ရပ်ကွက်ဥက္ကဋ္ဌ ရာထူးရရှိရေး ကြံ့ဖွံ့လာဘ်ပေး

E-mail Print
အစိုးရသစ် တက်ပြီးနောက် အောက်ခြေအဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာထူးအတွက် ပေါက်ဈေးအတိုင်း ငွေပေးနိုင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် စီးပွားရေး သမားများသာ နေရာယူထား ကြသောကြောင့် ဒေသခံ ရပ်ကွက်ပြည်သူများ မကျေမနပ် ဖြစ်နေကြောင်း သတင်းရရှိသည်။

SPDC_apr_27_11“နေရာ တော်တော်များများမှာ ရပ်ကွက်ဥက္ကဋ္ဌ ရာထူးအတွက် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ အထိ ပေါက်ဈေး ရှိနေတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ လေးစားကြည်ညိုတဲ့ သူတွေ ဥက္ကဋ္ဌ မဖြစ်ဘဲ ငွေပေးနိုင်တဲ့ ကြံ့ဖွံ့ ပါတီဝင် တွေပဲ ရကြတော့ မကျေမနပ် ဖြစ်နေကြတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ခေါင်းဆောင်တဦး ဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ကိုရာဇာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာထူးနေရာအတွက် မည်သည့် နိုင်ငံရေးပါတီဝင်မှ မဖြစ်စေရဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် အတိအလင်း ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေး မှူးများ စိတ်ကြိုက် ငွေပေးနိုင်သည့် ကြံ့ဖွံ့ပါတီဝင်များကိုသာ ခန့်ထားသည်ဟု ဆိုသည်။

“ရပ်ကွက် ပြည်သူထဲက ဥပဒေ နားလည်သူတိုင်းက ဒါဟာ သူတို့ဥပဒေ သူတို့ ပြန်ချိုးဖောက် နေတယ်လို့ ထောက်ပြ ကြတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အစရှိသည့် ပြည်နယ်နှင့် တိုင်းအသီးသီး ဒေသများ တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးကို ဈေးပြိုင်စနစ်ဖြင့် ခန့်ထားမှုများဖြစ်ပေါ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လုံးဝဆန့်ကျင်နေကြောင်း ဒေသခံပြည်သူများက ထောက်ပြပြောဆို နေကြသည်။

“ကျနော်တို့ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော၊ မြေပုံစတဲ့မြို့တွေမှာ ဒေသခံပြည်သူတွေက ဖွဲ့စည်းပုံထဲကအတိုင်း သက်ဆိုင်ရာရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများ လေးစားကြည်ညိုတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမယ့် ငွေပေးနိုင်တဲ့ သူတွေကိုပဲ ကန့်ကွက်နေတဲ့ ကြားက ခန့်တယ်” ဟု ရခိုင်ဒေသခံ တဦးက ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးသည် ပါတီနိုင်ငံရေး ကင်းရှင်းသူ ဖြစ်ကာ ရပ်ကွက်အတွင်း သမာသမတ်ကျသူ၊ ရပ်မိရပ်ဘ ဖြစ်၍ ၎င်းကို လစာအဖြစ် နိုင်ငံတော်က ကျပ် ၅၀၀၀၀ ထောက်ပံ့ထားကြောင်း ညွှန်ကြားချက်များ ထုတ်ထားသည်ဟု အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတဦးက ရှင်းပြသည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးရရှိရန် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်၊ ကျေးရွာများရှိ စီးပွားရေး လုပ်ကွက် အခြေအနေပေါ် မူတည်၍ ကျပ် ၅ သိန်း၊ ၁၀ သိန်း၊ ၁၅ သိန်းမှ သိန်း ၂၀ အထိ အသီးသီး ပေါက်ဈေးအတိုင်း ပေးရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“အခု ကျနော်တို့ သင်္ကန်းကျွန်း  ၁၆ အပိုင်း ၁ မှာဆို ဥက္ကဋ္ဌ ရာထူး ရဖို့ ကျပ်သိန်း ၂၀ ပေးရတယ်။ ဈေးက မတူဘူး။ ဟိုဘက် အပိုင်းမှာ ၁၅ သိန်းနဲ့ ဥက္ကဋ္ဌ ဖြစ်တယ်။ ကျနော်တို့ ရပ်ကွက်ကတော့ စီးပွားရေး လုပ်ငန်းရှင် များတော့ ဈေးက ပိုပေးရတယ်။ လစာ ကျပ် ၅၀၀၀၀ ကို သူတို့မမက်ဘူး။ တခြား ဘာညာတွေ ရတာကိုး။ ဒါက တပြည်လုံးလိုလို ဖြစ်နေတာ” ဟု အမည်မဖော်လိုသူ သင်္ကန်းကျွန်း မြို့နယ်သားတဦးက ဧရာဝတီကို ပြောသည်။

ထိုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးအတွက် ငွေပေးနိုင်သည့် ကြံ့ဖွံ့ပါတီဝင် များကို ခန့်ထားသောကြောင့် မကျေနပ်သည့် ရပ်ကွက်ပြည်သူများက သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း မည်သို့မျှ ထူးခြားမှုမရှိကြောင်း သိရသည်။

“ကျနော်တို့ မြို့နယ်က ရပ်ကွက် ဥက္ကဋ္ဌတွေလည်း ကြံ့ဖွံ့ပါတီဝင်တွေပဲ။ ရပ်ကွက်ပြည်သူတွေက မကြိုက်လို့ တိုင်တာတွေ လုပ်တော့လည်း အမည်မဖော်ရဲဘူးဆိုတော့ သက်ဆိုင်ရာက ပစ်စာလို့ သဘောထားလိုက်ပြီး ဘာမှ အရေးမယူတော့ဘူး။ သူတို့ ကြံ့ဖွံ့ချင်း ဈေးပြိုင်တွေ ပေးပြီး ဥက္ကဋ္ဌနေရာကို လုနေကြတာ” ဟု ရန်ကုန် ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်းနေ အငြိမ်းစား တဦးဖြစ်သည့် ဦးအောင်မောင်းက ပြောသည်။

မွန်ပြည်နယ်တွင်လည်း မော်လမြိုင်၊ ကျိုက်မရောစသည့် မြို့နယ်များ၌ လင်းနို့ဂူများ ရှိနေ၍ စီးပွားရေးလုပ်ကွက် ကောင်းသောကြောင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးရရှိရန် ငွေကျပ် သိန်း ရာချီအထိ ပေးကြကြောင်း သိရသည်။

“ဥက္ကဋ္ဌ တနေရာကို ကျပ်သိန်း ၂၀၊ ၃၀ ကနေ ၁၀၀ အထိ ပေးထားကြတယ်။ ဒီလိုဆယ်ချီ၊ ရာချီပေးလည်း ပြန်ရှာတာက လွယ်တယ်လေ။ ပိုက်ဆံပေးထားပေမယ့် ဒေသခံတွေက သဘောမတူရင်တော့ သူတို့ရင်းထားတဲ့ငွေ ဆုံးသွားနိုင်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အုပ်ချုပ်ရေးမှူး အပါအ၀င် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက် တရားရေးဌာနလည်း ပါဝင်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတိုင်းသည် အနည်းဆုံး ဘွဲ့တခုခု ရပြီးသူ၊ ရပ်ကွက်မှ ကြည်ညို လေးစားခံရသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

“အခု ကျနော်တို့ရပ်ကွက်က ဥက္ကဋ္ဌ ဆိုရင် လူဟောင်း၊ ကြံ့ဖွံ့ပါတီဝင်ပဲ။ ကျပ် ၁၅ သိန်း ပေးနိုင်တယ်။ ရပ်ကွက်က တင်တဲ့ လူသစ်က ၁၀ သိန်း ပဲ ပေးနိုင်တာကိုး။ ဒီ ၁၀ သိန်းကလည်း ရပ်ကွက်က စုပေးကြတာ။ နောက်ဆုံး ကျနော်တို့လူ မရဘူး၊ အရင်လူဟောင်းက အရက်ဆိုင်ပိုင်တာဆိုတော့ ပိုက်ဆံပိုပေးနိုင်တာပေါ့” ဟု ဒဂုံမြို့သစ် တောင်ပိုင်းနေ ကိုကျော်စွာလင်းက ပြောသည်။

မြို့နယ်နှင့် ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများကိုမူ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ ကိုသာ ခန့်အပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ၀န်ထမ်းတဦးက ဆိုသည်။

လူထု အသံ လှုပ်ရှားမှု လုပ်ဆောင်နေသည့် ဦးတိုးကျော်လှိုင်က “သမ္မတ မိန့်ခွန်းပါအတိုင်း သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်လာဖို့အတွက် ခဲယဉ်း နေသေးတယ်။ အခုလို အောက်ခြေ အာဏာပိုင် နေရာလေးမှာ မသန့်မရှင်း ဖြစ်နေတာတွေက နေရာ တော်တော်များများပဲ။ ဒီလိုဆိုတော့ ဘာမှမပြောင်းလဲသေးဘူး၊ အရင် အစိုးရအတိုင်းပဲ ဆိုတာပြနေတာပဲ” ဟု ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်