သတင်းထောက်များ လွတ်မြောက်ရေးလှုပ်ရှားမှု ကျင်းပမည်

E-mail Print
အကျဉ်းကျခံ မြန်မာသတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ည၌ Free Burma VJ အဖွဲ့နှင့် ပြင်သစ်နိုင်ငံပါရီမြို့ အခြေစိုက် နယ်စည်မခြား သတင်းထောက်များ အဖွဲ့ (RSF) တို့ ပူးပေါင်း ကျင်းပမည် ဖြစ်သည်။

dvb400ယနေ့သည် နာဂစ်မုန်တိုင်းအပြီး မိဘမဲ့ ဖြစ်သွားသော ကလေးငယ် များအကြောင်း (Orphans of Burma's Cyclone) မှတ်တမ်း ဗီဒီယို ရိုက်ကူးမှုဖြင့် အစိုးရက ဖမ်းဆီး ထောင်ချခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ ရုပ်သံ သတင်းထောက် တဦးဖြစ်သူ ကိုငွေစိုးလင်း၏  မွေးနေ့လည်း ဖြစ်သောကြောင့် ၎င်းအတွက် မွေးနေ့ဆုတောင်းပွဲကိုပါ တပါတည်း ကျင်းပမည်ဟု သိရသည်။

ကိုငွေစိုးလင်း ပါဝင်ရိုက်ကူးခဲ့သော အဆိုပါမှတ်တမ်း ရုပ်ရှင်သည် လန်ဒန်အခြေစိုက် Rory Peck Trust ၏ ဆု ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေများ ဆိုးရွားနေဆဲဖြစ်ကြောင်း နိုင်ငံတကာက သတိပြုမိစေရန် ယခုကဲ့သို့ အကျဉ်းကျခံ စာနယ်ဇင်းသမားများ လွတ်မြောက်ရေး လှုပ်ရှားမှု ကျင်းပရခြင်းဖြစ်ကြောင်း Free Burma VJ အဖွဲ့မှ Geraldine May က ဧရာဝတီကို ပြောသည်။

Free Burma VJ သည် သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှု ဆောင်ရွက် နေသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး ရုပ်သံ သတင်းထောက် ၁၇ ဦးကို မြန်မာအစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည် ဟု ၎င်းအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။

“ကိုငွေစိုးလင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဂုဏ်ယူပါတယ်။ သူနဲ့အတူ တခြား ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့ ကျမတို့ လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ပြီး သူ့မွေးနေ့မှာ အခုလို လှုပ်ရှားမှု တခု ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု Geraldine May က ဆိုသည်။

ကိုငွေစိုးလင်းအား အမှတ်ရ ဂုဏ်ပြုသည့် အနေဖြင့် ယနေ့ ကျင်းပမည့် လှုပ်ရှားမှုပွဲတွင် Orphans of Burma's Cyclone မှတ်တမ်းရုပ်ရှင်ကို ပြန်လည် ပြသမည်ဖြစ်ကြောင်း၊ တခြား အကျဉ်းကျ ခံနေရသည့် သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှု များကိုလည်း DVB ၏ Free Burma VJ Campaign ကော်မတီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ DVB သတင်းဌာနခွဲ၏ တာဝန်ရှိသူ ဦးတိုးဇော်လတ်က ပြောသည်။

“ကိုငွေစိုးလင်းရဲ့ အသက် ၃၀ ပြည့် မွေးနေ့ပွဲကို ထောင်ထဲမှာ မကျင်းပနိုင်တဲ့ အတွက် ကျနော်တို့က ဂုဏ်ပြုကျင်းပ ပေးတာ ဖြစ်ပါတယ်” ဟု  သူက ဆိုသည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း DVB ရုပ်သံ သတင်းထောက်များ အကြောင်း ရိုက်ကူးထားသည့် Burma VJ ရုပ်သံ မှတ်တမ်းသည်လည်း ၂၀၀၉ ခုနှစ်အတွက် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသည် ဘီလာရုစ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ တာမင်နစ္စတန် နိုင်ငံများကဲ့သို့ပင် သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဖိနှိပ်ချုပ်ချယ်သည့် နာမည်ပျက် စာရင်းဝင်ဖြစ်ကြောင်း မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့တွင် အမေရိကန်သမ္မတ အိုဘားမားက ပြောကြားခဲ့သည့်။

မြန်မာနိုင်ငံတွင် ကိုငွေစိုးလင်း အပါအ၀င် သတင်းသမား ၂၆ ဦးနှင့် နိုင်ငံရေး အကျဉ်းသား ၂၀၆၁ ဦးကို အစိုးရက ဖမ်းဆီးထားသည်ဟု လူ့အခွင့်အရေး အဖွဲ့တဖွဲ့ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

အကျဉ်းကျ ခံနေရသည့် သတင်းထောက်များအား လွတ်မြောက် စေချင်သကဲ့သို့ မီဒီယာလောကရှိ သတင်းသမားများ အားလုံး အဖမ်းအဆီး မခံရစေရန် ကာကွယ် စောင့်ရှောက်ပေးသည့် အဖွဲ့အစည်းများ၊ လှုပ်ရှားမှုများ မဖြစ်မနေ လိုအပ်နေသည်ဟု ကိုငွေစိုးလင်း၏ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်သူ ဗီဒီယို သတင်းထောက် ကိုဇက်က ပြောသည်။

“ကျနော်တို့ မီဒီယာသမားတွေဆိုတာ အကြမ်းဖက်သမားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေလည်း မဟုတ်ပါဘူး။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ အဖြစ်အပျက်တွေကို သတင်းပေး တင်ပြသူတွေ ဖြစ်ပေမယ့် အခုလို ဖမ်းဆီး ထောင်ချ ခံနေရတဲ့ အပြင် မကြာသေးခင်က လျှော့ပေါ့ပြစ်ဒဏ် ပေးတဲ့အခါမှာလည်း သတင်းထောက်တွေက အမေ့ခံ ဖြစ်နေရပါတယ်” ဟု သူကဆိုသည်။

ဆက်လက်၍ ၎င်းက ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ အနေနှင့် သတင်းသမားများအား ကာကွယ်စောင့်ရှောက် ပေးနိုင်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်သင့်သည်ဟု ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်