NLD နိုင်ငံရေး ဆက်လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

E-mail Print
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရစီ အဖွဲ့ (NLD) ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ သတင်းသမားများနှင့် တွေ့ဆုံ၍ ယနေ့ နေ့လယ်ပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း၊ သတင်းသမားများ၏ မေးမြန်းချက်များ ကို  ဒေါ်အောင်ဆန်းစုကြည်က အချက်ကျကျ ပြန်လည်ဖြေဆိုသွားခဲ့ကြောင်း တက်ရောက်ခဲ့သည့် သတင်းသမား တဦးက ပြောသည်။

assk-press-conference-sinceNLD ပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ သတင်းသမားတဦး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပါတီဖျက် သိမ်းသည်ဖြစ်စေ မဖျက်သိမ်းသည်ဖြစ်စေ အရေးမကြီးကြောင်း၊ သို့သော် NLD ပါတီအနေဖြင့် နိုင်ငံရေးကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး လူမှုရေး အဖွဲ့အစည်းမဟုတ်ကြောင်း ဖြေဆိုသွားသည်။

ပြည်သူများ၏ ရင်ထဲတွင် NLD ရှိနေခြင်းသာ အရေးပါသည့် ကိစ္စ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

Third Force ဟု အမည်တွင်နေသည့် တတိယ အုပ်စုနှင့် ပတ်သက်၍မူ ဒီမိုကရေစီအရေး၊ နိုင်ငံအရေးအတွက် ပူးပေါင်းလုပ်ကိုင် နိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အများပါဝင်သည့် လူထုနိုင်ငံရေးကို ဆက် လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် တိုင်းရင်းသားအရေးကို  ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်သာ လိုလားပြီး စစ်ရေးနည်းဖြင့် ဖြေရှင်း ခြင်းကို မနှစ်သက်ကြောင်း၊၂၁ ရာစုနှင့် ကိုက်ညီသည့် ပင်လုံညီ လာခံတခုကို ခေါ်ယူရန် လိုလားကြောင်း ပြန်လည်ဖြေဆို ခဲ့သည်။

အလံသစ်နှင့် ပတ်သက်၍ ကြိုက်မကြိုက် မေးမြန်းရာ လွတ်လပ်ရေး ရခဲ့စဉ်က သဘော တူ အတည်ပြုခဲ့သည့် အလံကိုသာ အနှစ်သက်ဆုံး ဖြစ်ပြီး ဦးနေ၀င်း၏  မဆလ ပါတီ အုပ်စိုးစဉ်က အတည်ပြုခဲ့သည့် အလံကို မနှစ် သက်ကြောင်း၊ မကြာသေးမီကမှ စစ်အစိုးရ အတည်ပြုခဲ့သည့် အလံကိုမူ ပိုမို မနှစ်သက်ကြောင်း ဖြေဆိုသွားသည်ဟု အဆို ပါ သတင်းသမားကပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စကားပြောခွင့်ရလျှင် ပြောချင်ပါသလားဆိုသည့် မေးခွန်းကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေး စကားပြောခွင့်ရလျှင် ပြောချင်ပါကြောင်း၊ ပြောချင်သည့် စကားများကို ပြောပြရလျှင် ပိုကောင်းမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

NLDပါတီမှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရစီ အင်အားစု(NDF) ပါတီက အသုံးပြုခဲ့သည့် ခမောက် အမှတ် တံဆိပ်ကို ရွှေခမောက်ဟု တင်စားသုံးစွဲမှုနှင့် ပတ်သက်၍ “ကျမကတော့ NLDပါတီ အမှတ်တံဆိပ် ခမောက်ကို ရွှေခမောက် လို့ ဘယ်တော့မှ မသုံးပါဘူး၊ ၀ါးခမောက်လို့ပဲ ပြောပါတယ်”ဟု ဖြေဆိုသွားသည်။

NLD ပါတီသည်လည်း ခမောက်အမှတ်တံဆိပ်ဖြင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ထို့အတူ NLD ပါတီမှ ခွဲထွက် ခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် ပုဂ္ဂိုလ်များကလည်း NDF ပါတီအမည်ဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ခမောက်တံဆိပ်ကိုပင် အသုံးပြုခဲ့သည်။

မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသာမှုများကိုလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းကာ အစီရင်ခံစာတစောင် ထုတ်ပြန်သွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမလုံခြုံရေးနှင့် ပတ်သက်၍ အထူးတလည်ပြင်ဆင်ထားခြင်း မရှိပါကြောင်း၊ နိုင်ငံသားအားလုံး၏ လုံခြုံရေးကို အစိုးရ အဖွဲ့အစည်းက တာဝန်ယူရ သကဲ့သို့ သူမ၏ လုံခြုံရေးသည်လည်း အစိုးရအပေါ်တွင်သာ တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ နုပျိုနေရပါသနည်းဆိုသည့် မေးခွန်းကိုမူ အလုပ်၏ လိုအပ်ချက်ကြောင့် ယခုကဲ့သို့ နုပျိုနေရ ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီရလျှင် သက်ကြီးရွယ်အို အဘွားကြီး ပုံစံမျိုးသာ နေတော့မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွား ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီး အမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံခဲ့ရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယမန်နေ့က ပြည့်၍ ပြန်လည်လွတ်မြောက်လာ ခဲ့ သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်း ထားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်