အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်သားများ ဆန္ဒပြ

E-mail Print
ရန်ကုန် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်သားများက အကျဉ်းသား ရပိုင်ခွင့်များအတွက် ယနေ့နံနက် ၉ နာရီမှစ၍  ဆန္ဒပြ နေကြောင်း သတင်းရရှိသည်။

“အဆောင် ၂၊ ၃၊ ၄ နဲ့ ၅ က နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်က အချက် ၆ ချက်ကို ထောင်ပိုင်ကနေတဆင့် စာတင်ပြီး အခန်းထဲကနေ အပြင်မထွက်ဘူးဆိုပြီး ဆန္ဒပြနေကြတာ။ မလိုက်လျောရင် နက်ဖြန် နေ့လယ်က စပြီး ၁၇ ယောက်က အစာ ငတ်ခံမယ်တဲ့”ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

Prisoners_walk_out_Myanmars_Insein_Prison

အမျိုးသားဆောင်များမှ ဆရာတော် ဦးဝိသုဒ္ဓ၊ ဦးရေ၀တ၊ ဦးဝိသာလ၊ ကိုဇော်ထွန်းနိုင်၊ ကိုကိုအောင်၊ ကိုအောင်နိုင်၊ စောနိုင်၊ စောအယ်လ်ထူး၊ စောနိုဝယ်တို့ အပါအ၀င် ၂၂ ဦးတို့က အင်းစိန်ထောင်တွင်း စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းမှုများကြောင့် အကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

ထောင်မှကျွေးသော အစားအစာများကို သတ်မှတ်ချက်အတိုင်း ပြည့်ပြည့်စုံစုံ ကျွေးမွေးရန်၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ချုပ်လုပ် ထားသော အ၀တ်အစား၊ စောင်၊ အိပ်ရာခင်းများကို ၆ လတကြိမ် အသစ်လဲလှယ်ပေးရန်၊ အခန်းကျဉ်းတွင်း သတ်မှတ် လူဦးရေထက် ပိုထားခြင်းမပြုဘဲ နေရာလုံလောက်စွာပေး၍ ကြွက်၊ ခြင်၊ ယင် စသည့် ပိုးမွှားများကို ရှင်းလင်းပေးရန်၊ အခြား သော အကျဉ်းသားများနည်းတူ လျှော့ရက်ခံစားခွင့်နှင့် စာရေးစာဖတ်ခွင့်ပေးရန်၊ ထောင်ဝင်စာတွေ့ရာတွင် ခြိမ်းခြောက်မှုမရှိဘဲ လွတ်လပ်စွာတွေ့ခွင့်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို အခြားအကျဉ်းသားများနှင့်ခွဲ၍ သီးသန့်ထားပေးရန် စသည်တို့ကို ထောင်ပိုင်မှတဆင့် အကျဉ်းဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ထံသို့ စာတင်တောင်းဆိုကြခြင်းဖြစ်သည်။

ထို့အတူ အမျိုးသမီးဆောင်မှ နိုင်ငံရေးအကျဉ်းသူများကလည်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အပေါ် မကျေနပ်၍ အစာငတ်ခံ ဆန္ဒပြနေကြကြောင်း ထောင်ဝင်စာတွေ့သူ အကျဉ်းသား မိသားစုဝင် တဦးက ပြောပြသည်။

“အမျိုးသမီးဆောင် အဆောင် ၇ က မသန္တာ၊ ဒေါ်ရင်ကြည် စတဲ့ နိုင်ငံရေး အကျဉ်းသူတွေနဲ့ နှစ်ကြီးသမားတချို့ ပါတဲ့ ၇ ယောက်။ အစာငတ်ခံဆန္ဒပြနေတာ ၃ ရက်လောက်ရှိပြီ။ အခြေအနေ ဘယ်လိုရှိမှန်းလဲ မသိရဘူး။ ထောင်အာဏာပိုင်တွေဘက်ကလည်း ဘာမှ တုံ့ပြန်မှု မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အင်းစိန်ထောင်သို့ ဧရာဝတီမှဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာပြန်လည်ဖြေဆိုခြင်းမရှိပေ။

ပြီးခဲ့သည် မေလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးထောင်ရှိ ဆရာတော် ဦးဂမ္ဘီရ၊ ဦးညီပုတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများက ဆုံးရှုံးနေသော အကျဉ်းထောင်တွင်း အခြေခံရပိုင်ခွင့်များပေးရန် အစိုးရသစ်ထံ စာများပေးပို့တောင်းဆိုခဲ့ပြီး တောင်းဆိုချက်များမရပါက အစာငတ်ခံဆန္ဒပြမည်ဖြစ်ကြောင်း ထောင်ဝင်စာတွေ့သော မိသားစုများထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ အင်းစိန်ထောင်တွင် နိုင်ငံ ရေးအကျဉ်းသား ၄၀၀ ကျော် ရှိနေပြီး မြန်မာတနိုင်ငံ လုံး တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၀၀ ကျော် ရှိနေဆဲဖြစ်သည် ဟု သိရသည်။

မေလ ၁၆ ရက်နေ့ ညနေပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ကြေညာသွားခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ သေဒဏ်ကျ အကျဉ်းသားများသည် တသက်တကျွန်း ပြစ်ဒဏ် သို့ပြောင်းလဲလျှော့ပေါ့ပေးခဲ့ပြီး ကျန်အကျဉ်းသားအားလုံးအတွက် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန် ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ပေးခဲ့သည်။

ယင်း အမိန့်အရ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားပေါင်း ၁၇၀၀၀ ၀န်းကျင် လွတ်မြောက်လာကြ သော် လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှုမှာ ယခုအထိရရှိထားသောစာရင်းများအရ ဟစ်ဟော့ပ် အနုပညာရှင် ဇေယျာသော်၊ 

လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အင်္ဂါနေ့တိုင်းဆုတောင်းလှုပ်ရှားသူ ဒေါ်နော်အုံးလှ အပါအ၀င် ၅၀ ခန့်သာ ပါဝင် သေးသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၀.၂၉ သာရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်