အကျဉ်းသားမိသားစုဝင်များ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်

E-mail Print
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ်ကို အစိုးရသစ်က မကြာခင် ကြေညာနိုင်ဖွယ် ရှိသည်ဆိုသည့် သတင်းများကြောင့် အင်းစိန် အကျဉ်းထောင်ရှေ့တွင် အကျဉ်းသား မိသားစုဝင်များက သွားရောက်စောင့်ဆိုင်းနေခဲ့ကြကြောင်း သတင်းများရရှိသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြည်ပ ပထမဆုံးခရီးစဉ်အဖြစ် အာဆီယံ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် ထုတ်ပြန်မည်ဟု အမည်မဖော်လိုသူ အစိုးရအရာရှိ တဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့သည်။

အဆိုပါ သတင်းကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ အပါအ၀င် အခြားသော အကျဉ်းသား မိသားစုဝင်များနှင့် သတင်းသမားများသည် မေလ ၄ ရက်နေ့ကတည်းက အင်းစိန်ထောင်ရှေ့သို့ စုရုံးရောက်ရှိ လာခဲ့ကြကြောင်း သိရသည်။

“သတင်းကြားလို့၊ သားလွတ်လာ မလားလို့ မိုးရွာထဲ ထောင်ရှေ့သွားစောင့်တာ၊ ဒီနေ့တော့ အဖျားတက်နေလို့။ သားလွတ်လာရင် မကြိုနိုင်ဘူး။ သားငယ်ကို ထောင်ရှေ့သွားစောင့် ခိုင်းထားတယ်။ သားကြီးလွတ်ခဲ့ရင် အမေ့ကို လာပြောဖို့ လေ။ အစိုးရသစ် တက်လာရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာထုံးစံပဲလေ”ဟု နိုင်ငံရေး အကျဉ်းသား ကိုမင်းမင်း၏ မိခင်ဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဒေါ်အေး က ဧရာဝတီကိုပြောသည်။

ဒေါ်အေးကဆက်လက်ပြီး“သားက လူကောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး  လွှတ်ပေးဖို့ ဆုတောင်းရင်း ထောင်ကျသွားတာ”ဟု ပြောသည်။

အင်းစိန်ထောင်ရှေ့လာရောက်စောင့်ဆိုင်းနေသော နိုင်ငံရေးအကျဉ်းသား ဦးတင်ယု၏ဇနီးကလည်း အသက် ၆၀ ကျော်၊ ကျန်းမာရေးမကောင်းသည့် ခင်ပွန်းသည်အတွက် မျှော်လင့်မိသော်လည်း ယုံကြည်မှုနည်းပါးကြောင်း ပြောသည်။

အင်းစိန်အကျဉ်းထောင်ရှေ့တွင် သတင်းသမား ၅၀ ခန့် အပါအ၀င် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ၊ အခြား အကျဉ်းသား မိသားစုဝင်များမှာ ယခုအထိမျှော်လင့်စောင့်ဆိုင်းနေကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဆက်တိုက်တောင်းဆိုနေတယ်၊ တိုင်းရင်းသားပါတီတွေကလည်း တောင်း ဆို နေတယ်၊ အားလုံးပဲ အင်တိုက်အားတိုက်တောင်းဆိုနေကြတော့ ပေးလိမ့်မယ့်လို့တော့ ကျမတို့လည်းမျှော်လင့်မိတယ်” ဟု မွန်ပြည်နယ် သထုံထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်မြင့်၏ အစ်မဖြစ်သူက ဧရာဝတီ ကိုပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ စာရင်းများအရ မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ပေါင်း၂၀၀၀ ကျော်ရှိနေပြီးအများစုမှာ မိသားစုနှင့်ဝေးလံသော အကျဉ်းထောင် များသို့ ပြောင်းရွှေ့ခံထားရသည်။

ထို့ကြောင့် မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာသွားရောက်တွေ့ဆုံရေးအတွက် အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်နေကြ ရကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ပြောသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပါအ၀င် ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးလှုပ်ရှားမှုမှာ အရှိန်ရလာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပူးပေါင်းပါဝင် လက်မှတ် ထိုးကြရာ လက်မှတ်ပေါင်း ၂ သောင်းကျော် အထိ ရရှိလာခဲ့သည်။

ထို့အပြင် လူအများ လေးစားသည့် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူ ၁၀၈ ဦး ကလည်း လက်မှတ်ထိုးတောင်းဆိုထားသည်ဟု လက်မှတ်ထိုး တောင်းဆို လှုပ်ရှားမှု ဦးဆောင်သူ တဦးဖြစ် သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ဒီနေ့ကတော့ အားလုံးအတွက် အမျှော်လင့်ဆုံး နေ့လေ။ ဒီနေ့က သောကြာနေ့လည်း ဖြစ်နေတယ်။ နောက်ရက်တွေက ရုံးပိတ်ရက်လည်းဖြစ်တယ်။ ကျနော်တို့တော့ တကယ်လွတ်လာဖို့အတွက် မျှော်လင့်တယ်၊ ညနေတော့ ဖြစ်နိုင်ခြေများဖို့ ဆုတောင်းမျှော်လင့်တယ်”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးမြို့မှ ရှေ့နေဦးမြင့်သွင်က အကျဉ်းသားလွှတ်ရေးကိစ္စအပေါ် ဥပဒေရှုထောင့်အရ အစိုးရအဖွဲ့ တခု အနေနဲ့ မဖြစ် မနေလုပ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လည်း သမ္မတကလွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်ဟု ဖော်ပြ သကဲ့သို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်မှ ဥပဒေပြဌာန်းပြီးပေးရမည် ဖြစ်ကြောင်း ထောက်ပြသည်။

“သမ္မတအသစ်အနေနဲ့ ခက်နေတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကိစ္စ ရှိနေတာမို့ပါ၊ ဒါကြောင့် သမ္မတက ချက်ချင်းမပေးနိုင်ဖြစ်နေတာနေမှာပါ။ ပေးတာတော့ပေးမှာပါ။ ပေးမယ်လို့လဲ ကျနော်မျှော်လင့်ယုံကြည်ပါတယ်”ဟု ဦးမြင့်သွင်က ဆက်လက်ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံ အကျဉ်းထောင်များထဲရှိ အကျဉ်းသားများထောင်နှင့်ချီ လွှတ်ပေးခြင်းများ ရှိခဲ့သော်လည်းအများစုမှာ လွတ်ရက်စေ့သူများနှင့်လွတ်ရက် နီးကပ်နေသူ များကြောင်း၊ နိုင်ငံရေး အကျဉ်းသား ပါဝင်မှုမှာ လွန်စွာနည်းပါးကြောင်း AAPP မှ သိရသည်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က“အစိုးရ အဆက်ဆက်က နိုင်ငံရေးအကျဉ်းသားလွှတ်တာကို နိုင်ငံတကာဖိအားတွေက ရှောင်လွှဲဖို့အတွက်ပဲ သူတို့က ဟန်ပြ လွှတ်ပေးလေ့ရှိခဲ့တယ်”ဟု ဧရာဝတီကိုပြောသည်။

လင်းသန့်နှင့် ကြည်ဝေ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်