ရိုဟင်ဂျာအရေး ထိုင်းက အလျှော့မပေး

E-mail Print
ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် နှစ်များအတွင်း ရိုဟင်ဂျာ နှစ်သောင်းခန့် ရောက်ရှိခဲ့ပြီး၊ အချို့မှာ ထိုင်း နိုင်ငံတွင် သောင်တင် နေကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့ ပြောကြား လိုက်သည်။

သို့သော်လည်း မကြာသေးမီ လပိုင်းအတွင်း ရောက်လာသော ရိုဟင်ဂျာများမှာ ယခုအခါ ထိုင်းနိုင်ငံတွင် တဦးတယောက်မှ မကျန်ရှိတော့ဟု ဆိုသည်။

အဆိုပါ ရိုဟင်ဂျာများအပေါ် ထိုင်းအစိုးရ၏ ဆက်ဆံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုပြီး မကြာမီမှာပင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကျွန်းများပေါ်သို့ ရောက်ရှိခဲ့သော ရိုဟင်ဂျာ ၁၂၆ ဦးနှင့် တွေ့လိုကြောင်း ပြောဆိုခဲ့သည်။

ဤအတောအတွင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Thani Thongpakdi က ထိုင်းသို့ တရားမ၀င် ရောက်လာမည့် မည်သည့် လှေစီး ခရီးသည်ကိုမဆို ပင်လယ်ဘက်သို့ ပြန်လည် တွန်းပို့သည့် မူဝါဒအတိုင်း ဆက်ဆံသွားမည်ဟု ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာသို့ ပြောကြားလိုက်သည်။

ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ အစ္စလမ် ဘာသာဝင်များဖြစ်သည်။ နိုင်ငံသားများအဖြစ် သတ်မှတ်ခံရခြင်း မရှိပေ။ မြန်မာစစ်အစိုးရက ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၃၅ ခု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။

နိုင်ငံသား အခွင့်အရေးများ မရရှိသည့်  ရိုဟင်ဂျာများက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံကြသည်။ UNHCR က ၎င်းတို့ထဲမှ အချို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စောင့်ရှောက်ထားသည်။

UNHCR၏ ကြေညာချက်အရ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်း ၂ ခုတွင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း  ၂၈၀၀၀ ရှိသည်ဟု ဆိုသည်။ စခန်းအပြင်ဘက်တွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် ရိုဟင်ဂျာပေါင်း နှစ်သိန်းခန့် နေထိုင်ကြသည်ဟုလည်း သိရသည်။

အဆိုပါ ရိုဟင်ဂျာများက မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ ပင်လယ် ခရီးဖြင့် စွန့်စား သွားရောက်ကြခြင်း ဖြစ်သည်။

“(လှေနဲ့သွားတဲ့ထဲမှာ) ရိုဟင်ဂျာတွေလည်း ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်း ပါတယ်။ သူတို့ ထွက်ရတဲ့ အကြောင်းရင်းက အလုပ်အကိုင် ရှားပါးမှုက အဓိကပဲ။ တနေရာရာမှာ အလုပ်အကိုင် သွားရှာတယ်။ အဲဒီလိုပဲ ကျနော် သိထားတယ်” ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် Narinjara သတင်းဌာနမှ သတင်းထောက်တဦးက ဧရာဝတီသို့ ပြောပြသည်။

“တချို့လည်း ပိုက်ဆံမပေးရဘူး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတယ်။ တချို့ဆိုရင်လည်း
တာကာငွေ ငါးသောင်း (ဒေါ်လာ ၇၀၀)အထိ ပေးပြီးမှ ထွက်ရတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း လူကုန်ကူးသူတွေကို ဖမ်းဆီးမိတာတို့တော့ မတွေ့ရသေးဘူး” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း ရိုဟင်ဂျာများ ထိုင်းသို့ အဆက်မပြတ် ၀င်ရောက်နေခြင်းမှာ လူကုန်ကူးသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိကြောင်း ယုံကြည်ရသည်ဟု ဖော်ပြထားသည်။

ရိုဟင်ဂျာများ၏ မူရင်းဒေသတွင် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် UNHCR အနေဖြင့် နိုင်ငံတကာမှ အကူအညီများ တောင်းခံသင့်သည်ဟု ဆိုသည်။။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုင်းသို့ ခိုးဝင် ရောက်ရှိလာသူ ရိုဟင်ဂျာများ အရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ သံတမန်များကို ဖိတ်ခေါ် ဆွေးနွေးခဲ့ကြောင်း၊ လှေစီးရိုဟင်ဂျာများနှင့် ဆက်စပ်နေသည့် ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပထမအဆင့် အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယနေ့ထုတ် Bangkok Post သတင်းစာတွင် ရနောင်းမြို့အနီးရှိ ကျွန်းများပေါ်သို့  တရားမ၀င် ရောက်ရှိလာသည့် ရိုဟင်ဂျာ၂ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ရေးသားထားသည်။ ၎င်းတို့ထဲမှ တဦးက ရနောင်းမြို့အနီး လှေနစ်မြုပ်သွားခဲ့ပြီး အတူ လိုက်ပါလာသူများ၏ ကံကြမ္မာကို မသိရကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်