မီးလောင်မှုကြောင့် မိသားစု ၃ စု အိုးမဲ့အိမ်မဲ့ဖြစ်

E-mail Print
ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်၌ မတ်လ ၂၄ ရက်နေ့နံနက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နှစ်ထပ်တိုက်တလုံး မီးထဲပါသွားခဲ့ပြီး မိသားစု ၃ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွား ခဲ့သည်။

မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီမြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ နှစ်ထပ်တိုက်တွင် ခြင်ဆေးခွေ ထွန်းထားရာမှ မွေ့ရာသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်တတိုက်လုံး ကုန်သွားတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ပစ္စည်းချည်းပဲ ကျပ် ၁၅ သိန်း ၀န်းကျင်လောက် ရှိတယ်။ တိုက်အိမ်တန်ဖိုးနဲ့ ဆိုရင်တော့ အဲဒီထက် ပိုများမှာပေါ့။ မိသားစု ၃ စု အိုးအိမ်မဲ့ ဖြစ်သွားရတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

ထို့အပြင် အဆိုပါနေ့ ညနေ ၅ နာရီ ၀န်းကျင်ခန့်ကလည်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းဈေး အနောက်ဘက်လမ်းနှင့် ရတနာမြိုင် လမ်းထောင့်ရှိ သမာဓိ ဆေးဆိုင် အပေါ်ထပ် ထပ်ခိုးတွင် မီးလောင်မှုတခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

“လျှပ်စစ်မီးကြိုးတွေ ရှော့ဖြစ်ပြီး မွေ့ရာကတဆင့် ထပ်ခိုး မီးလောင်တာပါ။ ရပ်ကွက်က အချိန်မီသိပြီး မီးငြှိမ်းသတ် နိုင်ခဲ့လို့ ပျက်စီးဆုံးရှုံးမှု သိပ်မဖြစ်ခဲ့ဘူး” ဟု ကမာရွတ်မြို့နယ် ရတနာမြိုင်လမ်းတွင် နေထိုင်သူ တဦးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သော အဆိုပါတိုက်ခန်း၏ အောက်ဘက်တွင် သမာဓိဆေးဆိုင် ဖွင့်လှစ်ထားပြီး အပေါ်ထပ် ထပ်ခိုးတွင်ယောက်ျားလေး ဘော်ဒါဆောင် အဖြစ် ငှားရမ်းအသုံးပြုထားခြင်း ဖြစ်ကြောင်း၊ ၎င်း တိုက်ခန်း အနီးတွင် ရေရောင်းချသည့် ဆိုင်ရှိနေခြင်းနှင့် လမ်းနေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု နည်းခဲ့ရကြောင်း ရတနာမြိုင် လမ်းနေ ပြည်သူများက ဆိုသည်။

သမာဓိဆေးဆိုင် ဖွင့်လှစ်ထားသည့် တိုက်ခန်းတွင် တပ်ဆင်ထားသော ၀ါယာကြိုးများ ဆွေးမြေ့ ပေါက်ပြဲနေခြင်းကြောင့် မီးလောင်မှုကို ဖြစ်ပွားစေခဲ့ပြီး ယခုတကြိမ်နှင့် ဆိုပါက အဆိုပါတိုက်ခန်းတွင် ၂ နှစ်အတွင်း ၃ ကြိမ်မြောက် အသေးစား မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အရည်အသွေးညံ့တဲ့ လျှပ်စစ်ပစ္စည်းတွေ သုံးစွဲကြတာကြောင့် မီးလောင်မှု ဖြစ်ရတာပါ။ လျှပ်စစ်ပစ္စည်း ဆိုတာ သူ့သက်တမ်း ရှိသလောက်ပဲ ခံနိုင်ရည်ရှိတာမျိုးပါ။ ဟောင်းနွမ်းပြီး ပျက်စီးလာရင် လဲသင့်ပါတယ်။ ဒါကိုလူတွေက ပေါ့ပေါ့လေး သဘောထားပြီး ဆက်သုံး နေကြတဲ့အတွက် အခုလိုမီးလောင်မှုတွေ ဖြစ်ရတာပါ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့မှ အရာရှိ တဦးက ပြောသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ တလတည်းတွင် မီးလောင်မှုပေါင်း ၁၀၇ ကြိမ် ဖြစ်ပွားခဲ့ရာ ပေါ့ဆမှုကြောင့် ၈၃ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

“ပေါ့ဆမီးတွေထဲမှာ မီးဖိုမီး၊ ခြင်ဆေးမီးနဲ့ လျှပ်စစ်ဝါယာရှော့က အများဆုံးပဲ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ် အရာရှိက ဆိုသည်။

ဖေဖော်ဝါရီလနှင့် မတ်လသည် မြန်မာနိုင်ငံ တစ်ဝန်း၌ မီးလောင်မှု အဖြစ်အများဆုံး အချိန် ဖြစ်ကြောင်း မီးသတ်ဦးစီး ဌာနက ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်