မဲရုံ များပြား၍ မဲလိမ်မှု ပိုဖြစ်နိုင်ဟု နိုင်ငံရေးပါတီများ ပြောဆို

E-mail Print
လာမည့် ရွေးကောက်ပွဲတွင် ၁၉၉၀ ရွေးကောက်ပွဲထက် မဲရုံများ ပိုမိုတိုးချဲ့ထားမည် ဖြစ်သဖြင့် မဲရေတွက်မှု အားလုံးကို စောင့်ကြည့်ရန် မဖြစ်နိုင် သောကြောင့် မဲလိမ်မှုများ ဖြစ်လာနိုင်သည်ဟု အတိုက်အခံ နိုင်ငံရေးပါတီများက ပြောဆိုလိုက်သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲရုံတရုံတွင် မဲဆန္ဒရှင် ငါးထောင် မဲပေးခဲ့သော်လည်း လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူဦးရေ တထောင်လျှင် မဲရုံတရုံစီ ဆောက်လုပ်မည်ဟု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများကို ပြောဆိုခဲ့ကြောင်း သိရသည်။

အတိုက်အခံ နိုင်ငံရေးပါတီ အများစုအနေဖြင့် နေရာအမြောက်အများသို့ မဲရုံစောင့်ကြည့်သူများစေလွှတ်ရန် အခက်အခဲ ရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်ဆောင်ဆွေက ပြောဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးကို ကျနော်ကိုယ်တိုင် တင်ပြခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အနေနဲ့ မဲရုံ ဒီလောက် အများကြီးဆီကို ကိုယ်စားလှယ်တွေ မလွှတ်နိုင်လို့ပါ”ဟု ၎င်းက ဆိုသည်။

“မဲဆန္ဒရှင် သုံးထောင်မှာ မဲရုံတရုံကျ ရှိလိမ့်မယ်လို့ ကျနော့်ကို ဦးသိန်းစိုးက အာမခံခဲ့ပေမယ့် အခုက တထောင်ကို တရုံ ဆိုတော့ မဲလိမ်လည်မှုတွေ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး”ဟု ဦးခင်မောင်ဆွေ က ဆက်ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများအရ မဲပေးခြင်းနှင့် မဲရေတွက်ခြင်းကို စောင့်ကြည့်ရန် နိုင်ငံရေးပါတီတခုစီက မဲရုံတရုံသို့ ကိုယ်စားလှယ်နှစ်ဦးကျ စေလွှတ်နိုင်သည်ဟု သိရသည်။ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတွေ့အကြုံ များစွာရှိသဖြင့် မဲပေးရာ၌ နိုင်ငံခြားမှ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်းများကို လေ့လာခွင့်ပြုမည်မဟုတ်ဟုလည်း
ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

စမ်းချောင်းမြို့နယ်တွင် မဲရုံပေါင်း ၆၀၊ မရမ်းကုန်းမြို့နယ်တွင် ၁၂၅ ရုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် မဲရုံ ၁၅၀ နှင့် သင်္ကန်းကျွန်း မြို့နယ်တွင် ၁၂၅ ရုံ စသည်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း တခုတည်းတွင်ပင် မြို့နယ်အားလုံးရှိ မဲရုံ ပေါင်းလျှင် မဲရုံပေါင်း ၆၀၀၀ ခန့်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

“ကျေးလက် ဒေသတွေမှာ သွားရေးလာရေးခက်ခဲတာကြောင့် တောင်ပေါ်မှာ မဲရုံတရုံနဲ့ တောင်အောက်မှာ တရုံတောင် ရှိနိုင်တယ် လို့ ကော်မရှင်ဥက္ကဌက ကျနော့်ကို ပြောခဲ့ဖူးပါတယ်”ဟု ဦးခင်မောင်ဆွေက ဆိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် မဲပေးရာ တွင် အဆင်ပြေချောမွေ့စေနိုင်သော်ငြား ဆန္ဒမဲရလဒ်၌မူ မရိုးသားမှုများ အလွယ်တကူဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းက ထောက်ပြ သည်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) ကိုယ်စား ၀င်ရောက်အရွေးခံမည့် ဒေါ်နေရီဗဆွေက ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း ပါတီကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနိုင်မည့် စေတနာ့ဝန်ထမ်းများကို ကြိုးစားရှာနေဆဲဟု ဆိုသည်။

“ကျမတို့အတွက် မဲရုံစောင့်ကြည့်ပေးမယ့် ပါတီကိုယ်စားလှယ် ၁၀၀ မက လိုပါတယ်။ ဒါပေမယ့် အခုအတိုင်းဆို လူငါးဆယ်တောင် ရဖို့ မသေချာပါဘူး”ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲကာလ၌ စေတနာ့ဝန်ထမ်းရှာရသည်မှာ ပို၍ လွယ်ကူကြောင်း ယခုအချိန်၌ ပါတီ တရားဝင် မှတ်ပုံတင်နိုင်ရေး အတွက် ပါတီဝင်စုဆောင်းရသည်ကိုပင် အကြိတ်အနယ် ဆောင်ရွက်ခဲ့ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နောက်ဆုံးရရှိသော အချက်အလက်များအရ အတိုက်အခံပါတီများသည် အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များရှိ အမတ်နေရာ ၁၁၆၃ နေရာအနက် ၃၀၀ အောက်သာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး စစ်အစိုးရ၏ လက်ဝေခံ နိုင်ငံရေး ပါတီ ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကမူ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ အချိန်နှင့် ဘဏ္ဍာငွေမလုံလောက်မှုအပြင် အဓိကအားဖြင့် ရွေးကောက်ပွဲကော်မရှင်က ချမှတ်သော စည်းကမ်း တင်းကျပ်မှုများကြောင့် ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေးပါတီများက ပြောသည်။

“ဒီအနေအထားကို ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲအပေါ် လူတွေစိတ်မ၀င်စားတာ သိပ်အံ့အားသင့်စရာတော့ မဟုတ်ဘူး” ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။

သို့ရာတွင် ယခုအချိန်အထိ မည်သည့်နိုင်ငံရေးပါတီကမျှ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ၎င်းတို့ ဆုံးဖြတ်ချက်အတွက် နောင်တရသည်ဟု ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပေ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိဟုဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့ကြသည်။ 

“မှန်ပါတယ်။ ကျမတို့အတွက် အသက်ရှုပေါက်မရှိလောက်အောင် တင်းကျပ်လွန်းလှပါတယ်။ ရှုပ်ထွေးလှတဲ့အဆင့်တွေနဲ့ ကြိုးနီ စနစ်တွေကိုလည်း ကျမတို့ ဖြတ်ကျော်နေရပါတယ်။ ဒါပေမယ့် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ရွေးကောက်ပွဲက ကျမတို့နိုင်ငံ အတွက် ကနဦးခြေလှမ်းပါပဲ”ဟု ဒေါ်နေရီဗဆွေ က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်