မဲလိမ်သည့် ကြံ့ဖွံ့ကိုယ်စားလှယ်အမှု တရားလို ပြန်ရုပ်သိမ်း

E-mail Print
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်သည် ရွေးကောက်ပွဲကာလက မဲမသမာမှုများ ရှိသည်ဟူသည့် စွဲချက်ဖြင့် အတိုင်ကြား ခံခဲ့ရသော်လည်း တရားလို ဘက်က ကုန်ကျစရိတ် မတတ်နိုင်သောကြောင့် အမှုကို မေ ၃၀ ရက်နေ့က ပြန်လည်ရုပ်သိမ်း လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက တရားလိုပြု၍ ဦးအုန်းမြင့်ကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်နှစ်က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာကျရင် ဖားကန့်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိတော့ ဒေါ်ဘောက်ဂျာက ၀င်ပြိုင်ဖို့ ပြင်ဆင်ထားတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေက များမှာနဲ့၊ အမှုအတွက် သက်သေခေါ်ရမှာလည်း ကုန်ကျဦးမှာ ဆိုတော့ ဒီအမှုကို ရင်မဆိုင် တော့တာပါ” ဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီကို ပြောသည်။

ဖားကန့် ဒေသ၌ လစ်ဟာနေသော ဝန်ကြီး၊ ဒု ဝန်ကြီး နေရာများအတွက် ဝင်ရောက် ယှဉ်ပြိုင်လိုသည့် လွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော် ရှိနေသောကြောင့် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။  

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားသည့် မဲ မသမာမှု ၂၉ မှုအနက် ၂၇ မှုသည် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက တခြားပြိုင်ဘက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကို စွပ်စွဲ တိုင်ကြားထားခြင်း ဖြစ်ပြီး ၂ မှုကသာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် များကို ပြန်လည် တိုင်ကြားထားခြင်း ဖြစ်သည်။

ကြံ့ဖွံ့ပါတီကို ကန့်ကွက် စွဲဆိုထားသူများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချို ချိုကျော်ငြိမ်းနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် NDF မှ ဒေါ်ဘောက်ဂျာတို့ ဖြစ်သည်။

ရွေးကောက်ပွဲအပြီး ရက်ပိုင်းကာလ၌ ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများကို တနိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံ အများအပြားကလည်း ဝေဖန်မှုများရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဟု ပြောဆိုမှုများရှိခဲ့သည်။

နိုင်ငံရေးပါတီအများစုက ကြံ့ဖွံ့ပါတီအား တရားစွဲဆိုမှု များပြားလာပြီးနောက်ပိုင်း ကြံ့ဖွံ့ပါတီကလည်း ပြန်လှန်တရားစွဲဆိုမှုများ ပေါ်ပေါက်ခဲ့သည်။

တရားစွဲဆိုသူက ကျပ် ၁၀ သိန်း အကုန်ခံကာ တရားစွဲဆိုရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က စွဲဆိုခံရသူ၌ အပြစ်မရှိ ကြောင်း တွေ့ရှိခဲ့လျှင် တရားစွဲသူသည် ဒဏ်ငွေ ကျပ် ၃ သိန်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရခဲ့ ကြောင်း အစိုးရ မီဒီယာများက တရားဝင်ကြေညာခဲ့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်