အင်းလေးတွင် ဆောင်းခိုငှက်များ လျော့နည်း

E-mail Print
အင်းလေးကန် ဒေသသည် နှစ်စဉ် ဆောင်းခိုငှက်များ ကျက်စားရာ ဒေသ ဖြစ်သော်လည်း ယခုအခါ စားကျက်မြေ ရှားပါးမှုကြောင့်  ဆောင်းခိုငှက်များ ၀င်ရောက်မှု နည်းပါးလျက် ရှိကြောင်း သိရှိရသည်။

အင်းလေးကန်နှင့် ပတ်ဝန်းကျင် ရွာများ၊ သစ်တော၊ လယ်ကွင်းနှင့် စိုက်ခင်း များဆီသို့ နှစ်စဉ် စစ္စလီ၊ ရေဘဲ၊ မယ်ညို၊ ဗျိုင်း၊ ကျီးကန်း၊ ဆက်ရက်၊ စာကလေး ၊ ချိုး၊ စင်ရော် စသည့် ငှက်များသည် နိုဝင်ဘာလမှ ဖေဖော်ဝါရီလ အထိ လာရောက်လေ့ ရှိသော်လည်း ယခုနှစ်တွင် ဇန်န၀ါရီလ အထိ လာရောက်မှု နည်းပါးနေ သေးကြောင်း အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ရှိသူ တဦးက ပြောဆိုသည်။

အင်းလေး ကန်သို့ ဆောင်းခိုငှက် ၀င်ရောက်မှုမှာ ၂၀၀၄ ခုနှစ်က စတင်၍ ကျဆင်းလာခဲ့ရာ ယခုနှစ်မှာမူ ၅ နှစ်တာ ကာလအတွင်း အနည်းပါးဆုံး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကကတော့ စားကျက် ရှားလာတာ ကြောင့်ပဲ။ နောက် ဒေသခံ ငှက်ထောင်ဖမ်း သူတွေလည်း တဖြည်းဖြည်းနဲ့ များလာတာ ကလည်း အကြောင်းရင်း တခုပါ။ သူတို့ကို သစ်တော ဥပဒေအရ အရေးယူပေမယ့် ခိုးဖမ်းတဲ့ သူက အများဆိုတော့ မနိုင်ဘူး ဖြစ်နေတယ်” ဟု သူက သုံးသပ်သည်။

အင်းလေးကန်၏ အရှေ့ဘက်နှင့် အနောက် တောင်ဘက် တောင်တန်း များတွင် ၂၀၀၂ ခုနှစ် ကတည်းက သစ်ပင်များ ခုတ်ထွင်ပြီး တောင်ယာ စိုက်ပျိုးကြခြင်း၊ အင်းလေးကန်၏ အရှေ့ဘက် တောင်တန်း များတွင် မီးသွေး ဖုတ်နေကြခြင်းနှင့် ကျွန်းမျောများ ပေါ်တွင် အလေ့ကျ ပေါက်လေ့ရှိသော ပိန်းပင်များကို ခုတ်ယူ အခြောက်လှမ်းကာ တရုတ်ပြည်သို့ တင်ပို့ရောင်းချ နေခြင်းတို့ကြောင့် အင်းလေးကန် ဒေသရှိ သဘာဝ သယံဇာတ များမှာ တနှစ်ထက်တနှစ် ပျက်စီး ပြုန်းတီးမှု များလာပြီး ငှက်များအတွက် စားကျက်မြေ ရှားပါးခြင်း ပြဿနာကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တခြားပြဿနာတခုမှာ လယ်ကွင်းနှင့် စိုက်ခင်းများသို့ ရောက်လာသော ငှက်များကို ဒေသခံများက ပိုက်၊ ကြိုးကွင်း၊ ညွှတ်ကွင်း၊ သုတ်ကိုင်းများနှင့် ထောင်ဖမ်းခြင်း၊ ဒူးလေး၊ လောက်လေး၊ လေသေနတ်၊ တူမီးသေနတ် တို့နှင့် ပစ်ခတ်ဖမ်းဆီးကာ ဈေးတွင် ရောင်းချခြင်း၊ အင်းလေးကန် အတွင်းရှိ ဟိုတယ်များတွင်သာမက တောင်ကြီး၊ ကလောမှ စားသောက်ဆိုင် များသို့ တင်သွင်းရောင်းချခြင်းများ ပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောပြသည်။

ဆောင်းခိုငှက်များသည် အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင် အလှအပအဖြစ် နိုင်ငံခြားသား ဧည့်သည်များ အတွက် ဆွဲဆောင်မှုတရပ် ဖြစ်သောကြောင့် ထိုငှက်များ ပုံမှန်ဝင်ရောက် စေရန်အတွက် ကျေးငှက်ဘေးမဲ့တော များကို စနစ်တကျ တိုးချဲ့ ကာကွယ်ခြင်း ပြုလုပ်ပေး သင့်သည့်အပြင် အလုပ်အကိုင် ရှားပါးနေသော ဒေသခံ များအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးကာ ၎င်းတို့ စားဝတ်နေရေး ပြေလည်စေရန် ဆောင်ရွက်ပေးပါက ဆောင်းခိုငှက်များ ပြည်လည် ၀င်ရောက်လာနိုင်ကြောင်း ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငှက် ၀ါသနာရှင်များအသင်းမှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်