ရခိုင်ဒီမိုကရေစီအဖွဲ့ ဂီရိ ကူညီရေး ဆက်လုပ်မည်

E-mail Print
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ဦးစီး၍ ရခိုင်ပြည်နယ် ဂီရိမုန်တိုင်း ဒဏ်သင့် လူထုအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ALD ဥက္ကဌ ဦးသာဘန်းက“လောလောဆယ် ဂီရိဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ မြေပုံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေတွင်းတွေ တူးပေးမယ်။ လယ်သမားတွေကိုလည်း မျိုးစပါးတွေ ဝေငှသွားမယ်။ နောက်ပြီး မြေပုံမြို့မှာ အခမဲ့ဆေးခန်းတခန်း ဖြစ်မြောက်ဖို့လည်း ကြိုးစားနေတယ်။ ရန်ပုံငွေ ရရင် ရသလို အကူအညီပေးရေး လုပ်ငန်းတွေ ထပ်တိုးချဲ့သွားမှာပါ”ဟု ပြောသည်။

after-Cyclone-Giriဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ လူ ရာဂဏန်းအထိ သေဆုံးမှုရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ တသိန်းခုနှစ်သောင်းကျော် အိုးအိမ်မဲ့ ခဲ့ရကြောင်း ၊ ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှာ ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း   ထိုစဉ်က ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGO အဖွဲ့များ၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

“ကျေးရွာတချို့မှာ ရေတွင်းတွေက ပင်လယ်ဆားငန်ရေ ၀င်သွားတဲ့အတွက် သောက်လို့မရသေးဘူး။ ဘယ်ကျေးရွာတွေက အလိုအပ်ဆုံးဖြစ်နေလဲဆိုတာ ကွင်းဆင်းကြည့်ပြီး လောလောဆယ် ရေတွင်း ၁၀ ခုလောက် တူးပေးသွားမယ်။ ဒေသနဲ့ လိုက်ဖက်မယ့် မျိုးစပါးတွေလည်း လှူဒါန်းသွားမယ်”ဟု ALD အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

အဆိုပါ ဂီရိဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်အတွက် ALD နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြုအဖွဲ့ဝင်များလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

“NLD က ဒေါက်တာမေ၀င်းမြင့်တို့လည်း ပါမယ်။ မြေပုံမြို့နယ် ၊ ကျီးခေါင်းတောင်ရွာမှာရှိတဲ့ ကျီးခေါင်းတောင်စေတီဟာ ဂီရိဒဏ်ကြောင့် ထီးတော် မြေခထားတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က တပေါင်းလပြည့်နေ့မှာ ထီးတော်ကို အသစ်ပြန်တင်လှူမယ်။ ဘေးပတ်ဝန်းကျင်ရွာတွေက သံဃာတွေကိုလည်း လှူဖွယ်ပစ္စည်းတွေ လှူဒါန်းကြမယ်”ဟု ဦးအေးသာအောင်က ပြောသည်။

ALD ပါတီ ဂီရိဒေသပြန်လည်ထူထောင်ရေးအတွက် ဂီရိဒဏ်သင့်ဒေသများသို့ ၃ ကြိမ် သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ALD ပါတီသည် NLD နှင့် မဟာမိတ်ဖွဲ့ထားသော တိုင်းရင်းသားပါတီ (၁၀) ပါတီအနက်မှ တခုဖြစ်ပြီး စစ်အစိုးရက ၁၉၉၂ ခုနှစ်
တွင် တရားဝင်အဖြစ်မှ ရပ်စဲကြောင်း ကြေညာခဲ့သည်။

ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းဝင်ရောက်ပြီး ၁၆ ရက်အကြာတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် မကျင်းပ ဘဲ ရွှေ့ဆိုင်းရန် ALDက တောင်းဆိုခဲ့သော်လည်း နအဖ စစ်အစိုးရက ရွှေ့ဆိုင်းမပေးခဲ့ပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်