စာရေးဆရာ နတ်နွယ် ကွယ်လွန်

E-mail Print
စာရေးဆရာ နတ်နွယ် (၇၈) နှစ်သည် ယနေ့ နံနက် ၁၁ နာရီခန့်က မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သွား ကြောင်း သိရသည်။

ကျန်ရစ်သည့် ဆရာ၏ ရုပ်ကလာပ်ကို လာမည့် ၁၃ ရက်နေ့ ညနေ ၄ နာရီ၌ ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်မည်ဟု နာရေး ကူညီမှု အသင်းမှ စာရေးဆရာမ သန်းမြင့်အောင် က ဆိုသည်။

Natnwayဆရာ နတ်နွယ် ကွယ်လွန်ခြင်းသည် မြန်မာစာပေလောကအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ ၎င်းရေးသားခဲ့ သည့် ပင်ကိုရေး စာအုပ်များနှင့် ဘာသာပြန်စာအုပ်များသည် လူငယ်များအပေါ် လွှမ်းမိုးခဲ့သည့်အတွက် စာပေကျေးဇူးကြီးကြောင်း၊ ဆရာ တည်ထောင်ခဲ့သည် မိုးဝေ မဂ္ဂဇင်းမှ ကဗျာဆရာ၊ စာရေးဆရာများကို အများအပြားမွေးထုတ်ပေးခဲ့ကြောင်း စာရေးဆရာ နေ ၀င်းမြင့် က ပြောသည်။

“ဆရာရဲ့မိုးဝေ မဂ္ဂဇင်း ဆိုတာ မြန်မာ စာပေလောကရဲ့ ခေတ်တခေတ်ပါပဲ၊ လူငယ်တွေအပေါ်မှာ သြဇာရှိခဲ့ပြီး ဆွဲဆောင်မှု အများကြီးပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

အမည်အရင်း ဦးလှမြင့် (ခ) ဆရာနတ်နွယ်သည် လွတ်လပ်ရေးရပြီးနောက် ဖဆပလ ခေတ် နိုင်ငံရေး လှုပ်ရှားမှုများ ပြင်းထန်နေ သည့် ၁၉၅၃ ခုနှစ် တ၀ိုက်က ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် တို့တွင်ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုများ၌ ရှေ့ တန်းမှ တက်ကြွစွာ ပါဝင်ခဲသည်။

၁၉၅၀ ခုနှစ်အတွင်းက ထုတ်ဝေသည့် ဟံသာဝတီ သတင်းစာ တစောင် ၌ “ကျောင်းသူမ” ကဗျာကို ရေးသား၍ စာပေလောကသို့ စတင် ၀င်ရောက်ခဲ့ပြီးနောက် ၁၉၅၃ ခုနှစ် တွင် ပထမဆုံး လုံးချင်းဝတ္တု ဖြစ်သည့် “မိုးထဲလေထဲ”ကို ရေးသားခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်းကြီး၏ အမှုဆောင်အဖြစ် တာဝန်ယူခဲ့ပြီး လျှို့ဝှက်သဲဖို မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း တို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ၁၉၆၈ ခုနှစ်ခန့်တွင် စာပေလောက၌ “မိုးဝေခေတ်” ဟု အမည် တပ်ခေါ်ဝေါ်ရမည့် မိုးဝေ မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာ အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။

ထို့နောက် စာရေးဆရာ မင်းကျော်နှင့် တွဲဖက်၍ မလိခ အမည်ဖြင့် မြန်မာဝတ္တု အညွန်းကိုရေးသားခဲပြီး စာရေးဆရာ မောင်နေ၀င်း၊ မင်းကျော်တို့နှင့် တွဲဖက်ကာ တော်လှန်စာပေ၊ တော်လှန် အတွေးအမြင် စာအုပ်များရေးသားခဲ့သည့် အတွက် စာပေလောကတွင် နေနတ်မင်းဂိုဏ်း ဟုပင် ခေါ်ဝေါ်ပြောဆိုခဲ့ရသည်။

ဆရာနတ်နွယ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နွယ်နီ နိုင်ငံတကာမဂ္ဂဇင်းကို တည်ထာင်ပြီး အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ သည်။

ဆရာရေးသားခဲ့သော“တကွေ့တော့ တွေ့ကြဦးမည်” ၀တ္တုကြီးသည် သီပေါမင်း ပါတော်မှု ခေတ်နှောင်းပိုင်းမှ တော်လှန်ရေးကောင် စီခေတ်အထိ မျိုးဆက် လေးဆက် တိုင်တိုင် ဖြစ်ပျက်ခဲ့သည့် မျက်မှောက်ခေတ် အရေးကိစ္စများ၊ လူတန်းစား အရေးကိစ္စများကို ယှဉ်၍ ရေးဖွဲ့ထားသောကြောင့် “၂၀ရာစု အထူးခြားဆုံး မြန်မာစာအုပ်များ”စာအုပ် စာရင်း၌ ပါဝင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရုရှားစာရေးဆရာကြီး ဒေါ့စတာယတ်စကီး၏ ကမ္ဘာ့ဂန္ထ၀င် ဖြစ်သော ကာရာမာဇော့ ညီအစ်ကိုများ ၀တ္တုဖြင့် ဘာသာပြန်စာပေဆုရရှိခဲ့သည်။ ပင်ကိုရေး ၀တ္တုများနှင့် ဘာသာပြန်ဝတ္တု စုစုပေါင်း ၁၀၀ ကျော်ရေးသားခဲ့သည်။

ထင်ရှားသည့် ၀တ္တုများမှာ မြန်မာပြည်မြောက်ပိုင်း၊ အပြာအ၀ါ၊ တစ်ကွေ့တော့ တွေ့ကြဦးမည်၊ ကာရာမာဇော့ ညီအစ်ကိုများ၊ မိုဗီဒစ်၊ ရောမမြို့က မိန်းမပျက်၊ ဂျက်လန်ဒန် ၀တ္တုများ၊ မော်ရေးဗီးယား ၀တ္တုတိုများ ဖြစ်သည်။

ဆရာနှင့် အခြားထင်ရှားသည့် စာရေးဆရာကြီးများ အကြောင်းကို မကြာမီက ကွယ်လွန်ခဲ့သည် ဆရာပါရဂူက ပရကထာ ဟု အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်