စစ်အစိုးရ လေလံကြောင့် စီးပွားရေးလည်ပတ်မှု ကျဆင်း

E-mail Print
စစ်အစိုးရက ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက် အအုံများကို ငွေကျပ်သန်း သောင်းချီ၍ ပုဂ္ဂလိကသို့ ရောင်းချမှုကြောင့် ဈေးကွက်အတွင်း လှည့်လည်နေသော ကျပ်ငွေများ အစိုးရထံသို့ အလုံးအရင်းနှင့် ပြန်လည်စီးဝင်ပြီး ငွေရှားပါးမှုနှင့် စီးပွားရေး နှေးကွေး ကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်း မပြုမီ စစ်အစိုးရက ပြည်သူပိုင်ပစ္စည်း အမြောက်အမြားကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့ကြောင်း၊ လေလံရရှိသည့် လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန် ဘဏ်များမှ ငွေချေးငှားခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ရောင်းခြင်းများ ပြုလုပ်ကြရာ စီးပွားရေးဈေးကွက်အတွင်း လှည့်လည်နေသော ငွေကြေးများ တစုတစည်းတည်း အလုံးအရင်းနှင့် အစိုးရထံ ပြန်လည်ရောက်ရှိသွားကြောင်း၊ ထိုသို့ရောက်ရှိခြင်းကြောင့် ငွေရှားပါးမှုဖြစ်ပေါ်ပြီး ကျဆင်းနေသော စီးပွားရေးအခြေအနေကို ပိုမိုနှေးကွေးလာစေကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေး အသိုင်းအဝန်းမှ သိရှိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးက “ဒီ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ အစိုးရက နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကကို ရောင်းပစ်တယ်။ ရောင်းလိုက်တဲ့ လုပ်ငန်းတွေကလည်း ငွေကျပ်သန်းကို ထောင်သောင်းသိန်းချီ တန်ဖိုးဖြတ်ပြီး ရောင်းတာ။ လုပ်ငန်းရှင်တွေကလည်း အမြတ်များမယ့်လုပ်ငန်း၊ အကျိုးများမယ့်မြေကွက်နေရာ၊ အဆောက်အဦးတွေ ရမှာဆိုတော့ ရှိတာထုတ်ရောင်းပြီး အစိုးရကို လေလံကြေးသွင်းတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုက ထိုးကျတယ်။ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ထပ်မ၀င်တော့ လုပ်ငန်းတွေက ပိုပြီးနှေးလာတယ်” ဟု
ပြောသည်။

စီးပွားရေးသမားကြီးများကလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းများသည် တနှစ်ထက်တနှစ် ကျဆင်းလာကြောင်း ပြောဆိုကြသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးက “အရောင်းအ၀ယ်၊ ရင်းနှီးမြှုပ်နှံမှုတွေက အချိန်ကြာလာနဲ့အမျှ ကျလာတယ်။ အစိုးရထိပ်ပိုင်း လူကြီးတွေနဲ့ စီးပွားရေးလုပ်နေတဲ့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို လူမျိုးတွေကလွဲရင် ကျန်တဲ့ စီးပွားရေးသမားတွေက ငုတ်တုတ်ကို မေ့နေတာ။ ရေလုပ်ငန်းသမားလည်း အလုပ်မဖြစ်၊ အရောင်းအ၀ယ်ကုန်သည်တွေလည်း ညည်းကြတယ်။ အလုပ်မဖြစ်လို့။ ဆောက်လုပ်ရေးကုမ္ပဏီတွေလည်း ကုမ္ပဏီမပြုတ်အောင် ရုန်းကန်ကြနဲ့ အားလုံးကျပ်တည်းတယ်” ဟု ဆိုသည်။

ပြည်တွင်းစီးပွားရေးပညာရှင်တဦးက စစ်အစိုးရသည် ပြည်သူပိုင်ပစ္စည်းများကို ရောင်းချခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုများကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်း၊ ဈေးကွက်လှည့်ပတ်ငွေကြေးများ အစိုးရထံ အလုံးအရင်းဝင်ရောက်ခြင်းကြောင့် စီးပွားရေး နာလန်မထူမှုများ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်သည်။

၎င်းက “ငွေရှားသွားတော့ ငွေတန်ဖိုးက တက်လာမယ်။ ဒါကို စီးပွားရေးတက်လို့ ငွေတန်ဖိုးတက်တယ် ပြောလို့မရဘူး။ ရှားလို့တက်တာ။ လှည့်ပတ်ငွေရှားရင် စီးပွားရေးကျမယ်။ စီးပွားရေးကျရင် ၀င်ငွေကျပြီး အောက်ခြေ
လူတန်းစားတွေ ပိုများမယ်။ စားဝတ်နေရေး ကျပ်မယ်။ လူတွေ ဒီ့ထက်ပိုဆင်းရဲမယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ ဘိန်းမှောင်ခိုနှင့် တရားမ၀င် သစ်ရောင်းချခြင်း အပါအ၀င် မှောင်ခိုလုပ်ငန်းများမှ ရရှိသော ငွေမည်းများကို ငွေဖြူအဖြစ် အသုံးပြုလိုသူများကလည်း အစိုးရလေလံများကို ဈေးကြီးပေးဝယ်ယူခြင်းဖြင့် ငွေကြေးခ၀ါချမှုများ ပြုလုပ်နိုင်ကြောင်း ထောက်ပြသည်။

ကျပ်ငွေ ရှားပါးခြင်းကြောင့် မတ်လ ပထမအပတ်က အမေရိကန် တဒေါ်လာ ၈၉၀ ၀န်းကျင်ရှိရာမှ မတ်လ ၃၀ ရက်နေ့တွင် တဒေါ်လာ ၈၆၀ ကျပ်အထိ မြန်မာငွေတန်ဖိုး တက်လာသည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံများကို လေလံတင်ခဲ့ရာ
စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာဇာတ်ရုံ မြေကွက်နှင့်အဆောက်အအုံ တခုတည်းကိုပင် ပြည်တွင်း လုပ်ငန်းရှင် နှစ်ဦးက ငွေကျပ် သန်းပေါင်း ၅၆၇၇၇ သန်းဖြင့် ဝယ်ယူခဲ့သည်။

“ပဒုမ္မာဇတ်ရုံနဲ့ မြေကွက်ကို ဈေးအကြီးဆုံးပေး လေလံနိုင်သွားတာက PAC Link ကုမ္ပဏီပိုင်ရှင် ဒေါက်တာကိုကိုကြီးနဲ့ ပရီမီယာကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်တို့နှစ်ဦး စပ်တူလေလံ အောင်တယ်။ လေလံအောင်တဲ့ဈေးရဲ့ ၃၀ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း အစိုးရကို သွင်းရမယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၃ လ ကနေ ၆ လအတွင်း သွင်းရမယ်” ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ပြောသည်။

ဒေါက်တာ ကိုကိုကြီးနှင့် ဦးထွန်းရင်တို့နှစ်ဦးက ပဒုမ္မာဇာတ်ရုံကို စပ်တူလေလံအောင်မြင်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ဦးထွန်းရင်သည် ဒေါက်တာ ကိုကိုကြီး ပိုင်ဆိုင်သော PAC Link ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီတခုဖြစ်သည့်
ပရီမီယာကုမ္ပဏီကို ကြီးကြပ်အုပ်ချုပ်နေသော ရှယ်ယာပိုင်ရှင် တဦးမျှသာဖြစ်ကြောင်း၊ ဒေါက်တာကိုကိုကြီးသည် အမည်မခံဘဲ စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ဆောင်နေသူဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဒေါက်တာ ကိုကိုကြီးနှင့် နီးစပ်သူ ပြည်တွင်းစီးပွားရေးသမားတဦးက “နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ Capital Hyper Market, ဒိုင်မွန်းစတားဂျုံမှုန့်၊ အာမိုဓာတ်မြေသြဇာ၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဆေးရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ ပရီမီယာကော်ဖီနဲ့ ခေါက်ဆွဲထုပ်တွေလို စားသောက်လုပ်ငန်းတွေ အပါအ၀င် စီးပွားရေးလုပ်ငန်းကြီးတွေ တော်တော်များများကို ဒေါက်တာ ကိုကိုကြီးက ပိုင်တယ်” ဟု ပြောသည်။

ဒေါက်တာ ကိုကိုကြီးသည် စင်ကာပူနိုင်ငံတွင်သာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ တလလျှင် တကြိမ်၊ နှစ်ကြိမ်ခန့် ပြန်လာကာ စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲကြောင်း၊ ၄င်း၏ ကုမ္ပဏီတွင် စစ်ဗိုလ်ချုပ်များ၏ ရှယ်ယာများ ပါဝင်နိုင်ကြောင်း ပြည်တွင်းစီးပွားရေးသမားများက သုံးသပ်သည်။

စစ်အစိုးရလေလံတင်သော ပြည်သူပိုင်အဆောက်အအုံ၊ မြေကွက်နှင့် လုပ်ငန်းအများစုကို ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူ စီးပွားရေးသမားကြီးများက ရရှိလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်