ဂီရိ ဒုက္ခသည်များ ရေရှားပါးမှုကြုံနေ

E-mail Print
ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသော မြေပုံမြို့နယ်၏ကျေးရွာအများစုသည် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေကြရပြီး ရေကိုခွဲတမ်းစနစ်ဖြင့် သုံးစွဲနေကြရကြောင်း ဒေသခံများက ပြောသည်။

“ရေတွေကို ၅ နာရီလောက်မောင်းရတဲ့နေရာမှာ စက်လှေနဲ့သွားသယ်ရတယ်၊ အဲဒီအတွက် ဆီဖိုးမတတ်နိုင်ကြတော့ ရေကိုခွဲတမ်းစနစ်နဲ့သုံးနေရတယ်၊ တအိမ်ကို ၄ ဂါလန်၊ ၅ ဂါလန်လာက်ပဲရတယ်၊ ရေကတော့ ချိုးလို့မရဘူးပေါ့၊ နွားတွေ၊ ကျွဲတွေလဲ သေနေတာ ဆက်တိုက်ပါ”ဟု ပြင်ဝန်းရွာသား တဦးက ဧရာဝတီကို ပြောသည်။

မြေပုံမြို့နယ်အတွင်းမှ ၀ပေါ်ကြီး၊ ရနီကြီး၊ သင်ပေါင်းချောင်း၊ ရကန်၊ ရေရှင် စသည့်ကျေးရွာများနှင့်တခြားကျေးရွာတချို့၌ ရေခမ်းခြောက်နေပြီး ရာသီဥတုပူပြင်းခြင်း၊ တောမီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းတို့ကြောင့် ဒေသခံများသည် အခက်အခဲ ပေါင်းစုံနှင့်ရင်ဆိုင်နေကြရသည်ဟု ပြောဆိုကြသည်။

ရေကန်များတူးဖော်သော်လည်း ရေမထွက်၍ ဒုက္ခရောက်ကြရသည်ဟု ဆိုကြသည်။ လေဘေး ဒုက္ခသည်များသည် လေ မုန်တိုင်း ဒဏ်ခံခဲ့ရသည်မှာ ၅ လ ပြည့်မြောက်သည့်တိုင် နေစရာ၊ စားစရာ မလုံလောက်မှု၊ အလုပ်အကိုင်ရှားပါး၍ ၀င်ငွေ မရှိမှုတို့နှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။

“ပြီးခဲ့တဲ့ရက်က အဖွဲ့တခုကလာပြီးတော့ တအိမ်ကို ရေသန့်တဘူးနဲ့ဆပ်ပြာတုံး ၅ တုံးစီလာပေးတယ်၊ အဓိက လိုနေတာ ကဆန်ပါ”ဟု ပြင်ဝန်းရွာသားက ဆက်ပြောသည်။

ထိုဒေသ၌ လှူဒါန်းပေးနေသော ပြည်တွင်းပြည်ပ INGO၊ NGO အဖွဲ့ ၁၀ ဖွဲ့ဝန်းကျင်ရှိပြီး ယခုအခါ Save The Children အဖွဲ့တခုသာ တခါတရံ ပစ္စည်းတချို့လာလှူသည်ဟု ဒေသခံများထံမှ သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)၏ အတွင်းရေးမှူးနှင့်ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင် သည် ထိုဒေသ၌ ရောက်ရှိနေပြီး ရေတွင်း၊ ရေကန်များတူးပေးခြင်း၊ စားသောက်စရာ တချို့လှူဒါန်းခြင်း၊ ငွေလှူခြင်းတို့ လုပ်ပေး နေသည်ဟု ၎င်းက ဧရာဝတီကို ပြောသည်။

ရေရှားပါးမှုနှင့်ကြုံနေရသော ကျေးရွာတခုလျှင် ရေသယ်ယူရန်စက်လှေ ဆီစရိတ်အတွက် ကျပ် ၈ သိန်းစီနှင့် တချို့ရွာများကို ဆန်အိတ် ၃၀ ၊ ၅၀ စီလှူပေးနေသည် ဟု ဦးအေးသာအောင် က ဆိုသည်။

“ရွာတွေမှာ ပြောင်းသွားတဲ့စကားသံကတော့ ထမင်းစားပြီးပြီလားဆိုတဲ့အစား ထမင်း ချက်ရပြီလား”ဟု မေးခွန်းကို ပြောင်း လဲမေးမြန်းနေကြရကြောင်း သူက ဆိုသည်။

ဦးအေးသာအောင်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အဖွဲ့ဝင်တချို့သည် ပါတီ၏ ကိုယ်စား ဆန်နှင့်ငွေများလှူဒါန်းခဲ့ပြီး မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သော ကျီးခေါင်းတောင် ဘုရား၏ ထီးတော်အားပြီးခဲ့သည့်ရက်ပိုင်းက တင်လှူပူဇော်ခဲ့ကြ သည်။

မိုးရာသီသို့ ရောက်ရှိရန် ၂ လ ကျော်ကြာဦးမည်ဖြစ်၍ ရေရှားပါးမှု ပြဿနာသည် ဆက်လက်ကြီးထွားလာနိုင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“လာမယ့်မိုးရာသီမှာ လယ်တွေပြန်မစိုက်နိုင်ကြတော့ နောက်နှစ်မှာ ဆန်ရှားပါးမှု ကိစ္စဟာလဲပဲ အရေးကြီးတဲ့ ကိစ္စပါ”ဟု သူက ဆက်ပြောသည်။

မြေပုံမြို့နယ်အတွင်းမှ စပါးခင်းများအားလုံးသည် ရေလွှမ်းမိုးခံခဲ့ရ၍ စပါးများပျက်စီးသွားပြီး လယ်မြေများ၏ တာတမံ အားလုံး လည်း ကျိုးပဲ့ပျက်စီးသွားခဲ့ရသည်။ စပါးခင်းများပျက်စီးသွား၍ တနှစ်စာ စားရန် စပါးများမရရှိခဲ့သည့်အပြင် မျိုးစပါးများလည်း လုံးဝ မရှိတော့ဟု ဒေသခံများ က ပြောသည်။

ကျိုးပျက်သွားသည့် တာတမံများကို လယ်ပိုင်ရှင်များက ပြန်လည်တည်ဆောက်ခြင်း မလုပ်နိုင်၍ ငွေကြေးတတ်နိုင်သူများက ဒေသခံ အာဏာပိုင်များနှင့်ပူးပေါင်းကာ လယ်မြေများကို ဈေးနှိမ်ဝယ်ယူ၍ ပုစွန်ကန်များ အဖြစ်ပြောင်းလဲ နေကြသည်ဟု ဆိုကြသည်။

“ကျေးရွာ ဥက္ကဋ္ဌ က တချို့လယ်သမားတွေဘက်က ရပ်တည်ပေးတော့ ခြိမ်းခြောက်တာ ခံနေကြရတယ်”ဟု ဒေသခံ တဦး က ပြောသည်။

ယခုအခါ လယ်မြေဧက သောင်းချီ၍ ပုစွန်ကန်များအဖြစ် ပြောင်းလဲနေပြီး ပုစွန်မွေးရန် ဆားငန်ရေများသွင်းနေ၍ တခြား လယ် မြေများကိုပါ ထိခိုက်ပျက်စီးမှု ဖြစ်စေကြောင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း တာဝန်ယူဖြေရှင်းပေးမှု မရှိကြောင်း ဒေ သခံများက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်