ရခိုင် လ၀က ၀န်ကြီး ရာထူး စစ်တပ် ကိုယ်စားလှယ်အား လွှဲပြောင်း

E-mail Print
ရခိုင်ပြည်နယ် အစိုးရသစ်၏ လူဝင်မှုကြီးကြပ်ရေး(လ၀က) ၀န်ကြီးဌာန ၀န်ကြီး ဦးလှဟန်အား မေလ ၃ ရက်နေ့ တွင် ရာထူးမှဖယ်ရှား၍ ယင်း လ၀က ၀န်ကြီးတာဝန်ကို စစ်တပ်ကိုယ်စားလှယ်အား လွှဲပြောင်းပေးလိုက်ကြောင်း ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်အဖွဲ့၌ ဦးလှဟန်သည် ရာထူးမှ ပထမဆုံးဖယ်ရှားခံရသော ပြည်နယ်ဝန်ကြီး တဦးဖြစ်ပြီး ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ) ၏ သံတွဲမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

ဦးလှဟန်သည် ပြည်နယ်အစိုးရ၏ လ၀က နှင့် သာသနာရေးဝန်ကြီးဌာန ၀န်ကြီး တာဝန်များကို ထမ်းဆောင်နေသူဖြစ်ပြီး လ၀က ၀န်ကြီးရာထူးအား စစ်တပ်ကိုယ်စားလှယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ကို တာဝန် လွှဲပြောင်းပေး လိုက် ကြောင်း အစိုးရအဖွဲ့၏ ၀န်ကြီးတဦးက ဧရာဝတီကို ပြောသည်။

၎င်းအား ရာထူးမှ ဖယ်ရှားရခြင်းမှာ အလုပ်နှင့်ပတ်သက်၍ တွန်းအားပေးခြင်းအပေါ် မကျေနပ်သော လက်အောက် ၀န်ထမ်း တချို့က ကြံ့ဖွံ့ပါတီ၏ ဗဟိုအဆင့်ကို တိုင်ကြားမှုကြောင့်ဖြစ်ပြီး ဗဟို၏ညွန်ကြားချက်အရ ပြည်နယ်အစိုးရရုံးအဖွဲ့၏ အတွင်း   ရေးမှူး ဦးဇော်သိန်း၏ လက်မှတ်ဖြင့် ဖယ်ရှားလိုက်ခြင်းဖြစ်သည်ဟု ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူတချို့ထံမှ သိရသည်။

“အဲဒီရာထူးက ဖယ်လိုက်တဲ့အတွက် ကျနော်ဝမ်းမနည်းပါဘူး၊ ပြည်သူတွေကောင်းကျိုးလုပ်လို့ အဖယ်ခံရတာဆိုရင်လည်းပဲ ကျနော် ဂုဏ်ယူပါတယ်”ဟု ဖယ်ရှားခံရသူ သာသနာရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ဦးလှဟန်က ဆက်လက်၍“ဒါပေမယ့် ရာထူးအပြောင်းအလဲလုပ်လိုက်တဲ့ အကြောင်းကြားစာမှာ (ပုံ) အမိန့်အရ ဆိုတာမျိုး မပါတာကိုတော့ သဘောမကျဘူး၊ အတွင်းရေးမှူးက တိုက်ရိုက်လုပ်သလို ဖြစ်နေတယ်”ဟု ဆိုသည်။

မေလ ၃ ရက်နေ့မတိုင်မီကာလများ၌ လက်အောက်ဝန်ထမ်းများအား လုပ်ငန်းမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေး၊ လာဘ် ပေး လာဘ်ယူမှု နည်းနိုင်သမျှနည်းပါးရေး စသည့်ကိစ္စများကို အစည်းအဝေးခေါ်ယူ၍ ပြောဆိုခဲ့သော်လည်း ၀န်ထမ်း များနှင့် ပြဿနာ တစုံတရာ မရှိခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“လူဝင်မှုကြီးကြပ်ရေး တာဝန်က ကြီးတော့ စစ်တပ် ကိုယ်စားလှယ်ကို ပေးတာလည်း ဖြစ်နိုင်တာပေါ့၊ ဘာကြောင့်ဆိုတာတော့ ကျနော်လည်း သေချာ မသိပါဘူး၊ ၀န်ကြီးချုပ်ကိုလည်း မမေးကြည့်ပါဘူး”ဟု ဦးလှဟန်က ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏အဆိုအရ အတည်ပြုထားသော ၀န်ကြီးဌာန တခုခုအားအပြောင်းအလဲ ပြုလုပ်မည်ဆိုပါက ပြည်နယ်ဝန်ကြီးချုပ်၏ အမိန့်အာဏာ ဖြင့်သာ ပြုလုပ်နိုင်ကြောင်း၊ ၀န်ကြီးချုပ်အနေဖြင့် ပြည်နယ်လွှတ်တော်ခေါ်ကာ လွှတ်တော်၏ အတည်ပြုချက်ဖြင့် အပြောင်းအလဲ လုပ်နိုင်ကြောင်း သိရသည်။

“စစ်တပ် ကိုယ်စားလှယ်ဆိုတာက နယ်စပ်ရေးရာပဲ ယူပိုင်ခွင့်ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြန်ဌာန်း ထားပေ မယ့် အခုက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲယူလိုက်တာက ဥပဒေနဲ့ တခြားစီဖြစ်နေတယ်”ဟု ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ(RNDP)၏ အမည်မဖော်လိုသူ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြော သည်။

ပြည်နယ်အစိုးရသည် လက်ရှိအခြေအနေအရ လုပ်ပိုင်ခွင့်အာဏာအပြည့်အ၀မရှိကြောင်း၊ ကြံ့ဖွံ့ပါတီ၏ ဗဟိုမှ လမ်းညွှန်ချက် များ အတိုင်းသာ လုပ်ဆောင်နေသည်ကို တွေ့မြင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဦးလှဟန် သည် အထက်တန်းပြ အငြိမ်းစား ကျောင်းဆရာ တဦးဖြစ်ပြီး အလုပ်လုပ်ရာတွင် တိကျပြတ်သားသူ တဦးဟု ဒေသ ခံ များ၏ အဆိုအရ သိရသည်။ ၎င်းအား ပြည်နယ်အစိုးရ၏ ဟိုတယ်ခရီး ၀န်ကြီးရာထူးအတွက် လျာထားခဲ့သော်လည်း တရား ၀င် ခန့်အပ်မှု မရှိသေးဟု စုံစမ်းသိရသည်။

ရခိုင်ပြည်နယ် အစိုးရသစ်သည် မတ်လ ၃၀ ရက်မှစတင်၍ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယနေ့အချိန်ထိ ဒေသခံပြည် သူလူထု၏ အကျိုးပြုလုပ်ငန်းများကို တစုံတရာ ဆောင်ရွက်ပေးမှုမတွေ့ရသေးကြောင်း၊ ၀န်ကြီးတချို့မှာလည်း ဒေသဖွံ့ဖြိုးရေး ထက် ကြံ့ဖွံ့ပါတီ အင်အားကြီးထွားလာရေး ကိစ္စများကိုသာ ဦးစားပေးလုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ရခိုင် ဒေသခံများက ပြောသည်။

ဝန်ကြီးချုပ် ဦးလှမောင်တင် အပါအ၀င် ၀န်ကြီးအများစုသည် ကြံ့ဖွံ့ပါတီ ဗဟိုအဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ်၏ တာဝန်ခံများဖြစ်သော ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး၊ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးသိန်းဆွေ တို့၏ လမ်းညွှန်မှုများ အတိုင်းသာ လုပ်ဆောင်နေကြကြောင်း စစ်တွေ မြို့ခံများက ဆိုသည်။

ကြံ့ဖွံ့ပါတီ ၏ စည်းကမ်းထိန်းသိမ်းရေးမှူး တာဝန်ယူထားသော ဦးမောင်ဦးသည် ရခိုင်ပြည်နယ်၏ တိုင်းမှူးဟောင်း တဦးလည်းဖြစ်ပြီး ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ကြံ့ဖွံ့ပါတီကိုသာ ထောက်ခံရေး၊ ကြံ့ဖွံ့ပါတီသည် အာဏာအပြည့်အ၀ ရှိသောပါတီဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကသာ အနိုင်ရ ရမည်ဟု ကြွေးကြော်စည်းရုံးနေကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီသည် ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ် အများအပြား၌ RNDP ပါတီအား ရှုံးနိမ့်ခဲ့သည်။

ဦးမောင်ဦးသည် မောင်းတောမြို့နယ်၊ အလယ်သံကျော်ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဦးအား ၎င်း၏ စည်းရုံးပြော  ဆိုဟောပြောပွဲသို့ မတက်ရောက်၍ဟုဆိုကာ မေလ ၁၄ ရက်နေ့တွင် ရာထူးမှဖယ်ရှားလိုက်ကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်