နာဂ တောင်တန်း ဒေသ တိုးတက်ရေး ပူးပေါင်းမည်

E-mail Print
အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ် အစိုးရအဖွဲ့က မြန်မာနိုင်ငံ နာဂတောင်တန်းဒေသ တိုးတက်ရေးအတွက် နယ်စပ် ကုန်သွယ် ရေး တိုးမြှင့်ပြီး စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

nagaland400မြန်မာနိုင်ငံနှင့် ထိစပ်နေသော နာဂလန်းပြည်နယ် ခရီးသွားလာရေး ၀န်ကြီးဌာန အတွင်းရေးမှူး ရီတာချူး(Mr. Yitachu) ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့ နှင့် စီးပွားရေး လုပ်ငန်းရှင်များ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၄ ရက် မှ ၂၉ ရက် အထိ သွား ရောက်ခဲ့သော ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် ထိုသို့ပြောခြင်းဖြစ်သည်။

“အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးက အကန့်အသတ်နဲ့ပဲ ရှိခဲ့ပေမယ့် အခုလိုကုန်သွယ်ရေးလမ်းပွင့်လာမှုက မြန်မာနဲ့ အိန္ဒိယမှာ နေကြတဲ့ နာဂအမျိုးသားတွေ ပူးပေါင်းဆက်သွယ်ဖို့ အထောက်အကူဖြစ်စေတယ်”ဟု ရီတာချူး က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

နာဂလန်းပြည်နယ် သတင်းအချက်အလက်နှင့် လူမှုဆက်ဆံရေးဌာနမှ အထွေထွေအတွင်းရေးမှူး အမ်ကေ မီရို (Mr. M.K Mero)၊ နာဂလန်းပြည်နယ် သတ္တုတူးဖော်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ကီပီလီ ဆန်ဂ်တမ်(Kipili Sangtam)၊ ဈေးကွက်နှင့် စီးပွားရေး ဖက်ဒရေးရှင်း ဥက္ကဋ္ဌ Cheno Loching John Konyak နှင့် စီးပွားရေးလုပ်ငန်းရှင်၂ ဦး မြန်မာပြည် ခရီးစဉ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်ကို မြန်မာနိုင်ငံ နာဂတောင်တန်းဒေသ တိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လုပ်ကိုင်လိုသော ပြည်တွင်း မှ ရွှေနောင်ယန်း အမည်ရှိ ကုမ္ပဏီ ၏ ဖိတ်ကြားချက် အရ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ရီတာချူး က ဆိုသည်။

ရွှေနောင်ယန်း ကုမ္ပဏီမှာ ၂၀၁၀ ပြည့် နိုဝင်ဘာ ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၁၂ မှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ် နာဂတိုင်းရင်းသား ဦးမြတ်ကို ဦးဆောင်ကာ တခြား ကြံ့ဖွံ့ပါတီဝင် နှစ်ဦးတို့ ဖွဲ့စည်းခဲ့သော ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်ခွင့် ရရှိသည်မှာ မကြာသေးပေ။

“ရွှေနောင်ယန်း ကုမ္ပဏီကို မှတ်ပုံတင်ချပေးလိုက်တာကို ကြိုဆိုပါတယ်။ အခုလို ဖိတ်ခေါ်တာ၊ နာဂအမျိုးသား တိုးတက်ရေး အတွက် ဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်”ဟု ရီတာချူးက ပြောဆိုသည်။

ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရအဖွဲ့ဝင် နာဂတိုင်းရင်းသား လွှတ်တော်အမတ်များနှင့် တွေ့ဆုံမှုအပြင် ရန်ကုန်နှင့် မန္တလေးရှိ နာဂတိုင်းရင်းသား လူငယ်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ခရစ်ယာန် သာသနာပြုဆရာများ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အမ်ကေ မီရို က ဆိုသည်။

မြန်မာနိုင်ငံ နာဂတောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရန် အဆိုပါ ရွှေနောင်ယန်း ကုန်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း၍ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်မှုအတွက် အိန္ဒိယ ဗဟိုအစိုးရအကူအညီရရန် နာဂလန်းပြည်နယ်အစိုးရမှ ချဉ်းကပ်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက သတင်းထောက် များကို ပြောဆိုသည်။

ထို့အတူ ရွှေနောင်ယန်း ကုမ္ပဏီကလည်း နာဂတောင်တန်းဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် မြန်မာ အစိုးရထံသို့ အဆိုပြုလွှာ တင်သွင်းထားသည်ဟု ဆိုသည်။

နာဂတောင်တန်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကုန်သွယ်ရေး အကောင်အထည်ဖော်မှုမှာ အချိန်များစွာ ကြန့်ကြာဦးမည်ဟု အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးစောဆ က ပြောသည်။

ထို့အတူ ယခုကဲ့သို့ ကုန်သွယ်ကိစ္စများအတွက် ဆွေးနွေးမှုများသည် မြန်မာနိုင်ငံရှိ နာဂတိုင်းရင်းသားများ တိုးတက်ရေး အတွက် ဦးတည်၍ လုပ်ဆောင်မှုဖြစ်ပါက ၀မ်းမြောက်ရမည် ဖြစ်သော်လည်း စစ်အစိုးရ ကြံ့ဖွံ့ပါတီဝင်များက ဦးဆောင်နေသည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရ ကောင်းစားရေးအတွက်သာ ဖြစ်ဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“သူတို့က ဘာတွေလုပ်မယ်ဆိုတာ သေချာမသိရဘူး။ ကုန်သွယ်ရေးသာ ပြောပေမယ့် ချင်းတွင်း မြစ်ဖျားဘက်မှာ ရွှေတွေတူးဖို့ ဆိုတာမျိုးတွေလည်း ပါလာနိုင်တယ်။ နာဂဒေသ တိုးတက်ရေးအတွက် တကယ်လုပ်တယ်ဆိုရင်တော့ ဘယ်သူ လုပ် လုပ် ၀မ်းသာရမှာပါ။

ဒါပေမယ့် အခုက စစ်အစိုးရနဲ့ ဆက်နွယ်နေတော့ တကယ်လုပ်မှာ မလုပ်မှာကတော့ စောင့်ကြည့်ရဦး မယ်”ဟု ဦးစောဆ က ပြောဆိုသည်။

နာဂ တိုင်းရင်းသားများနေထိုင်ရာ တောင်တန်း ဒေသများသည် ဒုတိယ ကမ္ဘာစစ်အပြီး ကိုလိုနီ အုပ်ချုပ်ရေးစနစ်မှ လွတ်လပ် ရေးရခဲ့ပြီးနောက် နိုင်ငံနယ်နိမိတ်များ သတ်မှတ်ရာတွင် မြန်မာနိုင်ငံပိုင် နှင့် အိန္ဒိယနိုင်ငံပိုင် ဟူ၍ ပိုင်းခြားသွားခဲ့သည်။

အိန္ဒိယ နိုင်ငံဘက်ရှိ နာဂတိုင်းရင်းသားများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့တွင် တိုးတက်ဖွံ့ဖြိုးမှုများ ရရှိနေသော်လည်း မြန်မာနိုင်ငံဘက်ရှိ ကျေးရွာ ၂၅၀ ကျော်တွင် နေထိုင်သည့် နာဂတိုင်းရင်းသား ၆ သိန်းကျော်တို့မှာ အခြေခံ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည်ဟု အိန္ဒိယ နာဂလန်းပြည်နယ်ဝန်ကြီး Mr. Neiphiu Rio က ပြောဆိုခဲ့ဖူးသည်။

၎င်းက ထိုသို့ နာဂညီနောင် မိတ်ဆွေများကြုံတွေ့နေရသော ပြဿနာ ရပ်များကို ကူညီဖြေရှင်းပေးရန် အိန္ဒိယ ဗဟို အစိုးရနှင့် မြန်မာ အစိုးရသို့ တောင်းဆို ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်