နယ်စပ်ပိတ်သော်လည်း ကားများ ဆက်ပို့နေ

E-mail Print
ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်သွင်းမှုကို မြန်မာဘက်က ပိတ်ပင်ထား သော်လည်း ဂျပန်နိုင်ငံမှတဆင့် တင်သွင်းလာသည့် တပတ်ရစ် ကားများကိုမူ ကုန်သည်များက မဲဆောက်မှတဆင့် နယ်ခြား သောင်ရင်းမြစ်ကိုဖြတ်ကာ မြ၀တီဘက်သို့ နေ့စဉ်တင်ပို့လျက်ရှိသည်။

DSC06980aမြ၀တီခရိုင် အာဏာပိုင်များက မတ်လ ၉ ရက်နေ့မှ စတင်ကာ နေပြည်တော်အမိန့်ဖြင့် ထိုင်းကုန်ပစ္စည်းများ တရားမ၀င်လမ်းကြောင်းမှ တင်သွင်းမှုများကို ထပ်မံ ပိတ်ပင်လိုက်သော်လည်း မြန်မာကုန်သည်များက မြ၀တီခရိုင် အာဏာပိုင်များနှင့် နားလည်မှုယူကာ ဂျပန်နိုင်ငံမှတဆင့် တင်သွင်းလာသည့်ကားများကို ထိုင်းဘက်ရှိ အမှတ် ၁၇ လှေဆိပ်မှတဆင့် မြ၀တီဘက်သို့ တင်သွင်းနေခြင်းဖြစ်ကြောင်း ထိုင်းနှင့်မြန်မာ ကားကုန်သည်များက ပြောသည်။

ထိုင်းဘက်ခြမ်း အမှတ် ၁၇ ဂိတ်ရှိ ဂျပန်တပတ်ရစ်ကားများ ရောင်းချသည့် ထိုင်းကုမ္ပဏီတခုမှ အရောင်းမန်နေဂျာက “မြန်မာဘက်က ထိုင်းကုန်တွေပိတ်ပေမယ့် ကားတွေကတော့ တနေ့အစီးရေ ၄၀ လောက်ကတော့ သူ့နည်းသူ့ဟန်နဲ့ မြန်မာကုန်သည်တွေ သယ်နေကြတာပဲ။ ကားတွေကို ညဘက် ကူးကြတာများတယ်” ဟု ပြောသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား မြောက်ဘက်ရှိ အမှတ် ၁၇ လှေဆိပ်တွင် ထိုင်းကား ကုမ္ပဏီ ၄၀ ခန့် အရောင်းဌာနများ ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံ မြ၀တီဘက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး ထိုင်းဘက်မှတဆင့် မြ၀တီဘက်သို့ ကားတစီးကူးလျှင် ဘတ် ၁ သောင်းခန့် (ကျပ် ၂ သိန်း ၈ သောင်းကျော်) မြန်မာအာဏာပိုင်များကို ပေးရသည်ဟု မြန်မာကားကုန်သည်တဦးက ပြောသည်။

အဆိုပါကားများကို မြ၀တီမှတဆင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့ သယ်ဆောင်ရာတွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းနှင့် မြ၀တီနှင့် ကော့ကရိတ်မြို့များကို ရှောင်ကွင်း၍ တောလမ်းမှတဆင့် သယ်ယူကြခြင်းဖြစ်သည်။

မြန်မာ ကားကုန်သည်တဦးက “မြ၀တီ-ကော့ကရိတ် တောင်ကျော်ကားလမ်းမှာက တိုက်ပွဲတွေ ခဏခဏဖြစ်တော့ တောလမ်းကနေပဲ အသုံးပြုကြတာများတယ်။ ဒီလမ်းကကြမ်းတော့ အရမ်းနုတဲ့ တန်ဖိုးကြီးကားတွေကိုဆိုရင် ဒီလမ်းက မသွားကြဘူး။ လမ်းကြမ်းတော့ ကားထိတာ ခိုက်တာတွေများတယ်။ ဒီလမ်းကို ထော့ကိုကိုးလမ်းလို့ ခေါ်တယ်။ ဒီလမ်းကသွားရင် ကော့ကရိတ်မြို့ပြင်အထိ ပေါက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လမ်းကြောင်း ဖြတ်သန်းရာတွင် အခွန်အကောက်များကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) သို့လည်း ပေးရကြောင်း၊ လက်ရှိ အနေအထားအရ ထိုလမ်းကို တခြားကုန်သည်များလည်း အသုံးပြုနေကြကြောင်း သိရသည်။

မြ၀တီခရိုင် အာဏာပိုင်များက အဆိုပါတောလမ်းခရီးကို အသုံးမပြုကြရန် ကုန်သည်များကို ညွှန်ကြားထားသော်လည်း ကုန်သည်များက လိုက်နာခြင်းမရှိဘဲ နေ့စဉ်အသုံးပြုနေသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံသည် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းမျိုးစုံ၊ အ၀တ်အထည်၊ အားကစားပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းနှင့် စားသောက်ကုန်မျိုးစုံ၊ ဓာတုပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်း၊ ရော်ဘာ၊ စာရေးကရိယာမျိုးစုံ လယ်ယာနှင့် ရေလုပ်ငန်းသုံး ပစ္စည်းများ၊ ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ကားဆက်စပ်ပစ္စည်းများ၊ တီဗီ၊ ရေခဲသေတ္တာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းများထဲတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သည်။

မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

ယင်းသို့ မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို ပိတ်လိုက်သဖြင့် တရားမ၀င်နည်းဖြင့် ကုန်သွယ်မှုပြုရာ တလလျှင် ဘတ်သန်း ၈၀၀ ဖိုးခန့်ရှိပြီး ယခင်ကထက် ကျဆင်းသွားသည်ဟု ထိုင်းကုန်သည်ကြီးတဦးက ပြောသည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြော တရားဝင်ဖွင့်လှစ်ထားစဉ်က မြန်မာဘက်သို့ တင်ပို့သည့် ထိုင်းကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ထိုင်းဘတ် သန်း ၃၀၀၀ ကျော် ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

ထိုင်းကုန်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း မြန်မာဘက်မှ ခရီးသည်များ ထိုင်းဘက်သို့ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခြင်းမရှိကြောင်း မြ၀တီမြို့ခံတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်