ဝေါ်လေတွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်၊ ဒေသခံ ၄၀၀ ခန့် တိမ်းရှောင်

E-mail Print
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မတော် ( DKBA ) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၄၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရှိရသည်။

8._Refugee01ယမန်နေ့က DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့် စစ်အစိုးရ ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ လက်အောက်ခံ တပ်ရင်းများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ထိုင်းအာဏာပိုင်များနှင့် ကရင် ဒုက္ခ သည်များ အရေး ဆောင်ရွက်နေသူများက ပြောသည်။   

“ထွက်ပြေးလာတဲ့ လူစာရင်း အတိ အကျ မယူရသေးဘူး၊ သိရတာ ၇၉ အိမ်ထောင်စု၊ လူကတော့ ၄၀၁ ယောက်၊ အခု ထွက် ပြေးလာတဲ့လူတွေ ရှိသေးတယ်။ ဒါကြောင့် စာရင်းအတိ အကျတော့ စာရင်းမပေးနိုင်သေးဘူး”ဟု ကရင် ဒုက္ခသည်အရေး ဆောင်ရွက်နေသူ တဦးက ဧရာဝတီသို့ ပြောသည်။ 

ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)နှင့် ကျန်းမာရေးနှင့် ဆိုင်သော အဖွဲ့ အစည်း တချို့ ယနေ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက် ရှိလာသော ဒုက္ခသည်များ ကာကွယ်မှု ပိုမိုရရှိရေး အတွက် ထိုင်းအစိုးရ အာဏာပိုင်များထံ လူ့အခွင့် အရေးလှုပ်ရှားနေသော အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဘန်ကောက်မြို့တွင် ယနေ့ တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် ဆေးခန်း မှ ဒေါက်တာ စင်သီ ယာမောင်က ပြောသည်။

စစ်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ပြည်တွင်း၌ လုံခြုံ စိတ်ချမှု မရှိဘဲ ပြန်မပို့ရန် တင်ပြ ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းအစိုးရ အနေနဲ့ ဒီတပတ် အတွင်းမှာ ပြည်ထဲရေးတို့၊ ၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံတဲ့အခါ ဒီကိစ္စကို ဆွေးနွေးနိုင်ဖို့ ကြိုးစား သွားမှာ”ဟု ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲ တွင်လည်း စစ်အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူများရှိကြောင်း ကြားသိရသည်ဟု ဒေသခံများက ပြောပြသည်။

“ကျိုက်ဒုံမြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းကို ၀င်ပစ်သွားတယ်၊ အခု သတင်း အမျိုးမျိုး ထွက်နေတယ်၊ ရဲက ထိခိုက်ဒဏ်ရာ ရတယ် လို့ လည်း ပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။ 8._Refugee02

ယင်းမြို့နယ်ကို ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် DKBA တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအများက ပြောဆိုနေကြသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

သို့သော် ယနေ့ ထုတ် စစ်အစိုးရ သတင်းစာတွင် KNU အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ တချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

KNU ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ဒုံမြို့နယ်ခွဲရှိ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကာ ဆေး ကုသလျက်ရှိကြောင်း ၎င်း သတင်းစာက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

နောက်ဆုံး သတင်းများအရ ဘုရားသုံးဆူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများ မရှိသော်လည်း စစ်အစိုးရက ခြေမြန် တပ်ရင်း( ခမရ) ၄၀၅ နှင့် ၄၁၀ တို့ကို တပ်အင်အား တိုးချဲ့ထားကြောင်း နယ်စပ်အရေး လေ့လာသူများက ပြော သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်