နေပြည်တော် အနှိပ်ခန်းများ ဆက်ဖွင့်နေ

E-mail Print
နေပြည်တော်နှင့် ပျဉ်းမနားမြို့တွင် စည်းကမ်း ဥပဒေနှင့် မညီညွတ်သော အနှိပ်ခန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများ တိုးပွားနေပြီး အာဏာပိုင်များ၏ အကာအကွယ်ကိုယူ၍ လုပ်ကိုင်နေကြကြောင်း ဒေသခံများက ပြောသည်။

naypyitaw-nightclubပျဉ်းမနားမြို့အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) က ယခုလ ၈ ရက်နေ့တွင် ပျဉ်းမနားရှိ ကာရာအိုကေများ၊ စင် တင် တေးဂီတများ၊ ဗျူတီပါလာများနှင့် အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာ လုပ်ငန်းများကို စည်းကမ်းချက်များ ထုတ်ပြန်၍ ဖမ်းဆီး နှိမ်နင်းနေသည်ဟု ဆိုသော်လည်း ယနေ့အထိ ယခင်ကာလကဲ့သို့ ဆက်လက် လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း ပျဉ်းမနားမြို့ပေါင်းလောင်း ရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပြသည်။

“စည်းကမ်းချက်ထုတ်တယ်၊ ဖမ်းဆီးနှိမ်နင်းနေတယ်သာ ဆိုတာ ဆိုင်တွေကတော့ ဆက်ပြီးလည်ပတ်နေတုန်းပဲ။ ပြီးခဲ့တဲ့ စနေနေ့တုန်းကဆို ပေါင်းလောင်း ၁၅ လမ်းမှာ အနှိပ်ခန်းအသစ် တခုတောင် ထပ်ဖွင့်လိုက်သေးတယ်”ဟု ၎င်းက ဆိုသည်။

ကာရာအိုကေဆိုင်များ၊ စင်တင်တေးဂီတများ၊ ဗျူတီပါလာများနှင့် အနှိပ်ခန်းများကို ပြည့်တန်ဆာလုပ်ငန်းနှင့် ပတ်သက်ပါက ထိရောက်စွာအရေးယူမည်ဟု ဆိုသော်လည်း ဆိုင်ငယ် ဆိုင်သေးများသာ အရေးယူဖမ်းဆီးခံရလေ့ရှိပြီး လမ်းမကြီးများပေါ်ရှိ ဆိုင်ကြီးများမှာမူ အရေးယူခံရလေ့မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုတလောဖမ်းတာက တော်တော်ဖမ်းတာတွေ့ရပါတယ်။နေ့လယ်ခင်းတောင် ဖမ်းဆီးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ ဖမ်းတာတွေက တကယ့်ဆိုင်သေးသေးလေးတွေပဲ ဖြစ်နေတယ်။ ချယ်ရီလမ်းက လမင်းအိမ်တို့၊ ယောက်သွားအင်းက တော်ဝင် နန်း တို့ ၊ Famousတို့လို တနေရာတည်းမှာ ကာရာအိုကေ၊ စင်တင်၊ ဗျူတီပါလာကော အနှိပ်ခန်းကော ရတဲ့ဆိုင်ကြီးတွေ က တော့ မီးတွေထိန်လင်းနေတာ ဖွင့်နေတာပဲဗျ”ဟု ပျဉ်းမနား ရွာကောက်ရပ်ကွက်၌ နေသူ တဦးက ပြောသည်။

နေပြည်တော်သို့ အစိုးရရုံးများမရွှေ့မီ၂၀၀၆ ခုနှစ်က ပျဉ်းမနားမြို့တွင် အနှိပ်ခန်းများ၊ ကာရာအိုကေများ၊ ဗျူတီပါလာများနှင့် စင် တင်တေးဂီတများ အနည်းငယ်သာရှိခဲ့ပြီး အစိုးရရုံးစိုက်ရာမြို့ကို နေပြည်တော်သို့ ရွှေ့ပြောင်းရန် တည်ဆောက်ရေးလုပ်ငန်းများစတင်လာချိန်တွင်မူ အဆိုပါ လုပ်ငန်း အများအပြားပေါ်ပေါက်လာခဲ့ကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပြသည်။

“တည်ဆောက်ရေးလုပ်ငန်းတွေက ငွေသုံးနိုင်ကြတယ်လေ။သူတို့က ငွေလည်း ရလွယ်တယ်။ တနေကုန် ဆိုက်ထဲမှာလုပ်။ ည ဆို
ကာရာအိုကေ သွား၊ ဘီယာသောက်၊ အနှိပ်ခန်းဝင် လုပ်နိုင်ကြတယ်လေ။ ဒေသခံတွေကတော့ အဲဒီလောက် ၀င်ငွေမကောင်း တော့ သိပ်မသွားနိုင်ကြဘူး။ သွားတဲ့လူတွေလည်း ရှိကြပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့မှ နေပြည်တော်သို့ တာဝန်ကျသော အစိုးရအရာရှိတဦးကလည်း“ရန်ကုန်မှာက အနှိပ်ခန်း ဆိုရင် တဆက်ရှင်(တနာရီ) ကို ကျပ် ၂၅၀၀၊ ၃၀၀၀ လောက်ကနေ သိန်း ဂဏန်း အထိရှိတယ်။ ဒီမှာကတော့ တဆက်ရှင်(၄၅ မိနစ်)ကို အနည်းဆုံး ၅၀၀၀ ပဲ။ ဒီမှာက တည်ဆောက်ရေးလုပ်ငန်းတွေက လူတွေက ပိုက်ဆံပေါတော့ တောင်းချင်သလောက် တောင်းလို့ရတယ်။ ပေးတဲ့သူက လည်း ငွေကို ငွေလို့ မထင်အောင်ပေးကြတာပဲ”ဟု ပြောကြားသည်။

ရန်ကုန်မြို့ထက် နေပြည်တော်ရှိ ကာရာအိုကေ လုပ်ငန်းများ၌ လုပ်ကိုင်ရခြင်းက ၀င်ငွေ ပိုကောင်းကြောင်း နေပြည်တော်ရှိ ကာရာအိုကေ ဆိုင်ခန်းတခုတွင် ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်မှ လာရောက် လုပ်ကိုင်နေသည့် အသက်၂၂ ခန့်ရှိ မသူဇာ (အမည်ရင်း မဟုတ်)က ပြောပြသည်။

“သမီးတို့ ရန်ကုန်မှာဆို တဆက်ရှင်(တနာရီ)မှ သမီးလုပ်တဲ့ဆိုင်က ကျပ် ၄၀၀၀ ပဲ။ သမီးတို့ရတာက ၇၀၀ ပဲရတယ်။ ဒီမှာက တ ဆက်ရှင်(၄၅ မိနစ်)ကို ၆၀၀၀။ သမီးတို့က ၁၅၀၀ ရတယ်။ ဒီက ဆောက်လုပ်ရေးကုမ္ပဏီက လူတွေကု မုန့်ဖိုးဆိုလည်း သောင်းနဲ့သိန်းနဲ့ချီ နင့်နေအောင်ပေးကြတာ။ ရန်ကုန်မှာ သမီးတို့ဖောက်သည်တွေက ၀န်ထမ်းတွေဆိုတော့ လေးငါးထောင်ပဲ ရတာလေ။ တကယ် ဈေးကြီးတဲ့ စားသောက်ဆိုင်တွေက သူတွေကတော့ ရတာပေါ့။ သမီးတို့လို ဈေးချိုတဲ့ ဆိုင်တွေကတော့ သိပ်မရကြဘူး။ ဒီမှာကတော့ ဘယ်နေရာဖြစ်ဖြစ် ငွေကတော့ သောက်သောက်လဲရတယ်”ဟု မသူဇာက ပြောသည်။

မသူဇာသည် ရွှေပြည်သာရှိ မိဘများကို အလှပြင်ဆိုင်တွင် အလုပ်လုပ်နေသည်ဟု ပြောဆိုထားပြီး တလလျှင် ကျပ် နှစ်သိန်းခန့် လစဉ် ပေးပို့နေသူတဦးဖြစ်ကြောင်း သိရသည်။

မသူဇာက ဆက်လက်၍“သမီး သုံးပြီး၊ စားပြီး၊ သောက်ပြီး နှစ်သိန်းလောက် ပို့နိုင်တယ်ဆိုတာ ကျန်တဲ့အလုပ်မှာ မဖြစ်နိုင်ဘူးလေ။ သမီး အရည်အချင်းနဲ့။ တနေ့မှာတော့ ဒီအလုပ်က ရုန်းထွက်မယ် စိတ်ကူးတယ်။ သမီးဘာသာလည်း ပိုက်ဆံ စုထားရတာလေ”ဟု ပြောဆိုသည်။

ထိုလုပ်ငန်းများသည် ၀င်ငွေကောင်းသကဲ့သို့ တဘက်တွင်လည်း ဌာနဆိုင်ရာအရာရှိကြီးများ၊ စစ်ဘက်နှင့်ရဲဘက်မှအရာရှိကြီးများအား ငွေကြေး လာဘ်လာဘများပေး၍ အကာအကွယ်ယူလာကြသဖြင့် ဖမ်းဆီး အရေးယူရာတွင် အခက်အခဲဖြစ်စေကြောင်း ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် ပါဝင်သူတဦးက ပြောသည်။

“ကျနော်တို့က တကယ်ဖမ်းချင်ရင်တောင် သူတို့(အနှိပ်ခန်း၊ ကာရာအိုကေ စသည်)က အဘ ဘယ်သူ့ကို ဘာပေးထား တာ၊ သတင်း တပ်ဖွဲ့က ဘယ်သူက ရှယ်ယာပါတာ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဘယ်အရာရှိကြီးပါတာတို့၊ စရဖ က ဘယ်သူ့မိတ်ဆွေပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း အကုန် မဖမ်းရဲဘူး။ တခုမှ မဖမ်းပြန်ရင်လည်း အထက်က ကိုယ့်ကို ထုချေလွှာတင်ခိုင်း ဦး မယ်။ တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် အဆိုပါ လုပ်ငန်းများတွင် ရှယ်ယာထည့်ဝင်သူ၊ ပိုင်ဆိုင်သူများ၊ စစ်ဘက်၊ ရဲဘက်မှ အရာရှိကြီးများ၏ မည်ကို ထုတ်ဖော်ပြောကြားရန်မူ ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် ပါဝင်သူက ငြင်းဆိုသည်။

ကာရာအိုကေ၊ အနှိပ်ခန်း၊ ဗျူတီပါလာ၊ စင်တင်တေးဂီတ စသည့် လုပ်ငန်းများအမည်ခံ ပြည့်တန်ဆာလုပ်ငန်းများသည် သက်ဆိုင် ရာ မြို့နယ်မှူး(ရဲ)၊ နယ်မြေ ရဲစခန်းမှူး ၊ နယ်မြေခံ ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) စသည့်တို့ကို ဆိုင်အကြီးအသေးအလိုက် ကျပ် ၅၀၀၀၀ မှ ၁ သိန်းအထိ ပေးရကြောင်းနှင့်
မြို့နယ် ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ၊ မယက ရန်ပုံငွေ၊ ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(ခယက) ရန်ပုံငွေစသည်တို့ကို လည်း ကျပ် ၁ သိန်းစီ ထည့်ဝင်ကြရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“တလကို လိုင်းကြေးကတင် ကျပ် ၆ သိန်း၊ ၇ သိန်းလောက်ရှိတယ်။ ကျနော်က ဆိုင်လည်းကြီးတော့ ပိုပေးရတယ်။ ဆိုင်သေး တွေ ဆိုရင်တော့ ၃ သိန်းလောက်ဆိုရတယ်လေ”ဟု နေပြည်တော် ရာဇဌာနီ လမ်းရှိ ကာရာအိုကေ ဆိုင်ရှင်တဦးက ပြောသည်။

ယင်း ကာရာအိုကေ၊ ဗျူတီပါလာ၊ စင်တင်တေးဂီတနှင့် အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာ လုပ်ငန်းအများစုသည် နေပြည်တော် ရာဇဌာနီ လမ်းတွင်ရှိပြီး ယခုအချိန်အထိ ဖွင့်လှစ် လုပ်ကိုင်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်