ကြံ့ဖွံ့ပါတီစာစောင် တသိန်း အခမဲ့ဖြန့်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဝါဒဖြန့်ချိရေးအတွက် အပတ်စဉ် သတင်းလွှာကို စောင်ရေ တသိန်းပုံနှိပ်ပြီး အခမဲ့ ဖြန့်ဝေနေကြောင်း သိရသည်။

USDP Thadin Hlwar400“ကာလာအပြည့်နဲ့ စောင်ရေ တသိန်းထုတ်တယ်ဆိုတဲ့ ကုန်ကျစရိတ်က မလွယ်ဘူး။ မကုန်ဘူးဆို အနည်းဆုံး တပတ်ကို သိန်းလေးဆယ်နဲ့ ငါးဆယ်ကြားရှိတယ်” ဟု သတင်းအယ်ဒီတာတဦးက ခန့်မှန်းတွက်ချက် ပြသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီက “ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ် သတင်းလွှာ” အမည်ရှိ စာစောင်ကို ယခုလဆန်းပိုင်းမှစ၍ ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

ရောင်စုံ ပုံနှိပ်ထားသည့် စာမျက်နှာ ၈ မျက်နှာပါ ကြံ့ဖွံ့ အပတ်စဉ် သတင်းလွှာတွင် ပါတီ၏ ယုံကြည်ချက်၊  အခြေခံ သဘောတရား၊ မူဝါဒ၊ အလုပ်သမား၊ လယ်သမားများအတွက် ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ပါတီ၏ သန္နိဋ္ဌာန်၊ အစိုးရ သတင်းစာတွင် တွေ့ရသည့် ဝါဒဖြန့်ပုံစံ ဆောင်းပါးများ ဖော်ပြထားသည်ကို တွေ့ရသည်။

“ဒီစာစောင်ကို ဖတ်ရတာတော့ သတင်းစာတွေမှာပါတဲ့ ပေါ်လစီ (ဝါဒဖြန့်) ဆောင်းပါးတွေ ဖတ်ရသလိုပါပဲ။ နိုင်ငံကြီး ဘယ်လို သာယာဝပြောနေတယ်၊ တပ်မတော်အစိုးရက ဘာတွေလုပ်ပေးတယ်၊ ပြည်ပအားကိုးတွေကို မရွေးချယ်မိအောင် သတိရှိဖို့လိုတယ်၊ အဲဒါမျိုးတွေပဲ တွေ့ရတယ်” ဟု ကြံ့ဖွံ့ပါတီ စာစောင်ကို ဖတ်ရှုကြည့်သည့် အယ်ဒီတာ တဦးက ဆိုသည်။

ကြံ့ဖွံ့ပါတီ သတင်းလွှာကို နေပြည်တော်မှ တိုက်ရိုက်ဖြန့်ဝေခြင်း ဖြစ်ကြောင်း၊ အပတ်စဉ် ထုတ်ဝေလျက်ရှိပြီး စောင်ရေ တသိန်းမှ ထပ်မံတိုးမြှင့် ထုတ်ဝေသွားရန် အစီအစဉ်ရှိကြောင်း စမ်းချောင်းမြို့နယ်မှ ကြံ့ဖွံ့ပါတီ အမှုဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

နေပြည်တော်တွင် စောင်ရေသိန်းချီ ရိုက်နှိပ်နိုင်သည့် ပုဂ္ဂလိက ပုံနှိပ်စက် မရှိကြောင်း၊ ကြံ့ဖွံ့ပါတီသည် ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ပုံနှိပ်စက်များကို အသုံးပြု၍ ပါတီသတင်းလွှာကို ရိုက်နှိပ်ခြင်းဖြစ်ကြောင်း နေပြည်တော် ဒေသခံများထံမှ သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂ (က- ၅) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

တခြားသော နိုင်ငံရေးပါတီများက ပါတီစာစောင်များ ထုတ်ဝေခဲ့သော်လည်း စောင်ရေ ငါးရာမှ တထောင်ကြားသာ ပုံနှိပ်နိုင်ခဲ့သည်။ ထို့အပြင် အခမဲ့ ဖြန့်ဝေနိုင်ခြင်းမရှိဘဲ တစောင်လျှင် ငါးရာကျပ် စသည်ဖြင့် ရောင်းချခဲ့ကြသည်။

ကြံ့ဖွံ့ပါတီက စောင်ရေ တသိန်းရိုက်နှိပ်ပြီး အခမဲ့ ဖြန့်ချိနေချိန်တွင် နိုင်ငံရေးပါတီ အများစုမှာ ရန်ပုံငွေ အင်အား မတောင့်တင်းသဖြင့် ပါတီစာစောင်ကို တကြိမ်စီ ထုတ်ဝေပြီးနောက် ဆက်လက် ထုတ်ဝေနိုင်ခြင်း မရှိကြကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲကြိုကာလတွင် “ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ် သတင်းလွှာ” အပြင် လစဉ်ထုတ် သတင်းလွှာကိုလည်း ထပ်မံ ထုတ်ဝေမည်ဖြစ်ပြီး ရွေးကောက်ပွဲလွန်ကာလ၌လည်း ပါတီအာဘော် နေ့စဉ်ထုတ် သတင်းစာတစောင်ကို ထုတ်ဝေသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများ အနက် ညီညွတ်သော ဒီမိုကရေစီပါတီ (UDP) က The Union စာစောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ရွှေခမောက် စာစောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က တိုင်းရင်းသား သတင်းလွှာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကျားဖြူသတင်းလွှာ စာစောင်များ အသီးသီး ထုတ်ဝေကြသည်။

ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံရေး ပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်စာတမ်းများအတွက် စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ဗဟို အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များအား မဆန့်ကျင်ရန် စသည့် ကန့်သတ်ချက်များအပြင် ပါတီများသည် မှတ်ပုံတင်ကြေး ကျပ် တသိန်းနှင့် အာမခံကြေး ကျပ် ငါးသိန်းကိုလည်း သွင်းရမည်ဟု ပါရှိသည်။

အကယ်၍ နိုင်ငံရေးပါတီများက သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တဒေသဖြစ်စေ အားလုံးကို ဖြစ်စေ သိမ်းယူခံရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်