လောင်စာဆီ လှောင်သူများ အကြီးအကျယ် အထိနာ

E-mail Print
ကမ္ဘာ့ရေနံ ဈေးနှုန်း ကျဆင်းနေ သောကြောင့် ပြင်ပ လောင်စာဆီ ရောင်းဝယ်ရေး လုပ်ငန်း သမားများနှင့် အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ စစ်တပ် အရာရှိများကို အကြီးအကျယ် ထိခိုက်မှု ရှိကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

ရန်ကုန် စီးပွားရေး အသိုင်းအ၀န်း၏ အဆိုအရ ပြီးခဲ့သည့် လပိုင်းအတွင်း ကမ္ဘာ့ လောင်စာဆီ ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်း သောကြောင့် ပြည်ပမှ လောင်စာဆီ ၀ယ်ယူ တင်သွင်း နေသူများနှင့် ပြည်တွင်း အရောင်း အ၀ယ်သမားများ လုပ်ငန်း လည်ပတ်ရာတွင် ထက်ဝက်ခန့် ဆုံးရှုံးမှုများ ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့မှ ပြင်ပ ဒီဇယ် ရောင်းဝယ်ရေး လုပ်ငန်းသမား တဦးက“ကမ္ဘာမှာ ရေနံဈေးက ခေါက်ချိုးလောက် ကျတော့ ကျနော်တို့လည်း ခေါက်ချိုး ထိတာပေါ့၊ အဲဒါ ၃ လလောက် ရှိပြီ၊ ပိုင်ဆိုင်မှု သိန်း ၅၀ လောက်ရှိတဲ့ လူဆို အခု ကျတော့ ထက်ဝက် ကျသွားတာပေါ့၊ သိန်း ၅၀ မရှိတော့ဘူး၊ ၂၅ သိန်းပဲ ကျန်တော့မယ်၊ သွင်းတဲ့ လူရော လှောင်ထားတဲ့ လူရော အကုန်လုံး ထိတာပဲ အနည်းအများပဲ ကွာတာ”ဟု ဧရာဝတီသို့ ပြောပြသည်။

မြန်မာ့ စီးပွားရေး လုပ်ငန်း အများစုသည် ပြည်ပ လောင်စာဆီ ဈေးကွက်ကို အဓိကထား မှီခိုနေကြရသည်။ စစ်အစိုးရ၏ ဓာတ်ဆီ ဆိုင်များကမူ သတ်မှတ်ဈေးဖြင့် ကားတစီး တနေ့လျှင် ၂ ဂါလန်သာ ထုတ်ရောင်း ပေးသည်။ အစိုးရက ဓာတ်ဆီ ဆိုင်များတွင် သတ်မှတ်ဈေး ဓာတ်ဆီ တဂါလန် ၂၅၀၀ ကျပ်၊ ဒီဇယ် တဂါလန် ၃၀၀၀ ကျပ်ဖြင့် ဆက်လက် ထိန်းချုပ် ရောင်းချ နေမြဲဖြစ်သည်။ သို့သော် ပြင်ပ ဈေးကွက်တွင် ဓာတ်ဆီ တဂါလန် ၂၂၀၀၊ ဒီဇယ် တဂါလန် ၂၆၀၀ ကျပ်ဈေး ပေါက်နေသည်။

ထို့ကြောင့် ခွဲတမ်းဆီ ထုတ်ရောင်း၍ အကျိုးအမြတ် ရရှိနေသော အစိုးရဌာန ဆိုင်ရာ အရာရှိများ၊ စစ်တပ် အရာရှိ များကို ထိခိုက်မှု ရှိကြောင်းလည်း သိရသည်။  

“အစိုးရ ခွဲတမ်းဆီ ထုတ်တဲ့လူတွေက တ လ၊ ၂ လ လောက် အထိ မထုတ်ဘဲနေရင် ပြဿနာ ရှိတယ်၊ ဆီစာအုပ် သိမ်းတာမျိုး ရှိတယ်၊ အဲဒါ အများစုက တလ တခါ ၂ ခါ လောက် ထုတ်လိုက် လုပ်နေလိုက် တော့တယ်၊ လူတွေကလည်း ဒီဇယ် သုံးသူဆို အပြင်ကပဲ ၀ယ်သုံးကြတယ်၊ အစိုးရဈေးနဲ့က ကွာတာကိုး”ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် မြန်မာစစ်အစိုးရ စွမ်းအင်ဝန်ကြီး ဌာနသည် ယခင်က အတိုင်း အရှုံးခံ၍ မရောင်းချ နိုင်တော့ကြောင်း အကြောင်းပြကာ လောင်စာဆီ ဈေးနှုန်းများကို ရုတ်တရက် အဆမတန် မြှင့်တင်လိုက်သည်။ ထို့ကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် သယ်ယူ ပို့ဆောင်ရေး စရိတ်စကများ အကြီးအကျယ် မြင့်တက် လာရာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး အစရှိသူတို့က ဦးဆောင်၍ လမ်းလျှောက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များ ဦးဆောင် ဆန္ဒပြသော ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည်။

ယင်းနောက်ပိုင်း မြန်မာ စစ်အစိုးရပိုင် စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဦးတေဇပိုင် ထူး ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာပြည်သို့ လောင်စာဆီများ တင်သွင်းနေခဲ့သည်။ နာဂစ် မုန်တိုင်း အပြီးတွင် မြန်မာ့ ဈေးကွက်အတွင်း လိုအပ်သော ဒီဇယ်ဆီများကို တင်သွင်းရန် ကော်မတီ တရပ်ဖွဲ့စည်းကာ လတ်တလော ပြည်တွင်း ပုဂ္ဂလိက ဈေးကွက်တွင် အရောင်းအ၀ယ် ပြုလုပ်နေသော ဒီဇယ်များကို တင်သွင်းခဲ့သည်။

“အရင်တုန်းက ဓာတ်ဆီ ဒီဇယ်ကို စွမ်းအင် ၀န်ကြီးဌာနကသာ ရောင်းချခွင့် ရှိသည်ဆိုတဲ့ အမိန့် ထုတ်လိုက် သေးတယ်၊ ဒါပေမယ့် နာဂစ်နဲ့ တဆက်တည်း ဖွဲ့ထားတဲ့ ဒီဇယ်ကော်မတီ ဆိုတော့ အခု လောလော ဆယ်တော့ နားလည်မှုနဲ့ မသိယောင် ဆောင်ထားတာ နေမှာပေါ့”ဟု  ရန်ကုန် ဒီဇယ် ရောင်းဝယ်ရေး သမားက ဆက်ပြောပြသည်။

ထို့ပြင် ထိုင်း၊ တရုတ် ၊ အိန္ဒိယ နယ်စပ်များမှ တဆင့် ဈေးချိုသော လောင်စာဆီများ နယ်စပ် ဖြတ်ကျော်၍ အလုံးအရင်းနှင့် ၀င်ရောက်နေ ကြောင်းလည်း နယ်စပ် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် မြန်မာစစ်အစိုးရ အနေဖြင့် ပြည်တွင်း လောင်စာဆီ ဈေးကွက်ကို ဆက်လက် ချုပ်ကိုင်ထားနိုင်ရန် မစွမ်းသာသည့် အနေအထားမျိုး ဖြစ်နေသည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်နေကြသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်