မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်

E-mail Print
ဧရာဝတီတိုင်း ၂၆ မြို့နယ်အတွင်းရှိ တောင်သူများ အနေဖြင့် မျှော်မှန်းထားသည်ထက် မတ်ပဲအထွက်နှုန်း သိသာစွာ ကျဆင်းပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် များစွာစိတ်ပျက်နေ ကြကြောင်း သိရသည်။

Farmဒေသတခုနှင့်တခု မြေအနေအထားအရ မတ်ပဲထွက်ရှိမှုနှုန်း မတူညီနိုင် သော်လည်း ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းခန့် ထွက်နှုန်း လျော့နည်းခဲ့သည်ဟု ဟင်္သာတ မြို့နယ်၊ ဘိတ်ရိုး ကျေးရွာအုပ်စု မတ်ပဲစိုက် တောင်သူများက ခန့်မှန်းပြောဆိုကြသည်။

ဟင်္သာတမြို့နယ် ဂျိုခေါင်း ကျေးရွာအုပ်စု တောင်သူတဦးက “နတ်တော် လပြည့်ကျော် အပင် တလသားမှာ အူကြောင်း ပိုးကြောင့် အပင် ၀ါလာပြီး သေကုန်တယ်။ ပြီးတော့ ငမြှောင်တောင် ပိုးကျတာနဲ့ မတ်ပဲ အထွက် ကျမယ်ဆိုတာ ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ အခုဟာက အဲဒီလို မှန်းထားတာထက်ကို ထွက်နှုန်းလျော့ခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။

ယခင်က တဧက ပျမ်းမျှ ၁၅ တင်းခန့် မတ်ပဲ ထွက်ရှိသော အဆိုပါ လယ်မြေများသည် ယခုနှစ်တွင် တဧက ၁၀ တင်းခန့်သာ ထွက်ရှိသည် ဟုလည်း တောင်သူများက ပြောသည်။

တခြားသော ဒေသခံတောင်သူ တဦးက “ဒီနှစ်ထဲ ပိုးက တောက်လျှောက် ကျနေတော့ ပိုးသတ်ဆေး လိုက်လို့မနိုင်ဘူး။ မတ်ပဲ ၆ ဧက စိုက်ခင်းကို ပိုးသတ် ဆေး ကျပ် ၄ သိန်း ကျော်ဖိုး သုံးခဲ့ရတယ်။ တဧက အရင်းအနှီး တသိန်းခွဲ ကျော်နေပြီ”ဟု ပြောသည်။

မတ်ပဲ တတင်း လက်ရှိပေါက်ဈေး ၂၃၀၀၀ ကျပ်ရှိသောကြောင့် တဧကအတွက် အကျိုးအမြတ်မှာ ၂ သောင်းခန့်သာ ရှိတော့ရာ လုပ်အားနှင့် အချိန်ဆုံးရှုံးရသည်ဟု တောင်သူများက ဆိုသည်။

ကျုံပျော်မြို့နယ်ရှိ မတ်ပဲခင်းများသည်လည်း အနည်းနှင့်အများ ထွက်နှုန်း ကျဆင်းသည်ဟု သိရသည်။

ကျုံပျော်မြို့နယ် အထောင်ကျေးရွာအုပ်စုမှ မတ်ပဲစိုက်တောင်သူတဦးက“တနှစ်ထက် တနှစ် မတ်ပဲ အထွက်နှုန်း လျော့ကျလာ တယ်။ အခုနှစ်အဆိုးဆုံးပဲ။ ကျနော်ဆို တဧက ပျမ်းမျှ ၈ တင်းလောက်ပဲ ထွက်တော့ စိုက်ပျိုးစရိတ်တွေနဲ့ အရင်းသာသာပဲ ရ တယ်။ ကျုံပျော်မြို့နယ်၊ ကျေးရွာ ၉၂ အုပ်စုမှာ တဧက မတ်ပဲ ၁၀ တင်းထွက်တဲ့လယ် မရှိသလောက် ဖြစ်နေတယ်”ဟု ဆိုသည်။

ထို့အပြင် ကျုံပျော်မြို့နယ် ကြီးအိုင်၊ ဇရပ်ဆိပ်၊ ရှားခဲ၊ သိမ်ကုန်း ကျေးရွာအုပ်စုများအတွင်းရှိ မတ်ပဲခင်းတချို့မှာ တဧက ၅ တင်းခန့်သာ ထွက်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ ရောင်းလိုအားများချိန် မတ်ပဲဈေး လျော့နည်းသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဆိုသော်လည်း ဤမျှ အထွက်နှုန်းနှင့်ဆိုပါက လာ မည့်နှစ် ရာသီချိန် မတ်ပဲစိုက်ပျိုးရန် မသေချာကြောင်း တောင်သူများက ပြောဆိုသည်။

ထိုသို့ မတ်ပဲသာမက အခြားသီးနှံများ တနှစ်ထက် တနှစ် အထွက်နှုန်းကျဆင်းရခြင်းသည် ဓာတုမြေဆီများနှင့် ပိုးသတ်ဆေးမျိုးစုံ ကို နှစ်ပေါင်းများစွာ သုံးစွဲခဲ့ခြင်းကြောင့် ယာမြေများ အချဉ်ပေါက်ကာ ပျက်စီးရခြင်းကြောင့် ဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသီများက သုံးသပ်ထားသည်။

ရန်ကုန်မြို့ရှိ စိုက်ပျိုးရေးပညာရှင် တဦးက“ပိုးသတ်ဆေးများစွာ သုံးစွဲခြင်းဟာ အပင်ရဲ့ဝတ်မှုန်ကူးခြင်းအတွက်လိုအပ်တဲ့ အင်း ဆက် တွေ၊ အဏု ဇီဝ ပိုးတွေကို ဆုံးရှုံးစေပါတယ်။ အပင်ရဲ့ဝတ်မှုန်ကူးခြင်း ထိခိုက်လာတာနဲ့အမျှ အသီး ဖြစ်ထွန်းမှုဟာလည်း မလွဲမသွေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ မတ်ပဲ အပါအ၀င် သီးနှံ အထွက်နှုန်း ပြန်လည်မြင့်တက်လာဖို့ မြေပြုပြင်မှု၊ ပဲမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင် မှု နဲ့ သဘာဝမြေဆီသြဇာတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်”ဟု ထောက်ပြသည်။

ပဲမျိုးသန့် ရရှိရန် သုတေသနပြုမှုအပေါ် ရန်ကုန်အခြေစိုက် Commerce ဂျာနယ်ပါ ဒေါက်တာ ထွန်းဝင်း(စိုက်ပျိုးရေး)၏ ဆောင်းပါးတွင် မျိုးစပါး တတင်းခွဲ စိုက်ပျိုးက တင်း ၁၀၀ ထွက်ရှိနိုင်သော်လည်း မျိုးပဲ ၁၂ ပြည် စိုက်ပျိုးက ၁၀ တင်းခန့်သာ အများဆုံး ထွက် ရှိနိုင်ကြောင်း၊ စပါး က ၆၆ ဆ အဆတိုးသော်လည်း ပဲ မှာ ၁၃ ဆမျှသာ အဆတိုးကြောင်း၊ စပါး ကဲ့သို့ ထုထည် ကြီးမားစွာ အဆ မတိုးနိုင်သည့် မတ်ပဲကို မျိုးသန့် သုတေသနပြုလုပ်ရန်မှာ အခက်အခဲများစွာ ရှိနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကနေဒါ၊ သြစတြေးလျမှ မျိုးသန့်ပဲများသာ အိန္ဒိယ ပဲဈေးကွက်၌ ကျယ်ပြန့်စွာ နေရာယူနေကြောင်း၊ မြန်မာပြည်မှ မတ်ပဲ အပါအ၀င် ပဲမျိုးစုံသည် အိန္ဒိယ ဈေးကွက်သို့ ပို့နေသော်လည်း မျှော်လင့်ထားသကဲ့သို့ ဈေးကွက်ဝေစု မရရှိသေးကြောင်း ပဲ လုပ် ငန်း ရှင်များက ပြောဆိုကြသည်။

မတ်ပဲ ပြည်ပပို့ အခြေအနေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ပဲလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက“ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက် စာရင်းများအရ ပြည်ပကို မတ်ပဲတန်ချိန် ၃၆၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မနှစ်က ကာလတူမှာ တန်ချိန် ၄၈၀၀၀၀ ကျော် တင်ပို့ခဲ့တဲ့ အတွက် ကာလတူ မတ်ပဲ တင်ပို့မှု တန်ချိန် ၁၂၀၀၀၀ ကျဆင်းသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။ အခု ဖေဖော်ဝါရီ လကုန်ပိုင်း မှာ အိန္ဒိယ၀ယ်လက်တွေ မတ်ပဲ အ၀ယ်စိပ်လာတဲ့အတွက် အရင်နှစ် မတ်ပဲတင်ပို့မှု စံချိန်ကို ပြန်လည်ရောက်ရှိနိုင်ပါတယ်”ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်