ကြားသည့် မကွေးတိုင်း နတ်မောက်မြို့နှင့် အောင်လံမြို့မှ လယ်သမားများအမှုကို လိုက်ပါဆောင်ရွက်ပေးသည့်အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လအတွင်းက မကွေးမြို့တွင် အာဏာပိုင်များ က ဖမ်းဆီး၍ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ထို့နောက် ၃ နှစ် လျှော့ချလိုက်သောကြောင့် ထောင်ကျ ရက် တနှစ် နှင့် ပြီးခဲ့သည့် မတ်လအတွင်းက ပြန်လည် လွတ်မြောက်လာသည်။

အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်နှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်နေသည့်အတွက် ပြည်သူ့အကျိုး အမှန် တကယ် ဖော်ဆောင်မည့် အရပ်ဘက် လူ့ အဖွဲ့အစည်းများ ပေါ်ထွက်လာမည်ကို စိုးရိမ်သဖြင့် အစိုးရက ထိန်းချုပ်နိုင်မည့်သူများ ဦးဆောင်သည့် အသင်းအဖွဲ့များ၊ သမဂ္ဂများ အမြန်ပေါ်ထွက်လာစေရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုသည့် အခန်း ပုဒ်မ ၃၅၄/ဂ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူ တို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံး များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု ဖော်ပြပါရှိသည်။

လယ်သမား ကိုယ်စားပြု အဖွဲ့အစည်းအနေဖြင့်လည်း အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တည်ထောင်ထားသည့် ဆန်စပါး အထူးပြု ကုမ္ပဏီများက ဦးဆောင်ပြီး လယ်သမားသမဂ္ဂ သို့မဟုတ် အခြားနာမည်တခုဖြင့် ဖွဲ့စည်းသွားရန် ဆန်စပါး ကုမ္ပဏီများကို ညွှန်ကြားထားသည်ဟု ဧဒင် ဦးချစ်ခိုင် တည်ထောင်ထားသည့် Gold Delta ဆန်စပါး အထူးပြု ကုမ္ပဏီမှ အမှုဆောင် လူကြီးတဦးက ပြောသည်။

တက္ကသိုလ်ကျောင်းများတွင်လည်း စစ်အစိုးရကို လိုလားသည့် တက္ကသိုလ် ဆရာများဦးဆောင်ပြီး ကျောင်းသား အဖွဲ့အစည်းများ ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ တဦးက ပြောသည်။

“အမျိုးသားညီလာခံထောက်ခံကြိုဆိုပွဲတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံ ပွဲတွေမှာ စင်ပေါ် တက်ပြီး လူရှေ့သူရှေ့ ဟော ပြောခဲ့တဲ့ ဆရာတွေက ဦးဆောင်ပြီး ကျောင်းသားအဖွဲ့အစည်းတွေဖွဲ့ဖို့ လုပ်နေတာပါ။ အရင် ကထိကလောက်ပဲ ရှိတဲ့သူတွေက အဲဒီပွဲတွေမှာလည်း ပါပြီးရော ရာထူးတွေ ကျော်တက်ပြီး ပါချုပ်တွေ၊ ဒု ပါချုပ်တွေ ဖြစ်ကုန်တယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး သိပ္ပံ ဘာသာရပ်လေ့လာနေသူ သတင်းစာဆရာ တဦးက“အာဏာရှင်ဆိုတာကတော့ အင်အားကောင်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပေါ်လာမှာကို အရမ်း ကြောက်တယ်။ နိုင်ငံတနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာတာနဲ့အမျှ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အထိုက်အလျှောက် တွဲပါလာတာပဲ။ ဒါကြောင့် သူတို့က အဲဒါတွေ အဖြစ်ခံမှာမဟုတ်ဘူး”ဟု  ဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းကဲ့သို့သော နိုင်ငံရေးမဖက် လူမှုရေးသီးသန့်သာ လုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းမျိုး ရှိနေခြင်းကြောင့် ပြည်သူလူထုကို များစွာအထောက်အကူပြုနိုင်သည့်အပြင် အစိုးရ၏ အားနည်းချက်၊ လိုအပ်ချက်များနှင့် တာဝန်မဲ့ မှုတို့ကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်ဟုလည်း ၎င်းက ထောက်ပြသည်။

လူ့အခွင့်အရေး လှုပ်ရှားသူ၊ လယ်သမားများအရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသူ ပဲခူးမြို့မှ ရှေ့နေကြီး ဦးအေးမြင့်က လည်း“တန်ဖိုးရှိတဲ့၊ တိုင်းပြည်ကလေးစားတဲ့လူမျိုးရဲ့ စကားကိုတော့ လူထုက ယုံမယ် ၊ နအဖ အစိုးရကို ထောက်ခံတဲ့လူမျိုး အစိုးရနဲ့ပေါင်း ချမ်းသာလာတဲ့ လူမျိုးတွေရဲ့စကားကို လုံးဝတန်ဖိုးထားမှာ မဟုတ်ဘူး ၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့မယ် ၊ ကျောင်းသား သမဂ္ဂတွေ ပြန်ဖွဲ့ခွင့်ပေးမယ်ဆိုရင် အစောကြီးကတည်းက လုပ်ပါလား"ဟု ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်