လှိုင်သာယာ စက်မှုဇုန် အလုပ်သမားများ ရပိုင်ခွင့် မကျေနပ်ချက်များရှိ

E-mail Print
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၂) ရှိ တိုင်ယီ ဖိနပ်စက်ရုံတွင် မတ်လ ဒုတိယပတ် အတွင်းက အလုပ်သမား ဆန္ဒပြမှုများ ပြီးသွားသော်လည်း တခြားစက်ရုံမှ အလုပ်သမားများသည် ရပိုင်ခွင့်များအတွက် မကျေနပ်ချက်များ ရှိနေကြောင်း သိရသည်။

HTYထို့အတွက် စက်ရုံတချို့မှာ တာဝန်ရှိသူများသည် ၀န်ထမ်းများ တောင်းဆိုလာမည့် လုပ်ခလစာအပေါ် အလုပ်သမား ကိုယ်စားလှယ်များနှင့် စတင် ညှိနှိုင်းနေကြောင်း စက်မှုဇုန် အသိုင်းအ၀ိုင်းက ဆိုသည်။

ဇုန် (၄) မှ ဆန္ဒပြတောင်းဆိုခြင်း မပြုကြရန် မေတ္တာရပ်ခံထားသော New Way ရှူးဖိနပ်စက်ရုံ တာဝန်ရှိသူများက မတ် ၁၇ ရက်နေ့တွင် အလုပ်သမား ကိုယ်စားလှယ် ၃၀ ကျော်နှင့် လစာငွေ တိုးမြှင့်ပေးရေးကိစ္စ ညှိနှိုင်းခဲ့ကြသည်။

ယင်းသို့ ညှိနှိုင်းမှု ဖြစ်လာရခြင်းနှင့် ပတ်သက်၍ New Way မှ ဝန်ထမ်းတဦးက “လုပ်ခလစာ တိုးမြှင့် တောင်းဆိုကြမယ်၊ ၀န်ထမ်းတွေ လုပ်ငန်းခွင် မ၀င်ကြဖို့ အသိပေးနှိုးဆော်စာတွေ စက်ရုံရဲ့ အိမ်သာနံရံတွေမှာ ရေးထားတယ်။ ဒီတော့ တရုတ်လူမျိုး စက်ရုံမှူးက ၀န်ထမ်းတွေကို အစည်းအဝေး ခေါ်လိုက်တယ်။ ဒီစာတွေ ဘယ်သူရေးတာလဲ၊ လက်ညှိုးထောင်လို့ပြောတော့ ၀န်ထမ်းအားလုံး ၀ိုင်းရယ်ကြတယ်။ ဘယ်ဝန်ထမ်းက သူရေးပါတယ်လို့ ၀န်ခံမှာလဲ” ဟု ပြောသည်။

ထို့အပြင် မြန်မာအလုပ်သမားများ တော်ကြောင်း၊ တရုတ်ပြည်၏ စက်ရုံ ၀န်ထမ်းများထက် များစွာသာလွန်ကြောင်း အဆိုပါ စက်ရုံမှူးက ချီးကျူးပြောဆိုရာ မြန်မာဝန်ထမ်းများက ခိုင်းကောင်း၍ ဖြစ်မည်ဟု အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုကြကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီတွင် ဒုတိယအကြိမ် ထပ်မံ ညှိနှိုင်းကြမည်ဖြစ်ပြီး မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို မသိရသေးကြောင်း New Way ဖိနပ်စက်ရုံ ၀န်ထမ်းများက ဆိုသည်။

စက်ရုံမှူးနှင့် လက်ရှိတွေ့ဆုံညှိနှိုင်းနေသည့် အလုပ်သမား ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဝန်ထမ်းတဦးက “သမီးတို့ Section က ကိုယ်စားလှယ်ဆိုတာ သွက်လက်ချက်ချာလို့၊ ပြောတတ်ဆိုတတ်လို့ ခန့်ထားတာ မဟုတ်ဘူး။ မဲနှိုက် ရွေးထားရတာ။ သူ့ခမျာလည်း လစာငွေ တိုးမြှင့်သတ်မှတ်ပေးရေး အရေးသာ ဆိုနေတာ။ အကြောင်းပြချက် တခုခုနဲ့ အလုပ်ဖြုတ်ပစ်မှာ ကြောက်နေရှာတယ်” ဟု ပြောသည်။

၎င်းစက်ရုံတွင် လုပ်ခလစာနှင့် အချိန်ပိုကြေး တိုးမြှင့် ရရှိလိုမှု၊ အစိုရ၀န်ထမ်းများနည်းတူ အလုပ်ပိတ်ရက် ခံစားလိုမှု၊ အဓမ္မ အချိန်ပို ခိုင်းစေခြင်းများ မပြုရန် ဆန္ဒပြ အရေးဆိုမှုများ ၂၀၁၀ ခုနှစ်အတွင်းက နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုစဉ်က ၀န်ထမ်းများတောင်းဆိုမှုကို လိုက်လျောသည့်အနေဖြင့် လခတိုးမြှင့်ပေးခဲ့သော်လည်း ၂ လသာ တိုးမြှင့်ပေးပြီး နောက်ပိုင်းတွင် ယခင်နှုန်းထားဖြင့်သာ ဆက်ပေးနေရာ ယနေ့အထိ ဖြစ်ကြောင်း၊ အခြေခံ ၀န်ထမ်းတဦးလျှင် အချိန်ပိုကြေး မရှိက တလ ၃၅၀၀၀ ကျပ်သာ ရရှိကြောင်း သိရသည်။

New Way ရှူးဖိနပ်စက်ရုံကို တရုတ်-မြန်မာ လုပ်ငန်းရှင်များ ဖက်စပ် ပိုင်ဆိုင်ပြီး ပြည်ပပို့ ရှူးဖိနပ်များ ထုတ်လုပ်ကာ ၀န်ထမ်းပေါင်း ၁၀၀၀ ကျော် လုပ်ငန်းခွင် ၀င်လျက်ရှိသည်။

အလားတူ ဇုန် (၄) ရှိ Myue & Sue ကိုရီးယား အထည်ချုပ်စက်ရုံ ၀န်ထမ်းအိမ်သာနံရံများ၌လည်း လစာတိုးမြှင့်ပေးရေး ဆန္ဒပြအရေးဆိုရန် နှိုးဆော်စာများ ရေးသားထားကြကြောင်း သိရသည်။

စက်ရုံ တာဝန်ရှိသူများမှ ၎င်းစာများကို ဖျက်နေကြပြီး အိမ်သာအ၀င်အထွက် ကြပ်မတ်စောင့်ကြည့်ရန် ၀န်ထမ်း ၅ ဦးကို လုံခြုံရေး ချထားသည်ဟု သိရသည်။

အဆိုပါ အခြေအနေအပေါ် Myue & Sue စက်ရုံ ၀န်ထမ်းတဦးက “စက်ရုံမှူး ကိုရီးယားလူမျိုးက ၀န်ထမ်းတွေ အကုန်ခေါ်ပြီး စာရွက် တရွက်စီ ဝေတယ်။ တာဝန်ရှိသူတဦး ရှေ့က ဖတ်ပြသွားတာကို အားလုံး လိုက်ရေးကြရတယ်။ အဲဒီစာရွက်ကို မန်နေဂျာထံ တင်ခဲ့ကြရတယ်။ အိမ်သာမှာ ရေးသွားတဲ့ လက်ရေးမူကို တိုင်ဆိုင်စစ်ဆေးချင်တဲ့ စက်ရုံမှူးရဲ့ ဉာဏ်နီ ဉာဏ်နက်ကို ၀န်ထမ်းတွေ သိတာပေါ့” ဟု ပြောသည်။

၎င်းဝန်ထမ်းများ၏ ပုံမှန် အလုပ်ချိန်သည် နံနက် ၇ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ဖြစ်ကြောင်း၊ သို့သော် ညနေ ၆ နာရီမှ ၈ နာရီ အထိ နေ့စဉ် အချိန်ပို ဆင်းပေးနေရကြောင်း၊ အချိန်ပိုကြေး များနေပါက လစာငွေတွင် ဆုကြေး လျှော့လိုက်ကြောင်း၊ အချိန်ပိုကြေး နည်းက ဆုကြေးငွေ ပုံမှန်နှုန်း ရရှိကြောင်း၊ အချိန်ပိုကြေး နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တလနှင့် တလ လစာနှုန်း မကွာလှကြောင်း သိရသည်။

ထိုသို့  အချိန်ပို အလုပ်ဆင်းနေခြင်းသည် စက်ရုံမှ အဓမ္မခိုင်းစေခြင်း မဟုတ်ကြောင်းနှင့် ကိုယ့်သဘောနှင့်ကိုယ် အချိန်ပို ဆင်းနေခြင်းသာဖြစ်ကြောင်း ခံဝန်ကတိများလည်း မကြာခဏ ရေးထိုးပေးနေရသည်ဟု ၀န်ထမ်းများက ပြောသည်။

ဝန်ထမ်းတဦးက “ကိုရီးယားသူဌေး မြန်မာပြည် ရောက်လာပြီဆိုရင် စက်ရုံတာဝန်ရိှသူတွေက စာရွက်စာတမ်းတွေ မီးရှို့ပစ်လေ့ရှိတယ်။ လက်စဖျောက်ပစ်တဲ့ သဘော ဖြစ်နိုင်တယ်။ အလုပ်သမား ၀န်ကြီးဌာနက လာရောက်စစ်ဆေးရင်လည်း ပုံမှန်အလုပ်ချိန်ထက် ပိုပြီး မခိုင်းစေပါဘူး၊ ဒီစက်ရုံမှာ လုပ်ရတာ ပျော်ပါတယ်နဲ့ ကြီးကြပ်ရေးမှူးတွေ သင်ထားတဲ့အတိုင်း လိုက်ပြောကြရတယ်” ဟု ဆိုသည်။

အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူများကလည်း စက်ရုံများမှ လာဘ်ယူပြီး အလုပ်သမားအရေးဆိုင်ရာများကို ၀တ်ကျေတန်းကျေသာ စစ်ဆေးကြောင်း၊ နိုင်ငံခြားသား လုပ်ငန်းရှင်များကို အကာအကွယ်ပေး၍ မြန်မာအလုပ်သမားများ၏ နစ်နာဆုံးရှုံးမှုများကို အမြဲ လျစ်လျူရှုလေ့ရှိကြောင်း ၀န်ထမ်းများထံမှ သိရသည်။

Myue & Sue ကိုရီးယား အထည်ချုပ် စက်ရုံတွင် ၀န်ထမ်း ၁၅၀၀ ကျော်ရှိပြီး လစာနည်း ၀န်ထမ်းတဦး၏ အခြေခံ လစာမှာ ၂၄၀၀၀ ကျပ်သာ ဖြစ်သည်။ အချိန်ပိုကြေး၊ ဆုကြေး၊ ရက်လွန်ကြေးများပေါင်းလျှင် တလ ၅၀၀၀၀ ကျပ် ၀န်းကျင်ခန့်သာ ရရှိကြောင်း သိရသည်။

လက်ရှိတွင် ဇုန် (၄) ရှိ Miss Style ဖိနပ်စက်ရုံတွင် အလုပ်သမားများသည် ပိတ်ရက်မရှိ အလုပ်ဆင်းပေးရကြောင်း၊ ဇုန် (၂) ရှိ OPAL အထည်ချုပ် စက်ရုံတွင် နံနက် ၇ နာရီခွဲမှ ည ၈ နာရီ အထိ အလုပ်ဆင်းပေးနေရသော်လည်း ၎င်းတို့လစာမှာ ၆၀၀၀၀ ကျပ်ခန့်သာ ရသည်ဟု စုံစမ်းသိရှိရသည်။။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံ့ဝန်ထမ်း လစာနှုန်းများ တိုးမြှင့် သတ်မှတ်အပြီး လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ အိုပယ်၊ New Way, တိုင်ယီ၊ ချမ်းမင်း၊ Myue & Sue, ဘောဂကြီး အပါအ၀င် စက်ရံများတွင် ပုဂ္ဂလိက စက်ရုံဝန်ထမ်းလစာ တိုးမြှင့်ပေးရေး ဆန္ဒပြတောင်း ဆိုမှုများ ဖြစ်ပွားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်