လွှတ်တော်အတွက် မွန် ပါတီ ပြင်ဆင်

E-mail Print
မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)သည် မကြာမီပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌ ဆွေးနွေးသွားမည့် ကိစ္စများအတွက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက် နှင့်၂၈ ရက်များတွင် ပြုလုပ်သွားမည်ဟု ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။

ယခု ပြုလုပ်မည့်အစည်းအဝေးသည် ရွေးကောက်ပွဲ၌ အနိုင်ရထားသော ကိုယ်စားလှယ်သီးသန့် အစည်းအဝေးဖြစ်ကြောင်း၊ အဓိက ဆွေးနွေးကြမည့် အကြောင်းအရာသည် လွှတ်တော်ထဲ၌ မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို အပြည့်အ၀ ပြောဆို
နိုင်ရေး၊ လွှတ်တော်တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် သတ္တိရှိရှိ ပြောရဲဆိုရဲရန် ကြိုတင် ပြင်ဆင်ထားမည့်
အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ပါတီရဲ့ မူဝါဒတချို့က ဖွဲ့စည်းပုံထဲမှာ မပါဘူးလေ၊ အဓိက ပြည်ထောင်စု စစ်စစ်ဆိုတာမျိုးကို တင်ပြဆွေးနွေးမယ်၊ ကြံ့ဖွံ့ပါတီနဲ့ အတိုက်အခံ ဖြစ်ရင်ဖြစ်မယ်၊ ဖွဲ့စည်းပုံထဲက ပြင်စရာတွေ ပြင်နိုင်တဲ့အထိ ကြိုးစားသွားမယ်”ဟု ဦးနိုင်ငွေသိန်း က ဆိုသည်။

၎င်းတို့ပါတီမှ အနိုင်ရကိုယ်စားလှယ်များအား၂၀၀၈ ဖွဲ့စည်းပုံစာအုပ်ကို မြို့နယ်အလိုက် အခန်းခွဲ၍ ဖတ်ခိုင်းထားပြီး လိုအပ် ချက်များ၊ ပြင်ဆင်ရမည့် အချက်များကို၂၇ ရက် အစည်းအဝေး၌ ဆွေးနွေးကြမည် ဟုလည်း ၎င်းက ဆိုသည်။

AMDPပါတီ၏ ပထမအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၁၇၊ ၁၈ ရက် တို့တွင်ပြုလုပ်ခဲ့ပြီး ပါတီကိုယ်စားလှယ်များ၊ ပါတီ ၀င်များ ၆၀ ၀န်းကျင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် လွှတ်တော်သုံးရပ်စလုံး၌ အမတ်နေရာ အများစုကိုရထား၍ ဖွဲ့စည်းပုံပြန်လည် ပြင်ဆင်ရေး ခက်ခဲမည် ဖြစ် သော်လည်း လွှတ်တော်ထဲ၌ ကြံ့ဖွံ့ပါတီ၏ လွှမ်းမိုးမှု မခံရရန် တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများ က စည်းလုံး ညီညွတ်ရန် လိုမည်ဟု ဦးနိုင်ငွေသိန်း က ပြောသည်။

AMDP ပါတီသည် လွှတ်တော်သုံးရပ်၌ ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရထားသော ကြံ့ဖွံ့ပါတီသည် ယခုရက်အတွင်း တခါးပိတ်အစည်းအဝေးပြုလုပ်၍ လာမည့် အစိုးရအဖွဲ့တွင် သမ္မတ၊ ပြည်နယ်၊ တိုင်းဝန်ကြီး ချုပ်ရာထူးများ၊ အစိုးရအဖွဲ့ ၀န်ကြီးများ စသည့်အဓိက နေရာများ အတွက် ၎င်းတို့ ပါတီ၏ ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုသည်။

“အရေးကြီးတဲ့ရာထူး အားလုံးကို ကြံ့ဖွံ့နဲ့စစ်တပ်က ယူမှာပါ၊ ယူရင်လည်း ခဏပါ၊ အရည်အချင်းမပြည့်ရင် ရေရှည်မခံနိုင်ပါဘူး” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

အနိုင်ရ ပါတီတချို့သည် လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်မှုရှိပြီး ပါတီတချို့က မရှိသေးကြောင်း သိရသည်။

ချင်း တိုးတက်ရေး ပါတီအနေဖြင့် မကြာမီပေါ်လာမည့် လွှတ်တော်၌ မည်ကဲ့သို့ ပြောဆိုဆွေးနွေးသွားမည်ကို မသိသေး ကြောင်း၊ အခြေအနေပေါ် မူတည်၍သာ ပြောဆိုဆွေးနွေးသွားရန် ရှိကြောင်း ပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီ ကို ပြောသည်။

တိုင်းရင်းသားပါတီများအနက် အကြီးဆုံးပါတီ တခုဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP )ခေါ် ကျားဖြူ ပါတီသည် လွှတ်တော်ထဲ၌ လိုက်လျောညီထွေ ဆွေးနွေးသွားမည်ဖြစ်ပြီး ယခုအခါ ပါတီရပ်တည်ရေးအတွက် စီးပွားရေး ကုမ္ပဏီကြီး တခုကို ကျားဖြူ အမည်ဖြင့်တည်ထောင်ရန် ပြင်ဆင်နေကြောင်း ပါတီ၏ တာဝန်ရှိသူက ဆိုသည်။

SNDP ပါတီသည် ကိုယ်စားလှယ် ၁၅၆ ဦးပြိုင်ခဲ့ရာ ၅၇ ဦးအနိုင်ရခဲ့သည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)သည် ရခိုင်ပြည်နယ်၌ ရာခိုင်နှုန်းအများဆုံး အနိုင်ရခဲ့ပြီး ပါတီရေရှည် ရပ် တည်ရေး အတွက် သီရိဝစ္စ အမည်ရ စီးပွားရေး ကုမ္ပဏီ တခုကို ၂၀၁၁ ဇန်န၀ါရီလတွင် တည်ထောင်သွားမည် ဖြစ်ပြီး လွှတ်
တော်၌ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီ အရေးကိုဆွေးနွေးသွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုသည်။

RNDP ပါတီသည် လွှတ်တော်သုံးရပ်၌ ကိုယ်စားလှယ် ၄၄ ဦး အနက် ၃၅ ဦးအနိုင် ရရှိထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်