အစိုးရသစ် သမ္မတရွေးပွဲအပြီး သတင်းဓာတ်ပုံဆရာကို ထောင်ချ

E-mail Print
သတင်း ဓာတ်ပုံဆရာ ဦးမောင်မောင်ဇေယျကို သောကြာနေ့က ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်သဖြင့် ၎င်းသည် အစိုးရသစ်အတွက် ခေါ်ယူသည့် လွှတ်တော် သမ္မတ ရွေးချယ်ပွဲများအပြီး ထောင်ချ ခံရသော ပထမဆုံး နိုင်ငံရေး အကျဉ်းသား ဖြစ်သည်။

X2O-pavilion-01“လွှတ်တော် အစည်းအဝေး ပွဲတွေရဲ့ ပထမအဆင့်တွေ ပြီးသွားချိန်မှာ ပထမဆုံး ထောင်ချခံရတဲ့ နိုင်ငံရေး အကျဉ်းသားပါ။ အစိုးရသစ် ပေါ်လာပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ အတွက်တော့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေ နည်းပါး ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကိုတိတ်နိုင် က ပြောသည်။

ဦးမောင်မောင်ဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) ကို ၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ရှိ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် စုစုပေါင်း ၁၃ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ အမှုအား ကူညီ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသိန်းညွန့်က ဧရာဝတီ ကို ပြောသည်။

၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက်နေ့က X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုအပြီး ဓာတ်ပုံရိုက်နေသော ဦးမောင်မောင်ဇေယျ၏ သားဖြစ်သူ ကိုစည်သူဇေယျ သည်လည်း အင်းစိန်ထောင်၌ ထောင်ဒဏ် ၈ နှစ် ကျခံနေရသည်။

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုအပြီး ဓာတ်ပုံရိုက်နေသော ကိုစည်သူဇေယျကို အာဏာပိုင်တို့က ဖမ်းဆီးခဲ့ပြီးနောက် မသင်္ကာသဖြင့် ၎င်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးမောင်မောင်ဇေယျ၏ ကွန်ပျူတာထဲမှ တွေ့ရှိသော အချက်အလက် များဖြင့် တရားစွဲဆိုခဲ့ကြောင်း ဦးသိန်းညွန့်က ရှင်းပြသည်။

X2O မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာရကြောင်း စစ်အစိုးရက သတင်း ထုတ်ပြန်ထားသည်။

ဦးမောင်မောင်ဇေယျ၏ ကွန်ပျူတာထဲတွင် ပြည်ပနှင့် ဆက်သွယ်ထားသော စာရွက် ၃၀၀၀ ကျော်ကို ရှာဖွေပုံစံ ဖြင့်သိမ်းဆည်းခဲ့ကြောင်း၊ ထိုအထဲတွင် NLD ရုံးရှေ့ အခမ်းအနား သတင်းဓာတ်ပုံများ၊ ရခိုင်သင်္ကြန်မဏ္ဍပ် သတင်း ဓာတ်ပုံများနှင့် အဆိုပါပုံများအတွင် ပြည်ပအခြေစိုက် မိုးမခ မီဒီယာသို့ ပေးပို့ထားသော ဓာတ်ပုံ တချို့ ပါဝင်နေကြောင်း ဦးသိန်းညွန့်က ဆက်ပြောသည်။

ဦးမောင်မောင်ဇေယျအား မတရားအသင်းများနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၃ နှစ်၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ အရ ၅ နှစ်၊ အီလက်ထရွန်နစ် အက်ဥပဒေပုဒ်မ အရ ၅ နှစ် စသည်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်ဟု ၎င်း၏ရှေ့နေကဆိုသည်။

“အဓိကက အဲဒီဓာတ်ပုံမှတ်တမ်း ၂ ခုကို ပေါင်းပြီး အီလက်ထရွန်နစ် ဥပဒေ နဲ့စွဲတာပါ။ ကျန်တာတွေက ဘာ အထောက်အထားမှ မရှိဘူး” ဟု ၎င်းက ပြောသည်။

အီလက်ထရွန်နစ် ဥပဒေသည် ပြစ်ဒဏ်ပေး အရေးယူနိုင်မှု မရှိသော ဥပဒေသာ ဖြစ်သည်ဟု ဦးသိန်းညွန့်က ဆိုသည်။

အသက် ၅၈ နှစ်အရွယ်ရှိ ဦးမောင်မောင်ဇေယျနှင့် ထောင်ဒဏ် ၈ နှစ်ကျခံနေရသော ၎င်း၏ သားဖြစ်သူ အသက် ၂၁ နှစ်အရွယ်ရှိ ကိုစည်သူဇေယျတို့ နှစ်ဦးစလုံးသည် အင်းစိန်ထောင်၌ အကျဉ်းကျ ခံနေရပြီး သားဖြစ်သူတွင် အီလက်ထရွန်နစ် ပုဒ်မအတွက် အမှု တခု ကျန်ရှိသေးကြောင်း ကိုစည်သူဇေယျ၏ မိခင် ဒေါ်ရီရီတင် က ဧရာဝတီ ကို ပြောသည်။ကိုစည်သူဇေယျအား ထောင်အာဏာပိုင်များက စစ်ခွေးတိုက်သို့ပို့၍ ဦးခေါင်း ထိခိုက်သည်အထိ ထောင်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဦးစိုးဝင်း ဆိုသူတို့က ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရသည်။

“နှစ်ယောက်စလုံးအတွက် အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ သားကို နှိပ်စက် ညှဉ်းပန်းတဲ့ အရာရှိ ၂ ဦးကိုလည်း ရဲချုပ်ခင်ရီဆီကို ဖေဖော်ဝါရီ ၄ ရက်နေ့က တိုင်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

သားအဖ နှစ်ဦးစလုံးအတွက် အယူခံကို တိုင်းတရားရုံးနှင့် ဗဟိုတရားရုံး အဆင့်ဆင့် တင်သွားမည်ဟုလည်း ဒေါ်ရီရီတင်က ပြောသည်။

ထောင်ဝင်စာ ၂ ပတ်တကြိမ်တွေ့ခွင့်ရသော်လည်း ဦးမောင်မောင်ဇေယျသည် အသည်းရောဂါ၊ ကိုစည်သူဇေယျသည် နှလုံးနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသည်ဟု သူက ဆိုသည်။

“တိုက်ပိတ်ခံရာက ပြန်ထွက်လာတော့ နှလုံးရောဂါရှိနေတယ်လို့ ဆရာဝန်က ပြောပါတယ်။ နှစ် ၂၀ လုံးလုံး ကျမနဲ့အတူ နေလာတုန်းက ဘာရောဂါမှ မရှိခဲ့ပါဘူး” ဟု ဒေါ်ရီရီတင်က ပြောသည်။

ဦးမောင်မောင်ဇေယျအား မေးမြန်းစစ်ဆေးရာ၌ စိတ်ကြွဆေးပြားများ အသုံးပြု၍ စစ်ဆေးခဲ့သည်ဟု သိထားကြောင်း၊ ထိုလုပ်ရပ်သည် ဥပဒေကြောင်းအရ လုံးဝ မလုပ်သင့်ကြောင်း၊ စိတ်ကြွဆေးပြားများ အသုံးပြုခံခဲ့ရသဖြင့် ၎င်း၏ ကျန်းမာရေးသည် ယခင်နှင့် မတူတော့ကြောင်း၊ ထိုကိစ္စကို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးသိန်းညွန့်က ရှင်းပြသည်။

စစ်အစိုးရ အာဏာပိုင်များသည် အကျဉ်းသားများအား နည်းလမ်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သည့် အပြင် ယခုအခါ ပေါ်တာအဖြစ် အသုံးပြုခြင်းများ၊ အသက်ရန်ရှာခြင်းများ လုပ်ဆောင်နေသည်ဟူသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၈၀ ခန့်ကို စစ်အစိုးရ၏ လုပ်ငန်းခွင်များတွင် အတင်းအကျပ် လုပ်အားပေး ခိုင်းစေခဲ့ကြောင်း နိရဉ္စရာအွန်လိုင်း သတင်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို လည်း မကြာသေးခင်က လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ဦးမောင်မောင်ဇေယျသည် ဦးသန့်အရေးအခင်းကာလကလည်း ထောင်ဒဏ် နှစ်အနည်းငယ် ကျခံခဲ့ရသူ ဖြစ်ပြီး စာရေးဆရာကြီး လင်းယုန်မောင်မောင်၏ သားဖြစ်သည်။

မနက်ဖြန်တွင် အစိုးရသစ်စတင်ဖွဲ့စည်းတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များ ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေဆဲဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်