ပြည်ပ ဆန်တင်ပို့မှု ယာယီပိတ်

E-mail Print
ဆန်ဈေးများ ရုတ်တရက် အဆမတန် မြင့်တက်လာသည့် အတွက် စစ်အစိုးရက နိုင်ငံခြား ဆန်တင်ပို့မှုကို ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ ရက်အကန့်အသတ်မရှိ ခေတ္တရပ်ဆိုင်းထား လိုက်ကြောင်း သိရသည်။

mm-rice-feb-28-11မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဆန်တင်ပို့မှု ယာယီပိတ်ထားခြင်း ဖြစ်ပြီး ဆန်ဈေး ပိုမိုမြင့်တက် လာမည်ကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊  နာဂစ် မုန်တိုင်းကာလ၌ပင် ဆန်ပြတ်လပ်မှု မရှိသောကြောင့် ယခုလည်း စိုးရိမ်စရာ မရှိကြောင်း၊ ဆန်ဈေးများ မြင့်တက် လာခြင်းသည် လောင်စာဆီ ဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာ ခြင်းကြောင့်သာ ဖြစ်ကြောင်း ပြောသည်။

ရန်ကုန်ဆိပ်ကမ်းတွင် လက်ရှိ နိုင်ငံခြားသင်္ဘောများသို့ ဆန်တင်နေမှုများမှလွဲ၍ နိုင်ငံခြားသို့ နောက်ထပ် ဆန်တင်ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း၊ တင်ပို့ခွင့် လျှောက်ထားမှုများကိုလည်း လက်မခံတော့ကြောင်း ဘုရင့်နောင် ဆန်ပွဲရုံမှ ဆန်ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

“ဆန်ဈေးကို ထိန်းဖို့အတွက် အခုလက်ရှိတင်နေတဲ့ သင်္ဘောတွေပြီးသွားရင် နောက်ထပ် တင်ခွင့်မပေးတော့ဘူး။ ပါမစ်အသစ်လည်း ချမပေးတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယခုတင်ပို့ခွင့် ရပ်ဆိုင်းလိုက်သည့် ဆန်များမှာ မနောသုခ၊ ရွှေဝါထွန်း စသည့် အကျိုးအကြေ ၂၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ကြမ်းများဖြစ်ကြောင်း၊ ထိုသို့ ရပ်ဆိုင်းလိုက်သည့်အတွက် ဈေးကွက်တွင်  ပြည်ပပို့ဆန် ၀ယ်ယူမှု ရပ်ဆိုင်းသွားပြီး ဈေးနှုန်းလည်း အနည်းငယ် ကျဆင်းသွားကြောင်း အဆိုပါ ဆန်ကုန်သည်က ပြောသည်။

သို့သော် ဆန်ဈေးကွက်တွင် လူအများစားသုံးနေသည့် ပေါ်ဆန်းမွှေး၊ အင်းမ စသည့် ဆန်များနှင့် အခြေခံလူတန်းစား စားသုံးသည့် ဆန်အကြမ်း ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိကြောင်း သိရသည်။

ယနေ့ ဆန်ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းမှာ အကျိုးအကြေ ၂၅ ရာခိုင်နှုန်းပါ ပြည်ပပို့ဆန်သည် ယခင်က ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ်ခန့် ဈေးရှိသော်လည်း ယနေ့ဈေးကွက်ဖွင့်ချိန်တွင် ၁၂၅၀၀ ကျပ် ဈေးအထိ ကျဆင်းသွားကြောင်း၊ ပေါ်ဆန်းမွှေးဆန် ပထမတန်းစားနှင့် ဒုတိယတန်းစားဆန်များသည် ၃၃၀၀၀ ကျပ် နှင့် ၃၅၀၀၀ ကျပ်ဈေး ခန့်တွင်သာ ဆက်လက်တည်ရှိနေပြီး အခြေခံလူတန်းစား စားသုံးသည့် မနောသုခ၊ ရွှေဝါထွန်း၊ ဇီယာ ဆန်ကြမ်းများမှာ ၁၈၀၀၀ ကျပ် ခန့်တွင်သာ ဈေးငြိမ်နေသည်ဟု သိရသည်။

ရေနံထွက်ရှိရာ အရှေ့အလယ်ပိုင်းဒေသရှိ အာရပ်နိုင်ငံတချို့တွင် ဖြစ်ပွားနေသည့် နိုင်ငံရေး အုံကြွမှု ဂယက်ကြောင့် ရေနံထုတ်လုပ်မှု လျော့ကျ၍ ရေနံစိမ်းဈေးနှုန်း မြင့်တက်လာသည့်အတွက် လောင်စာဆီဈေးနှုန်းများလည်း မြင့်တက်သွားပြီဖြစ်သည်။

တရားဝင်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိက လောင်စာဆီဆိုင်များသည် လောင်စာဆီဈေးနှုန်းများကို ယနေ့ မြှင့်တင်ရောင်းချလိုက်ကြောင်း၊ ဒီဇယ်တဂါလန် ၃၀၀၀ ကျပ် မှ တဂါလန် ၄၀၀၀ ကျပ်နှုန်း၊ အော့ပ်တိန်းဆီ တဂါလန် ကျပ် ၂၉၀၀ မှ ကျပ် ၃၆၀၀ ကျပ် အထိလည်းကောင်း၊ တဂါလန် ကျပ် ၂၅၀၀ ဖြင့် ရောင်းချနေသော ရိုးရိုးဓာတ်ဆီသည် မှောင်ခိုဈေးကွက်တွင် ၄၀၀၀ ကျပ်အထိ ဈေးထိုးတက်သွားသည်ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။

မန္တလေးမြို့တွင်လည်း ယနေ့ညနေမှ စတင်ပြီး ဓာတ်ဆီ တဂါလန်လျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချနေပြီး မှောင်ခိုဈေးကွက်တွင် ၅၀၀၀ ကျပ်ဈေးဖြင့် ပြန်လည်ဝယ်ယူနေကြောင်း၊ ဒီဇယ်မှာလည်း ၄၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ မန္တလေး-မုံရွာ ကားခမှာ ယနေ့မှစ၍ လူတယောက်လျှင် ၁၇၀၀ ကျပ်မှ ယခု ၂၃၀၀ ကျပ်အထိ မြင့်တက်သွားပြီး မကြာမီတွင် တန်ဆာခဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု မန္တလေးမြို့ခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကလည်း လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြမှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်