စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် တင်သွင်းမည်

E-mail Print
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် တချို့သည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုအား ရုပ်သိမ်းပေးရေး အဆိုပြုလွှာ တစောင်ကို တင်သွင်းသွားမည်ဟု သိရသည်။

ဦးသိန်းညွန့်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်မှ အနိုင်ရထားသော NDF တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စမ်းစမ်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့  ပူးပေါင်း၍ အဆိုပြု တင်သွင်းသွားမည်ဟု ၎င်းက ဆိုသည်။

thein_nyunt400“အဆိုပြုလွှာကို ရေးဆွဲနေပါပြီ။ ဒီ စီးပွားရေး ပိတ်ဆို့မှုက စစ်ဗိုလ်ချုပ်ကြီးတွေထက် ပြည်သူတွေကိုပဲ ထိတဲ့အတွက် တင်ပြ တောင်းဆိုသွားမှာပါ။ ထိရောက်မှု မရှိလည်းဘဲ ဖြစ်နိုင်တဲ့အထိ တောင်းဆိုရမှာပေါ့” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ စက်ရုံအလုပ်ရုံများ မရှိ၍ ပြည်သူများ အလုပ်လက်မဲ့ဖြစ်နေကြပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ဦးသိန်းညွန့်သည် NDF ပါတီ၏ ဒုတိယခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်။ ၎င်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ လွှတ်တော် အမတ် တဦးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ဦးသိန်းညွန့်အပါအဝင် NLD အဖွဲ့ဝင်တချို့သည် NLD ပါတီမှ ခွဲထွက်၍ NDF ပါတီကို တည်ထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) ၏ ဥက္ကဋ္ဌ ဦးသိန်းဦးက “စီးပွားရေးပိတ်ဆို့မှုက စစ်အာဏာရှင်တွေကိုပဲ အဓိက ထိတာပါ။ စစ်လက်နက် ၀ယ်မရတာတွေ၊ နိုင်ငံတကာကို ခရီးသွားလာခွင့်မရတာတွေ၊ နိုင်ငံခြားဘဏ်တွေနဲ့ ငွေကြေးကိစ္စ ဆောင်ရွက်မှုတွေက ထိရောက်မှုရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းသည် စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ တင်းကျပ်သော မူဝါဒ၊ ဥပဒေများနှင့် စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့်သာဖြစ်ကြောင်း ဦးသိန်းဦးကဆိုသည်။

စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေး နေသည်ဟု ဦးသိန်းညွန့်က ပြောဆိုနေသော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်နေကြောင်း ပြောဆိုသည်ကို အစိုးရ မီဒီယာများက ဆက်တိုက် ဖော်ပြနေသည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် မြန်မာ့နိုင်ငံရေး ပြောင်းလဲ တိုးတက်လာမှုအပေါ်၌ မူတည်မည်ဖြစ်ပြီး ပေါ်ပေါက်လာမည့် လွှတ်တော်သည် စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက်ဖြစ်၍ ၎င်းတို့၏ ပြောဆိုမှုအား ကမ္ဘာက စိတ်ဝင်စားမှု နည်းမည်ဟု ဦးသိန်းဦးကဆိုသည်။

လွှတ်တော်သည် မဲပေးနိုင်သူ ၇၀ ရာခိုင်နှုန်းအား ကိုယ်စားပြုထားသည့်အတွက် ၎င်းကို အလေးမထားပါက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်နေသည့် အနောက်နိုင်ငံများ၏ ဒီမိုကရေစီကို ပြန်လည်သုံးသပ်ရမည်ဟု ဦးသိန်းညွန့်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်