အကယ်ဒမီ နွဲ့နွဲ့မူ ခရစ်တော်၌ အိပ်ပျော်ပြီ

E-mail Print
မြန်မာ့ရုပ်ရှင် လောက၏ အနုပညာ ငွေကြယ်တပွင့်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နွဲ့နွဲ့မူသည် ဇွန် ၁၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀ အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) ပေါ်တွင် အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

Nwe_Nwe_Mu_2
မင်းသမီးကြီး နွဲ့နွဲ့မူကို ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့က ဟင်္သာတမြို့တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးသော် (ပညာရေးဌာန၀န်ထမ်း) နှင့် မိခင်ဖြစ်သူ အကယ်ဒမီ ဒေါ်သိန်းရှင် တို့၏ တတိယမြောက်သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်မြသန်းနွဲ့ဖြစ်သည်။

နွဲ့နွဲ့မူသည် အသက် ၁၄ နှစ်အရွယ်တွင် အနုပညာလောကထဲသို့ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် “မေတ္တာမိုးမြေ” ဇာတ်ကားဖြင့် စတင်ဝင်ရောက်ခဲ့ပြီးနောက် ဇာတ်ကားရိုက်ကူးမှုများ မရှိခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ်တွင် “သမန်းကျား” ဇာတ်ကားဖြင့် အနုပညာလောကသို့ တကျော့ ပြန်လည်ရောက်ရှိကာ ပရိသတ်များ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည်။

၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကာလက မြန်မာ့ရုပ်ရှင်လောကတွင် ၀င်းဦး၊ ခင်သန်းနု၊ မြင့်မြင့်ခင်၊ ၀ါဝါ၀င်းရွှေ၊ ညွန့်ဝင်း၊ ဒေစီကျော်ဝင်း၊ ထွန်းဝေ၊ ကျော်ဆွေ၊ ချိုပြုံး၊ ကောလိပ်ဂျင်နေဝင်း၊ အောင်လွင် အစရှိသည့် မင်းသားမင်းသမီးများနှင့်အတူ နွဲ့နွဲ့မူသည်လည်း မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ အကြား ရေပန်းစား အောင်မြင် ကျော်ကြားသည့် သရုပ်ဆောင်တဦး ဖြစ်သည်။

ဒရာမာ (ဘဝအလွမ်းအမော) ဇာတ်ကားများတွင် သရုပ်ဆောင်ရာ၌ အားသန်သည့် မင်းသမီးတဦး ဖြစ်သူ နွဲ့နွဲ့မူသည် သရုပ်ဆောင်ရာတွင်လည်း လိုအပ်သည့် အခန်း၌ လိုအပ်သလို ပိုင်နိုင်စွာ ခံစားချက် ထည့်သွင်း သရုပ်ဆောင် တတ်ကြောင်း၊ သဘာဝကျကျ သရုပ်ဆောင်တတ်သူ တဦးဖြစ်ကြောင်း ရွှေအမြုတေ အနုပညာ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောသည်။

“ဒရာမာဘက်မှာ အားသန်တဲ့ မင်းသမီးမျိုးပါ။ အနုပညာမျိုးရိုး ရှိတဲ့ သရုပ်ဆောင်တဦးလည်းဖြစ်တယ်။ သူ့အမေ ဒေါ်သိန်းရှင် ဆိုရင် အသက်ကိုနှင်း၍ ဆိုတဲ့ ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆု ရခဲ့တဲ့ အပြင် အကယ်ဒမီလေးထပ်ကွမ်း ပိုင်ရှင် ဒေါ်ကြည်ကြည်ဌေး ဟာလည်း သူရဲ့ အဒေါ်အရင်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ အမူအရာကောင်းပြီး သဘာဝ ကျကျ သရုပ်ဆောင် နိုင်တယ်၊ မျက်ရည်ကို လိုအပ်တဲ့နေရာမှာ ချပြနိုင်စွမ်းရှိပါတယ်။ စကားပြောခန်း တခန်းမှာ မျက်ရည် ပေါက်ခနဲ ကျပြရမယ်ဆို ကျပြနိုင်တဲ့ အရည်အချင်းရှိပါတယ်။ အခုလိုမျိုး ဆုံးပါးသွားတော့ နှမြောရပါတယ်” ဟု သူက ဆိုသည်။

ဒေါ်နွဲ့နွဲ့မူသည် ၁၉၇၀ ခန့်တွင် စတင် အောင်မြင်ခဲ့သူဖြစ်ကြောင်း ၎င်း၏ နာမည်ကြီး ဇာတ်ကားများဖြစ်သော “နော်ကူးမ” နှင့် မင်းသားထွန်းဝေ၊ ညွန့်ဝင်း၊ ဦးနေစိုးတို့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အေ၀မ်းမောင်လှမျိုး ရိုက်ကူးခဲ့သော “ချောင်း” ဇာတ်ကားမှာ အောင်မြင်မှုရရှိခဲ့သည့် ဇာတ်ကားကြီးများ ဖြစ်ကြောင်း ဦးဝင်းငြိမ်းက ဆက်ပြောသည်။

“ဒီဇာတ်ကားတွေက အောင်မြင်တဲ့အပြင် ပရိသတ်တွေ နှစ်သက် လက်ခံကြတဲ့ ဇာတ်ကားတွေပါ။ ချောင်း ဇာတ်ကားဟာ မိသားစု ဒရာမာ ဇာတ်လမ်းလေးဖြစ်ပြီး နွဲ့နွဲ့မူက ကရင်တိုင်းရင်းသူ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ဇာတ်လမ်းများ သရုပ်ဆောင်ရာတွင် ရင်ထဲမှ အမှန်တကယ်ခံစား သရုပ်ဆောင်လေ့ရှိသည့် နွဲ့နွဲ့မူသည် ၁၉၇၄ ခုနှစ်တွင် “နော်ကူးမ” ဇာတ်ကားဖြင့် အကယ်ဒမီ ရွှေစင်ရုပ်တုကို ပိုင်ဆိုင်ခဲ့သည်။

“အဲဒီနှစ်က ထူးထူးခြားခြား အောင်လွင်နဲ့ နွဲ့နွဲ့မူ နှစ်ယောက်တည်း အကယ်ဒမီဆု ရရှိခဲ့တဲ့ အပြင်၊ သူတို့နှစ်ယောက် ဆုရခဲ့တဲ့ နှစ်က အကယ်ဒမီ ဆုပေးပွဲကို အင်းလျားလိတ်မှာ ပထမဦးဆုံး ကျင်းပခဲ့တဲ့ ပွဲလေးလည်းဖြစ်တယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပြသည်။

နွဲ့နွဲ့မူသည် ဒါရိုက်တာကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် သမီးနှင့်အမေများ (၁၉၉၀ ခုနှစ်) ဇာတ်ကား အပါအ၀င် သူငယ်ချင်း သုံးယောက် ရှိလေသည် (ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ ခင်သီတာထွန်း)၊ ချစ်တဲ့ရက်ကိုကြိုနေမယ် (ကောလိပ်ဂျင်နေ၀င်း၊ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ စံရှားတင်)၊ နေခြည်ဖြာမှနွေးသောကြောင့် (အောင်လွင်၊ နွဲ့နွဲ့မူ)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ စံရွှေမြင့် လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ နော်ကူးမ (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ ဒူးမထောက်လက်မမြှောက် (ညွန့်ဝင်း၊ မြင်းစိုင်းသားအောင်အောင်၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ) အစရှိသည့် ဇာတ်ကားများမှာ ထိုခေတ်အခါက အောင်မြင်ခဲ့ပြီး ပရိသတ်များ လက်ခံ အားပေးခဲ့သည့် ဇာတ်ကားများဖြစ်သည်။

နွဲ့နွဲ့မူသည် သရုပ်ဆောင်ရာတွင် အလွန်ကြိုးစားပြီး ဒရာမာဇာတ်လမ်းများ ပိုင်နိုင်သကဲ့သို့ ဒူးမထောက် လက်မမြှောက် ဇာတ်ကားကဲ့သို့ ဇာတ်ကြမ်းများတွင်လည်း သရုပ်ဆောင်နိုင်သူ ဖြစ်သည်ဟု ဦးကြည်စိုးထွန်းက ဆိုသည်။

“သူ့ရဲ့သိသာတဲ့ အရည်အချင်းတခုက သဘာဝကျအောင် သရုပ်ဆောင်နိုင်တဲ့ အပြင် ရင်ထဲကနေ တကယ်ခံစားပြီး သရုပ်ဆောင်လေ့ ရှိတယ်။ အရမ်းလည်း ကြိုးစားပါတယ်။ သူကိုယ်တိုင်လည်း သရုပ်ဆောင်ပညာ ပိုင်နိုင်သလို တခြားမင်းသမီး တွေကိုလည်း စိတ်နဲ့ခံစားပြီးတော့ကို သင်ပေးနိုင်တာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။

မျိုးဆက်သစ် သရုပ်ဆောင်များအား သင်တန်းပေးမည့် အစီအစဉ်တခုတွင် နွဲ့နွဲ့မူကို သင်ကြားသူအဖြစ် ဖိတ်ခေါ်ရန် အစီအစဉ် ရှိကြောင်းလည်း သူက ဆိုသည်။

“အခုလို သူကွယ်လွန်သွားခဲ့တဲ့ အတွက် အနုပညာလောကမှာ ဆုံးရှုံးမှု တခုပါပဲ” ဟု ဦးကြည်စိုးထွန်းက ပြောသည်။

ဒူးမထောက်လက်မမြှောက်၊ ချစ်တဲ့ရက်ကိုကြိုနေမယ် အစရှိသည့် ဇာတ်ကားများတွင် နွဲ့နွဲ့မူနှင့် အတူ တွဲဖက် သရုပ်ဆောင်ဖူးသည့် အနုပညာညီအစ်မ တဦးဖြစ်သူ အကယ်ဒမီ ဆွေဇင်ထိုက်ကလည်း နွဲ့နွဲ့မူ၏ အသံမှာ ဆွဲဆောင်မှုရှိပြီး သရုပ်ဆောင် ပညာကိုလည်း ပိုင်နိုင်ကျွမ်းကျင်သူ တဦးဖြစ်ကြောင်း၊ မဟုတ်မခံစိတ်ရှိကာ စိတ်ဆတ် လွယ်သည့်အတွက် တချို့က  အထင်လွဲကြသော်လည်း နွဲ့နွဲ့မူသည် စိတ်ရင်းကောင်းသူ တဦးဖြစ်ကြောင်း၊ စိတ်မာသူ တဦးဖြစ်ပြီး အတိုက်အခိုက်၊ အက်ရှင် ဇာတ်ကားများက အစ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ တဦးဖြစ်ကြောင်း ပြောပြသည်။

“အစ်မနွဲ့နွဲ့မူနဲ့အတူ ဒူးမထောက် လက်မမြှောက် ဇာတ်ကား ရိုက်တုန်းကဆိုရင် မန္တလေးက ရိုက်ကွင်းတခုမှာ သျှောင်ထုံးတွေ၊ ရာဇ၀င် အ၀တ်အစားတွေ ၀တ်စားပြီး တနေ့လုံး နေပူထဲမှာ ရိုက်ခဲ့ရတာ တွေကလည်း အမှတ်တရပါပဲ” ဟု ဆွေဇင်ထိုက်က ဆိုသည်။

နွဲ့နွဲ့မူသည် ပြီးခဲ့သည့် မေလက နေမကောင်းဖြစ်ကာ ဆေးရုံတင်ခဲ့ ရသေးကြောင်း၊ ထိုစဉ်က သက်သာသွားသောကြောင့် ဆေးရုံက ဆင်းခဲ့ကြောင်း၊ မကြာသေးမီက ရောဂါသည်းကာ အရေးပေါ်ခန်းတွင် တင်လိုက်ရပြီး ယမန်နေ့က ဆုံးပါး သွားခဲ့ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဆွေဇင်ထိုက်က ပြောသည်။

အကယ်ဒမီ နွဲ့နွဲ့မူ၌ သား ၁ ဦး၊ သမီး ၁ ဦး ထွန်းကားခဲ့ပြီး မကွယ်လွန်မီ အချိန်အထိ စမ်းချောင်းမြို့နယ် ဝေဠုဝန်အိမ်ရာ တိုက် (၁၂) အခန်း(၂) တွင်နေထိုင်ခဲ့သည်။

ဇွန် ၁၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗားကရာ ခရစ်ယာန် ဘုရားကျောင်းတွင် ၀တ်ပြု ကိုးကွယ် ပြီးမှ အကယ်ဒမီ နွဲ့နွဲ့မူ၏ ကျန်ရစ်သော ရုပ်ကြွင်းကို ရေဝေး ခရစ်ယာန်သုဿာန်သို့ ပို့ဆောင်ဂူသွင်းမည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်