အရှင်ပညာစာရအမှု မနက်ဖြန်စီရင်ချက်ချမည်

E-mail Print
ပုဒ်မ ၇ ခုဖြင့် ဒေသခံရဲက အမှုစွဲတင်ထားသော စစ်တွေမြို့ရှိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို မနက်ဖြန်တွင် တရားရုံးက စီရင်ချက်ချရန် ရုံးချိန်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

rakhaing-sayartawထိုအမှုကို စောင့်ကြည့် နေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ကိုခိုင်ပြည်စိုးက “မနေ့က အထိ တောက်လျှောက် ရုံးထုတ် စစ်ဆေး လာပြီး မနက်ဖြန်မှာ စီရင်ချက် ချတော့မယ်လို့ ရုံးချိန်းပေး လိုက်ပါတယ်။ ကျနော်တို့ မြို့ခံတွေ ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ အစိုးရ တရားရုံးက ကိုင်တွယ်ခွင့် မရှိဘဲ သံဃာ့ အရေးကို သံဃာ့ အဖွဲ့အစည်း တွေကပဲ ဆောင်ရွက်ခွင့် ရှိတယ်လို့ မြင်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး စစ်တွေအမှတ် ၁ ရဲစခန်းတွင် လူဝတ်လဲပေးကာ ချုပ်နှောင်ခဲ့သည်။

ထို့နောက် စစ်တွေအမှတ် ၁ ရဲစခန်းမှူး ရဲအုပ်မြို့ဆွေက တရားလိုပြုလုပ်၍  ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွဲချက်တင်ကာ စစ်တွေ တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က တရားရုံးမှာ ရှေ့နေဒေါ်အေးနုစိန်က တရားခံကို အနားမပေးဘဲ နေ့စဉ်ရက်ဆက် ရုံးတင်စစ်ဆေးနေတာဟာ ဥပဒေနဲ့ လျော်ညီပါရဲ့လား၊ ဒီလို စစ်ဆေးနေတာဟာ ရခိုင်တပြည်နယ်လုံးမှာ ဒီအမှုတခုပဲ ရှိနေလို့လား၊ တရားပြိုင်ရှေ့နေ တဦးအနေနဲ့ အသေးစိတ် စုံစမ်းမေးမြန်းပိုင်ခွင့်မရှိဘူးလား၊ တရားပြိုင်ပြ သက်သေတွေကို လိုအပ်တာထက် ပိုမိုစစ်ဆေးတာဟာ ဥပဒေနဲ့ ညီရဲ့လား စတဲ့ အချက် ၄ ချက်ကို တရားရုံးကို မေးမြန်းခဲ့ပြီး ရုံးပြောင်း စစ်ဆေးပေးဖို့ တောင်းဆိုတာကို တရားသူကြီးမက ဒါဟာ ရုံးတော်ကို မထီမဲ့မြင်ပြုတာဆိုပြီး အချေအတင်ဖြစ်ခဲ့ရပါသေးတယ်” ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။

တရားပြိုင်ရှေ့နေ ဒေါ်အေးနုစိန် ခရီးထွက်ခိုက် လွှဲအပ်ခဲ့သော အမျိုးသမီးရှေ့နေ ၂ ဦးကိုလည်း စစ်တွေတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင် ရှေ့နေပါဝါများ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“ဆရာတော်ကို မာတုဂါမနဲ့ ဖောက်ပြားတယ်ဆိုပြီး စွပ်စွဲတယ်။ အခု သူတို့ စွပ်စွဲတဲ့ မာတုဂါမကိုယ်တိုင်က သူနဲ့ မကျူးလွန် ပါဘူးဆိုပြီး တရားရုံးမှာ ထွက်ဆိုထားတယ်။ တကယ်ဆို ဒီအမှုတွေဟာ သံဃာ့အဖွဲ့အစည်းကသာ ၀ိနည်းနဲ့ အညီ စစ်မေးပြီး လိုအပ်သလို ရွက်ဆောင်ခွင့်ရှိတာ။ အခုဟာကတော့ အစိုးရက သက်သက်မဲ့ ဆရာတော်ကို ထောင်ချဖို့ ကြံစည်နေတာပါ။ ဒါကြောင့် ဦးပဉ္ဇင်းတို့ စာသင်သားတွေက ဒီအမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမှာပါ” ဟု စစ်တွေမြို့မှ သံဃာတော်တပါးက မိန့်သည်။

ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက  သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း  ဒေသခံတဦးက ပြောသည်။

ယမန်နေ့ကလည်း မွန်သံဃာတပါးကို အင်းစိန်ထောင်အထူးတရားရုံး၌ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်