ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်သူ ၂ ဦး အဖမ်းခံရ

E-mail Print
ရန်ကုန်တိုင်း အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်စာများ ဖြန့်ဝေသည့် လူငယ် ၂ ဦးကို အာဏာပိုင်များက ယနေ့နံနက်တွင် ထိန်းသိမ်း လိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံသား တယောက်အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသကဲ့သို့ မဲမပေးဘဲနေရန် အခွင့်အရေးလည်းရှိသည်” ဆိုသည့် စာသားများပါဝင်သော လှုံ့ဆော်စာများနှင့်အတူ ရွှေပြည်သာ ၁၃ ရပ်ကွက်နေ မောင်သိန်းဇော်နှင့် တောလေးကျေးရွာ လှော်ကားနေ မောင်ခိုင်ဇော် တို့ကို အရပ်ဝတ်နှင့် အာဏာပိုင်များက နေအိမ်များမှ ခေါ်ဆောင် သွားသည်ဟု ထိန်းသိမ်းခံရသူများ၏ မိတ်ဆွေများက ဆိုသည်။

“စာရွက်တွေနဲ့အတူ မိတာ။ ဒီမနက်ကပဲ လာဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။ သူတို့ မိဘတွေလည်း စိတ်ပူနေကြတယ်” ဟု မောင်သိန်းဇော်နှင့် မောင်ခိုင်ဇော်တို့၏ မိတ်ဆွေတဦးက ပြောသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းနှင့် လှော်ကားရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေဆိုသူများက မသိကြောင်းသာ ဖြေကြား၍ ဖုန်းချသွားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်၊ ဒဂုံ၊ ဒေါပုံ၊ ဒလ စသည့် မြို့နယ်များအပါအ၀င်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် တခြားသော တိုင်းနှင့်ပြည်နယ်များရှိ တက်ကြွလှုပ်ရှားသူ လူငယ်များက နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုံ့ဆော်စာများ၊ ပို့စ်ကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေခြင်း မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပဲခူးမြို့ နာရီစင်ပေါ်တွင် ရွေးကောက်ပွဲ၌ မဲမပေးဘဲနေရန် အခွင့်အရေးရှိကြောင်း စာသားများပါသည့် လှုံ့ဆော်စာ ပိုစတာကြီးကို ကပ်ထားခဲ့သည့်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ တွေ့ဆုံဆွေးနွေးမှုပြုရန် တိုက်တွန်းသည့် ရွှေဂုံတိုင်ကြေညာချက်ကို လက်ကိုင်ထား၍ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းလည်း မပြုသည့်အပြင်၊ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မဲပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း ပြီးခဲ့သည့်လ ရှေ့နေများနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းကလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း သုံးသပ်ဝေဖန်ကြသည်။ နိုင်ငံတကာ အသိုင်းအ၀န်းကမူ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် စစ်အစိုးရကို တိုက်တွန်းမှုများပြုလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်