ကြံ့ဖွံ့ပါတီတွင်း သဘောထား ကွဲလွဲမှုများရှိနေ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အောက်ခြေ မြို့နယ်အဆင့် တာဝန်ရှိသူများ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့အသင်း) ကတည်းက တာဝန် ထမ်းဆောင်ခဲ့သော မြို့နယ်အဆင့် အမှုဆောင် အများစုမှာ ပါတီဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ချိန်တွင် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်မရဘဲ အရပ်ဝတ်လဲ ဗိုလ်ချုပ်ကြီး ဟောင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရလိုလားသည့် ပညာရှင်များက နေရာယူလာသည့်အတွက် မကျေနပ်မှုများ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

THOကြံ့ဖွံ့ပါတီ၏ တိုင်း၊ ခရိုင်နှင့် မြို့နယ် အမှုဆောင်ရာထူးများတွင် စစ်တပ်မှ အငြိမ်းစားပေးခံခဲ့ရသည့် အရာရှိများ ရောက်ရှိလာချိန် ကတည်းက မကျေနပ်မှုတချို့ စတင် ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်အဆင့် ကြံ့ဖွံ့ပါတီ အမှုဆောင်တဦးက ပြောသည်။

“သူတို့တွေက ရွေးကောက်ပွဲ ကော်မရှင်ကိုတင်တော့ လိပ်စာကို ပြိုင်မယ့်မြို့နယ်တွေရဲ့ လိပ်စာရေးထားပေမယ့် အဲဒီမြို့နယ်တွေ မှာ တကယ်နေတာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

အသင်းကို ပါတီ မပြောင်းလဲခင်ကတည်းက မြို့နယ်အမှုဆောင်အဖွဲ့ဝင် တာဝန်ယူခဲ့သူ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှ ကြံ့ဖွံ့ ပါတီ အလုပ်အမှုဆောင်တဦးကလည်း“မြို့နယ်အမှုဆောင်အဆင့် က တိုင်းဒေသကြီးလွှတ်တော် တခုတလေ လောက်ပဲ ၀င်ပြိုင် လို့ ရတော့တယ်၊ နေရာတော်တော်များများက ယူနီဖောင်း ချွတ်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေရယ်၊ ၀န်ကြီးတွေရယ်၊ လုပ်ငန်း ရှင်ကြီး တွေရယ်၊ ဆရာဝန်တွေ ပညာရှင် တွေရယ်နဲ့ ပြည့်နေတော့ အရင်အသင်းက ခရိုင်အဆင့် တိုင်းအဆင့် အမှုဆောင်တွေလောက်ပဲ ပါလို့ ရတော့တယ်”ဟု ပြောသည်။

ကျုံပျော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်ဆန်းဆင့်က ယူနီဖောင်းချွတ်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများ အဖြစ် တိုင်းနှင့်ခရိုင်တို့မှ ကြံ့ဖွံ့ကိုယ်စားလှယ်များ က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် မြို့ခံအမှုဆောင်များ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရကြောင်း သိရသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် ဒေါက်တာ တင်ထွန်းဦး နှင့် တက္ကသိုလ်မြတ်သူတို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယခင် ပုဇွန်တောင် မြို့နယ် ကြံ့ဖွံ့ အသင်း အမှုဆောင်များမှာ တိုင်းဒေသကြီးလွှတ်တော် တနေရာတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်ဟု ပုဇွန်တောင်မြို့နယ် ကြံ့ဖွံ့ ပါတီဝင် တဦး က ပြောပြသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဒေါက်တာတင်ထွန်းဦးအတွက် မဲဆွယ်စည်းရုံးသည့် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေရာတွင် ပါတီဝင်ထဲမှ လိုက်ပါကူညီမည့်သူ မရှိသဖြင့် ပါတီဝင်မဟုတ်သူ ၁၂ ဦးကို ပါတီ တံဆိပ်ပါ တီရှပ်များ ၀တ်ဆင်ပေးပြီး နေ့တွက် စားရိတ် ပေးကာ ဖြန့်ဝေခိုင်းခဲ့ရသည်ဟု ကြော်ငြာဖြန့်ဝေပေးခဲ့သူများနှင့် နီးစပ်သူတဦးကပြောသည်။

အမည်မဖော်လိုသူ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းတဦးကလည်း ပါတီစည်းရုံးရေး လုပ်ငန်းများအတွက် မြို့ခံ ပါတီဝင်များနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း ပြောဆိုသည်။

“အောက်ခြေကလူတွေသာ ဘာမှန်းညာမှန်းမသိဘဲ ခိုင်းတာလုပ် ကျွေးတာစားဖြစ်နေတာ၊ မြို့နယ်အမှုဆောင် အဆင့်လောက်က အရင်ကတည်းက နိုင်ငံရေး မျှော်မှန်းချက်တွေထားပြီး လုပ်နေကြတာ၊ တကယ်တမ်းပြိုင်မယ်ဆိုတော့ အထက်က အလျှိုလျှို ရောက်လာတော့ အချင်းချင်းပြန် ငြိကုန်ကြရော”ဟု ကြံ့ဖွံ့ အသင်းဝင် ဟောင်းတဦးက ပြောပြသည်။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးကလည်း“နဂိုကတည်းက အခွင့်အရေး သမားတွေလေ၊ အခုတော့ ရတဲ့ အခွင့်အရေးကို လုရင်း မသင့်မမြတ်ဖြစ်တာ မဆန်းပါဘူး၊ နောက်ပိုင်းမှာ ဒီထက်ကြီးတဲ့ ပြဿနာတွေလည်း ထပ်ကြားရလာနိုင်တာပဲ”ဟု ပြော သည်။

ကြံ့ဖွံ့ပါတီသည် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့က  ဧပြီလ ၂၉ ရက် နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့သည်။

ကြံ့ဖွံ့ပါတီတွင် ယခင်အသင်းဝင် အစိုးရ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သက်ကြီး ရွယ်အိုများကို ပါတီဝင်အဖြစ် လက်ခံခြင်းမရှိဘဲ စာရင်းပယ်ဖျက်လိုက်ပြီး လက်ရှိတွင် အသင်းဝင်အင်အား၏ သုံးပုံတစ်ပုံဖြစ်သော ပါတီဝင် ၈ သန်းကျော် ရှိသည်ဟု ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးတင်မောင်ဝင်းက စက်တင်ဘာလအတွင်း သတင်းထောက်များကို ပြောခဲ့ သည်။

ကြံ့ဖွံ့အသင်းကို ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖျက်သိမ်းပြီး အသင်းပိုင်ပစ္စည်းများကို ပါတီသို့ အပြီးအပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါ ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဘဲ လူမှုရေး လုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရအလိုကျ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်