မြန်မာ အာဆီယံ ဥက္ကဌ ဖြစ်ရေး စိန်ခေါ်မှုများစွာရှိ

E-mail Print
မြန်မာ အစိုးရသစ်က ၂၀၁၄ ခုနှစ်အတွက် အာဆီယံ ဥက္ကဌ ဖြစ်ရေးကြိုးစား ခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများ အကြား အငြင်းပွားမှုများဖြစ်ခဲ့ပြီး ယခုချိန်အထိ မသေချာသေးကြောင်း သိရသည်။

asean-18th

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မေလ ၇ – ၈ ရက် ၂ ရက် ကျင်းပပြီးစီးခဲ့သည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင်၂၀၁၄ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌ တာဝန်ယူရန် မြန်မာဘက်က အဆိုပြုတင်ပြခဲ့သည်။

အာဆီယံ အဖွဲ့၏ မူများအား မြန်မာအစိုးရ၏ လိုက်နာဆောင်ရွက်သည့်အပေါ်မူတည်၍ အာဆီယံ ခေါင်းဆောင်များအနေဖြင့် လက်ခံစဉ်းစားမည်ဟု လက်ရှိ ဥက္ကဌ ကြေညာချက်တွင်ဖော်ပြထားပြီး ယခုကိစ္စကို လာမည့် အောက်တိုဘာ လ ဘာလီကျွန်းတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဟု အာဆီယံအရာရှိတဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

၂၀၁၅ ခုတွင် အာဆီယံ လူ့အဖွဲ့အစည်း တစည်းတလုံးတည်း ဖြစ်ပေါ်ရေးအတွက် ၂၀၁၄ အာဆီယံ ဥက္ကဌတာဝန်သည် အရေးပါသောကြောင့် မြန်မာအနေဖြင့် အဆင်သင့်မဖြစ်နိုင်သေးဟု လေ့လာသူများကလည်း ထောက်ပြကြသည်။

သို့အတွက်ကြောင့် အဖွဲ့ဝင်နိုင်ငံများက မြန်မာအနေဖြင့် ၂၀၁၆ ခုနှစ်မှသာ လက်ခံရန်တိုက်တွန်းမှုများပြုလုပ်ခဲ့သည်ဟု အာဆီယံ အရာရှိ တချို့ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိ ဥက္ကဌ တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံ သမ္မတ မစ္စတာ ဆူဆီလို ဘန်ဘန်း ယူဒိုယူနို က တနင်္ဂနွေနေ့ အာဆီယံ ထိပ်သီးအစည်းအဝေးပိတ်ပွဲ အခမ်းအနားတွင် မြန်မာအစိုးရ၏ တင်ပြတောင်းဆိုမှုအပေါ် အာဆီယံ ခေါင်းဆောင်များ အနေဖြင့် ကန့်ကွက်ရန် မရှိကြောင်းပြောခဲ့သည်။

“ဒါပေမယ့် မြန်မာအနေနဲ့ ကျန်နိုင်ငံတွေရဲ့လက်မခံမှု ဖြစ်နေတာတွေကို ရှောင်ရှားနိုင်ဖို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး

တွေကို မဖြစ်မနေ ဆက်လုပ်ရပါလိမ့်မယ်”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့ကြောင်း ဂျကာတာပို့စ် သတင်းတွင် ရေးသားထားသည်။

မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဌ တာဝန်ယူမည်ဆိုပါက အမေရိကန်နိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့နှင့် လက်မတွဲနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတချို့က အမေရိကန်နှင့် ဆက်ဆံရေး ပျက်ပြားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

စင်္ကာပူနိုင်ငံကလည်း အာဆီယံ တံခါးပိတ်အစည်းအဝေးတွင် မြန်မာ၏ လူ့အခွင့်အရေးအခြေအနေများကြောင့် ဥက္ကဌ ရာထူးအတွက် ကန့်ကွက်ထားပြီး အချိန်ယူစဉ်းစားရန်တိုက်တွန်းထားသည်ဟု အာဆီယံအရာရှိတဦးကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။

သို့သော် ထိုင်းနိုင်ငံအပါအ၀င်တချို့အဖွဲ့ဝင်နိုင်ငံများက အဆိုပါရာထူးအတွက် ကန့်ကွက်မှုမရှိသကဲ့သို့ ထောက်ခံမှု လည်း မရှိဟုဆိုသည်။ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံကမူ ထောက်ခံခဲ့ကြသည်။

နိုင်ငံတကာနှင့် ဒေသတွင်း လူထုအခြေပြု လူမှုအဖွဲ့အစည်းများ(CSO)ကလည်း လူ့အခွင့်အရေး အခြေအနေ တိုးတက် ပြောင်းလဲရေး ပြုလုပ်ရန် ပျက်ကွက်နေသည့် မြန်မာအစိုးရသည် အာဆီယံ ဥက္ကဌ ရာထူးနေရာအတွက် ထိုက်တန်မှုမရှိဟု ကန့်ကွက် နေကြသည်။ ထိုသို့ကန့်ကွက်သူများတွင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့လည်း ပါဝင်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှရေးရာ ဒု လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရော့ဘတ်ဆန်( Phil Robertson)က“ကျနော်တို့ အဓိကစိုးရိမ်တာကတော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိစ္စ၊ ဆက်တိုက်ဖြစ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုတို့နဲ့ တိုင်းရင်းသားတွေအပေါ် ဖိနှိပ် အနိုင်ကျင့်မှု ပြုလုပ်နေတာတွေပဲ”ဟု ဧရာဝတီကို ပြောသည်။

အာဆီယံအသင်း၏ မူများထဲတွင် CSO များနှင့် ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်ပြီးအပြုသဘော ဆောင်သောဆွေးနွေးညှိနိုင်းမှုများ တိုးမြှင့်လုပ်ဆောင်ရမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် လွတ်လပ်စွာဆန္ဒထုတ်ဖော် ပြသခွင့်လည်း ရှိသည်။

“စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့တာကြောင့် မြန်မာဟာ၂၀၁၄ ခုနှစ်အတွက် အာဆီယံ ဥက္ကဌရာထူးနဲ့ အရည်အချင်းပြည့်မီမှုမရှိဘူး”ဟု စင်ပြိုင် အာဆီယံအဖွဲ့ ၏ တွဲဖက်လှုံ့ဆော်ရေးတာဝန်ခံ မစ္စ ဒက်ဘီစတူးဟတ်( Ms. Debbie Stothard) က ဧရာဝတီကို ပြောသည်။

“မြန်မာ အစိုးရအနေနဲ့က တကယ်ပြောင်းလဲတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသင့်တယ်၊ အပစ်အခတ် ရပ်စဲရေးတွေလုပ်သင့်တယ်။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်သင့်တယ်။ စစ် ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်သင့်တယ်”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုမှုအရ လူ့အခွင့်အရေး အခြေအနေနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတွင် သိသာသောပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန် စိန်ခေါ်မှုကြီးတခုဖြစ်နေကြောင်း ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူများက ပြော ဆို ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က“ကျနော့်အနေနဲ့ပြောရရင် ဗမာပြည်မှာက အစိုးရ ပြောင်းပေမယ့် ဘာမှမပြောင်းဘူး။ အာဆီယံ ပဋိဉာဉ်မှာ ပြည်သူလူထုကို လူ့အခွင့်အရေးအာမခံပါမယ် ဆိုတဲ့ အတွက် ဘယ်လိုလုပ်ပြီး ဒီဥက္ကဌ ရာထူးလက်ခံနိုင်မလဲ။ သိသာထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှု လုပ်လာရင်တော့ တမျိုးပေါ့ဗျာ၊ အာဆီယံက သူ့ဂုဏ်သိက္ခာကိုထိပါးလာရင်တော့ ဒီရာထူး မြန်မာကို ဘယ်ပေးမလဲ”ဟု ဧရာဝတီကိုပြောသည်။

မြန်မာနိုင်ငံသည်၂၀၀၆ ခုနှစ်က အဖွဲ့ဝင် ၁၀ နိုင်ငံအနေဖြင့်အသင်းကြီး၏ မူအရ အလှည့်ကျ ဥက္ကဌ တာဝန် ထမ်းဆောင် ရန်အခွင့်အရေးရှိခဲ့သော်လည်း အမေရိကန်အပါအ၀င် အနောက်နိုင်ငံများကလက်မခံနိုင်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ က လက်မခံရန် တိုက်တွန်းမှုများကြောင့် ထိုစဉ်က အလှည့်ကျ ဥက္ကဌ ရာထူးနှင့် လွဲချော်ခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင်တဦးဖြစ်သော ဦးခင်မောင်ဆွေက“အဖွဲ့ဝင်ဖြစ်နေတဲ့မြန်မာနိုင်ငံက ဥက္ကဌ လုပ်ခွင့်တောင်းဆိုတာ သဘာဝကျပါတယ်။ လုပ်နိုင်ခွင့်ကျတော့ အာဆီယံအဖွဲ့ကြီးအတွင်းက ဆုံးဖြတ်ချက်ချရမှာပါ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဖော်ဆောင်မှုတွေမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ် ပေး တာ တို့ စတဲ့ ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ဖို့ကတော့ လိုနေတာအမှန်ပဲ”ဟု ပြောဆိုသည်။

“သမ္မတရဲ့မိန့်ခွန်းအတိုင်းလိုက်လုပ်နိုင်ရင်တော့ အာဆီယံဥက္ကဌ ရာထူးအတွက်ထိုက်တန်ပါတယ်။ လောလောဆယ် တော့ အကောင်အထည်မဖော်နိုင်သေးဘူး။ တကယ်ပြုပြင်ပြောင်းလဲဖို့တော့ သံသယရှိနေဆဲပဲ။ မြန်မာတွေအနေနဲ့ အာဆီယံ လူ့အဖွဲ့အစည်းမှာ မညံ့ပါဘူး။ တာဝန်ယူနိုင်တဲ့ အရည်အချင်းတွေရှိပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးသုဝေကပြောသည်။

သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌ တာဝန်ယူရန်အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း အဆိုပါ ထိပ်သီးညီလာခံတွင် အဆိုပြုခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ဦးတိုးကျော်လှိုင်က“အစိုးရသစ်အနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုတဲ့ ကတိ က၀တ်ပါတယ်။ အာဆီယံအစည်းအဝေးမှာ ငြင်းခုန်ကြ ပေမယ့် မြန်မာအနေနဲ့အာဆီယံ ဥက္ကဌ ရာထူးတော့ ဖြစ်လာ မယ်ထင်တယ်။ခက်တာက အခုအစိုးရသစ်တက် လာတဲ့ ကာလအတွင်းမှာ အောက်ခြေကနေ၀န်ကြီးအဆင့် အထိဘာမှထူးခြားမြင်သာတဲ့အပြောင်းအလဲမရှိသေးပါဘူး။ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြီးလေးတဲ့တာဝန်ရှိပေမယ့်သမ္မတ မိန့်ခွန်းပါအတိုင်း ယနေ့အချိန် အထိ ဘာမှ လုပ်ဆောင်တာမတွေ့ရသေးဘူး”ဟု ပြောသည်။

“၂၀၁၄ အာဆီယံ ဥက္ကဌ ဖြစ်ရေးကတော့ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေး စတဲ့ အဘက်ဘက်က စိန်ခေါ်မှုကြီး ဖြစ်နေ တယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်