အစိုးရသစ် ဌာနဆိုင်ရာများ စနစ်တကျလည်ပတ်ရေး အချိန်ကြာဦးမည်

E-mail Print
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများအကြား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ဘဏ္ဍာရေးခွဲဝေ သုံးစွဲမှုတွင် အခက်အခဲများ ကြုံတွေ့နေရသည် ဟု ၀န်ကြီးဌာနများ၏ အုပ်ချုပ်ရေးဆိုင်ရာအဆင့်မြင့်အရာရှိများအကြား ဝေဖန် ပြော ဆိုမှုများရှိနေသည်။

mm-new-govအဆိုပါ အခက်အခဲများကြောင့် အစိုးရသစ်လက်ထက် အုပ်ချုပ်မှုယန္တရားသစ်ဖြင့် စနစ်တကျလည်ပတ်နိုင်ရန် အချိန်ကြာမြင့် မည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ စီမံကိန်းများ ရေးဆွဲရေးဌာနမှ အရာရှိတဦးက ဧရာဝတီ ကို ပြောသည်။

“အရင်တုန်းက ဥပမာ ပညာရေးဝန်ကြီးဌာနမှာ ၀န်ကြီးတယောက်ပဲရှိတယ်။ သူက တတိုင်းပြည်လုံး ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ဆုံးဖြတ်လုပ်ကိုင်တယ်။ အခု တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်ပညာရေးဝန်ကြီးတွေပေါ်လာတော့ သူ တို့ကို စီမံအုပ်ချုပ်ခွင့် ဘယ်လောက်ပေးမလဲဆိုတာ လိုလာပြီလေ”ဟု ၎င်းက ပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့်ရှိဝန်ကြီးဌာနအသီးသီးနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးအဆင့်များက ၀န်ကြီးဌာနများ စီမံအုပ်ချုပ်ရေး ယန္တရားအတွက် စီမံချက်များရေးဆွဲနေဆဲဟု သိရသည်။

အစိုးရသစ်၏အုပ်ချုပ်ရေးယန္တရားအသစ်အရ တနိုင်ငံလုံးတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၃၄ ခု နှင့် ၀န်ကြီး ၃၀ ရှိပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစိုးရများတွင် ၀န်ကြီးချုပ်ဦးဆောင်သော ၀န်ကြီးဌာန ၁၄ ခု ရှိလာပြီး ၀န်ကြီး ၉ ဦး က စီမံအုပ်ချုပ်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းများ ရေးဆွဲရာဌာနမှ အရာရှိက“လောလောဆယ်အုပ်ချုပ်ရေးသစ်အတွက် ဥပမာ လုပ်ပိုင်ခွင့်ခွဲဝေ သတ်မှတ် ရေးနဲ့ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှုတွေ သတ်မှတ်ပေးဖို့ ရေးဆွဲနေဆဲကာလဖြစ်သလို ၊ ဒါကို အတည်ပြုမယ့်ကာလတွေကလည်း ရှိသေးတော့ ဒီလို အုပ်ချုပ် ရေး ပုံစံအသစ်နဲ့ လည်ပတ်နိုင်ဖို့ကတော့ ကြာဦးမယ့် အနေအထားမှာ ရှိတယ်”ဟု ပြောသည်။

“အမှန်ဆိုရင် အစိုးရသစ်မတက်ခင်ကတည်းက  ကြိုတင်ပြီး အုပ်ချုပ်မှုစနစ် ဘယ်လိုသွားမလဲဆိုတာတွေကို ဆွေးနွေး ၊ အ တည် ပြုပြီး အစိုးရသစ်တက်တာနဲ့ အုပ်ချုပ်မှုစနစ်သစ်အတိုင်း စတင်ကျင့်သုံးနိုင်ရင်တော့ ကောင်းတာပေါ့။ အခုက စဆွဲ နေ တုန်းဆိုတော့ နည်းနည်းလွဲနေတာလေးတွေ ရှိတာပေါ့။ အခုက အမည်ခံအနေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် ၀န်ကြီး
တွေရှိနေတယ်၊ ဒါပေမယ့် ဘာမှလုပ်ပိုင်ခွင့်မရှိသေးတဲ့ သဘောမျိုးဖြစ်နေတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်စိုးက လက်ရှိ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း မည်မျှအထိ လုပ်ပိုင်ခွင့်ရရှိမည် ၊ မည်ကဲ့သို့ လုပ်ဆောင်နေသည်နှင့် ပတ်သက်၍ အသေးစိတ် ပြောဆို၍ မရသေးကြောင်း ဧရာဝတီ သို့ ပြောသည်။

“လုပ်ငန်းပိုင်းအနေနဲ့ကတော့ လုပ်စရာရှိတာတွေ ဆက်လုပ်နေပါတယ်။ ပြည်သူကို အကျိုးပြုမယ့် ကိစ္စတွေချည်းပါပဲ”ဟု ဦး
ကျော်စိုးက ပြောဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့၌ တိုင်းရင်းသား ၀န်ကြီးများပါဝင်နေရာ ရခိုင်ပြည်နယ်အစိုးရတွင် ၀န်ကြီးနေရာ ၃ နေရာ ရရှိ ထား သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ တာဝန်ရှိသူတဦးကို မေးမြန်ရာ ယင်း ၀န်ကြီး ၃ ဦးသည် ရုံးခန်းပင် မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၏ ဥက္ကဌ ဒေါက်တာ သန်းငြိမ်း ကလည်း“လွှတ်တော်ရေးရာ ကော်မတီတွေ ဖွဲ့စည်း ခဲ့ပေမယ့် လောလောဆယ် ဖွဲ့စည်းရုံသက်သက် ပဲရှိပါသေးတယ်၊ တကယ်အလုပ်တွေ စလုပ်နိုင်မှာက မေလဆန်းမှ ဖြစ် လိမ့် မယ်ထင်တယ်”ဟု ပြောသည်။

NDF သည် အစိုးရအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်တွင် ပါဝင်ခွင့်မရရှိခဲ့သော်လည်း အမျိုးသားလွှတ်တော်နှင့်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်များ ၏ ရေးရာကော်မတီများတွင် ၎င်းတို့ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရခဲ့သည်။

ယခင်စစ်အစိုးရက“ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ” နှင့် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဥပဒေ”များကို ရွေး ကောက်ပွဲမတိုင်မီ ၂၀၁၀ အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး၍ ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေ အခန်း (၄) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှု အခွင့်အာဏာ”ဟု ပြဌာန်းထားသော်လည်း လက်တွေ့တွင် တိကျသောအုပ်ချုပ်မှု အခွင့် အာဏာခွဲဝေမှု မရှိသေးပါ။

“ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်အလိုက် အမည်ခံဝန်ကြီးတွေတော့ ရှိလာပြီ အမှန်တကယ် အာဏာရပြီး လုပ်ပိုင်ခွင့် တော့ မရသေးဘူး၊ ဒေသတွင်း လည်ပတ်နေတဲ့ လုပ်ငန်းများကို လှည့်လည်စစ်ဆေးရုံကလွဲပြီး လမ်းညွှန်ချက်တစုံတရာပေးဖို့ အာဏာ မရသေးဘူး”ဟု အားကစား ၀န်ကြီးဌာနမှ ဌာနဆိုင်ရာ အရာရှိတဦးက ပြောသည်။

ထိုအရာရှိက“ကိုယ့် တိုင်းထဲမှာ ဘောလုံးကွင်းအသစ်တခု ဆောက်မယ်၊ အားကစားမျိုးဆက်သစ်တွေခေါ်မယ်ဆိုရင် ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဘယ်သူ့ဆီကနေ တောင်းခံရမလဲ ဆိုတာ လောလောဆယ် မသိတဲ့ပြဿနာဖြစ်နေတာပေါ့။ အရင်က အားကစား ၀န်ကြီးက တယောက်ပဲ ရှိတယ်။ အခု တိုင်းအဆင့်ဝန်ကြီးဆီ တင်ရမှာလား။ ပြည်ထောင်စုအဆင့်ကိုသွားတင်ရမလား ဖြစ်နေ တယ်”ဟု ဆိုသည်။

သမ္မတအဖြစ် ကျမ်းသစ္စကျိန်ဆိုပြီးတပတ်အကြာ ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်၏မိန့်ခွန်းတွင်“အစပိုင်းတွင် ပြည်ထောင်စုအဆင့် လုပ်ရမည့်လုပ်ငန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်လုပ်ရမည့်လုပ်ငန်းများမှာ ရောထွေးယှက်တင်မှုများရှိနေမည်ဖြစ် သော်လည်း အတွေ့အကြုံရှိလာသည်နှင့်အမျှ သီးခြားခွဲထုတ်လုပ်ကိုင် လာနိုင်ကြမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏ ဘတ်ဂျက်ရသုံးငွေစာရင်းများကိုလည်း လုပ်ငန်းများအခြေတကျမဖြစ်မီ ပြည်ထောင်စုအဆင့်မှထိန်းကျောင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း” ဟု ပြောဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်