ကျပ်ငွေ ရှားပါးမှုကြောင့် ဆန်လုပ်ငန်းနှင့် လယ်သမား အကြပ်ရိုက်

E-mail Print
မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် အပါအ၀င် ပြည်ပသို့ ဆန် တင်ပို့နေသော ကုမ္ပဏီများသည် ၎င်းတို့၏ ပို့ကုန်ဝင်ငွေ (Export Earning) တန်ဖိုး လွန်စွာကျဆင်း၍ အရှုံးပေါ်နေသောကြောင့် ငွေပေး ငွေချေများ ရပ်ဆိုင်းထားရသည့်အတွက် ဆန်ဈေးကွက်၌ အရောင်းအ၀ယ် နည်းပါးလျက်ရှိကြောင်း သိရသည်။

Myanmar_female_farmers
ပို့ကုန်ဝင်ငွေ သည် အမေရိကန် ဒေါ်လာနှင့် ဆက်စပ်လျက်ရှိရာ အမေရိကန် ဒေါ်လာဈေး ကျဆင်းသည့်အတွက် ပို့ကုန်ဝင်ငွေလည်း ကျဆင်းခြင်းဖြစ်သည်။

ယမန်နှစ် နှစ်ဆန်းပိုင်းတွင် တဒေါ်လာလျှင် ကျပ် ၁၀၀၀ ရှိခဲ့ရာမှ ပြီးခဲ့သည့် ရက်သတ္တတပတ် အတွင်းမှ စတင်ပြီး ထပ်မံကျဆင်းလာရာ ယနေ့ ပေါက်ဈေး ၇၈၀ ကျပ် ဖြစ်နေသည်။ ပို့ကုန်ဝင်ငွေ ဈေးနှုန်းမှာ ၈၀၀ ကျပ်ဖြစ်သည်။

ပို့ကုန်ဝင်ငွေ ငွေကြေးသည် သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်တိုင်း လိုအပ်သည့် တရားဝင်ငွေကြေး ဖြစ်ပြီး မည်သူ့ကိုမျှ ရောင်းချ ခွင့်မရှိဘဲ သွင်းကုန်ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်သူများသာ အချင်းချင်း ဘဏ်စာရင်း တခုမှတခု လွှဲပြောင်း၍ ရောင်းဝယ်မှု ပြုလုပ်နိုင်သည်။ အမေရိကန် ဒေါ်လာအပြင် နိုင်ငံခြား ငွေမာများဖြစ်သော ဥရောပ သုံး ယူရို ငွေနှင့် ဂျပန်နိုင်ငံသုံး ယန်း ငွေတို့ကိုလည်း Earning အဖြစ် အသုံးပြုကြောင်း သိရသည်။

ရန်ကုန် ဘုရင့်နောင် ဆန်ဈေးကွက်မှ ဆန်လုပ်ငန်းရှင်တဦးက“အိတ်စ်ပို့သမားတွေ အရမ်းရှုံးနေပြီ၊ ဒါကြောင့် Earningကို လက် ထဲ ကိုင်ထားပြီး စောင့်ကြည့်နေတယ်၊ ကုန်သည်တွေကိုလည်း ငွေရှင်းမပေးဘဲ ဆိုင်းထားတော့ ရောင်းပြီးငွေမရဖြစ်နေတယ်၊ အားလုံး ငွေကြပ် နေကြတယ်”ဟု ဧရာဝတီကို ပြောသည်။

ပြည်တွင်း ဆန်ကုန်သည်များအနေဖြင့် ပြည်ပဆန်တင်ပို့သူများထံမှ ငွေမရရှိသည့်အတွက် ဆန် ဈေးကွက်အတွင်း ငွေပေး ငွေယူ ကိစ္စရပ်များကို ရပ်ဆိုင်းထားရကြောင်း၊ တချို့သော ဆန်ကုန်သည်များမှာ ငွေဖော်သည့် အနေဖြင့် မိမိတို့တွင် ရှိနေသည့် ဆန် များကို ဈေးလျှော့ချ၍ ရောင်းသော်လည်း ငွေကြေးလက်ဝယ်မရှိသည့် ကုန်သည်က များနေသည့်အတွက် အရောင်းအ၀ယ် မဖြစ်ကြောင်း အဆိုပါ ဆန်လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ပြည်ပသို့ တင်ပို့သည့် ၂၅ မှတ် ဆန်ဈေးနှုန်းမှာ တအိတ်လျှင် ၁၃၅၀၀ကျပ်မှ ၁၂၅၀၀ ကျပ်အထိ ကျဆင်းသွားပြီး ပေါ်ဆန်းမွှေး ဆန်မှာလည်း တတင်းခွဲတအိတ်လျှင် ၃၆၀၀၀ကျပ်မှ ၃၄၀၀၀ကျပ်အထိ ကျဆင်းသွားသည်ဟု သိရသည်။

ပြည်ပသို့ဆန်တင်ပို့နေသည့် အဓိက ကုမ္ပဏီကြီးများမှာ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း နှင့် ယခင် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဟောင်း ဦးအောင်သန်းဦး ပိုင်ဆိုင်သည့် ပင်လယ်ကိုးသွယ်ကုမ္ပဏီ၊ ရတနာကျော်၊ ဒိုင်းမွန်းစတား၊ ရတနာဝင်း တို့ဖြစ်သည်။

ငွေကြေးမတည်မငြိမ်ဖြစ်မှု ဂယက်ကြောင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီကြီး အများစုက ဆန်ဝယ်ယူခြင်း ရပ်ဆဲထားကြောင်း၊ ထို့ကြောင့် စပါးဈေးလည်း ကျဆင်းလာရာ ဆန်ကုန်သည်များသာမက တောင်သူလယ်သမားများကိုပါ ထိခိုက်မှုများ ရှိနေကြောင်း ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အတွင်းရှိ လယ်သမားတဦးက ပြောသည်။

“နယ်ဆင်းဝယ်တဲ့ ကုမ္ပဏီဝယ်လက်တွေ ရပ်ကုန်ပြီ၊ ဒီငွေဈေး အတက်အကျပေါ်မှာပဲ အားလုံးကအလုပ်လုပ်နေတော့ ဒီတိုင်းဆက် ဖြစ်နေတယ်ဆို ရေရှည်မလွယ်ဘူး၊ နောက်ဆုံးလယ်သမားအပေါ်မှာ ဖိလာမယ်”ဟု ၎င်းက ဆိုသည်။

စပါးဈေးကျဆင်းနေသော်လည်း ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် အမှန်တကယ်လိုအပ်သည့် ဓာတ်မြေသြဇာ ဈေးနှုန်းများ ကျဆင်းခြင်း မရှိသည့်အပြင် လယ်ယာသုံး စက်ကိရိယာများအတွက် စက်သုံးဆီဈေးလည်း မကျဆင်းကြောင်း၊ ထို့အပြင် လယ်ယာ လုပ်သားများ၏ လုပ်အားခဈေးနှုန်းမှာလည်း တနေ့တခြား မြင့်တက်လာနေကြောင်း အဆိုပါ လယ်သမားက ပြောသည်။

မိုးစပါးဈေးနှုန်းမှာ ယခင် စပါးတင်း ၁၀၀ လျှင် ကျပ် ၃သိန်း ၅ သောင်းခန့်မှ ကျပ် ၃သိန်း၂သောင်းအထိ လည်းကောင်း၊ နွေစပါးမှာ တင်း ၁၀၀ လျှင် ကျပ်၂သိန်း ၈သောင်းခန့်မှ၂သိန်း ၅သောင်းကျပ် ဈေးအထိ ကျဆင်းနေကြောင်း၊ ဓာတ်မြေသြဇာ ဈေးနှုန်းမှာမူ ကျပ် ၂၇၀၀၀ မှ ၂၉၀၀၀ကျပ် အထိ မြင့်တက်သွားကြောင်း သိရသည်။

ရေရှည်တွင် စပါးဈေးကျဆင်းပြီး စိုက်ပျိုးစရိတ်မြင့်တက်လာလျှင် တောင်သူများတွင် အစိုးရထံမှ ရယူထားသည့် အမတော်ကြေး (စိုက်ပျိုးစရိတ် ချေးငွေ)နှင့် ပြင်ပမှ စပါးပေးဖြင့်ယူထားသည့် ချေးငွေများကိုလည်း ပြန်မဆပ်နိုင်ခြင်း၊ စိုက်ပျိုး ဧကများ လျော့ကျ လာပြီး စပါးအထွက်ပါ ထိခိုက်နိုင်သည်ဟု သာယာဝတီခရိုင်မှ လယ်သမားက ဆက်လက်ရှင်းပြသည်။

ပဲဈေးကွက်တွင်လည်း မတ်ပဲဈေးမှာ သုံးတင်းဝင် တအိတ်လျှင်၂၃၀၀၀ ကျပ် မှ ၁၄၈၀၀ ကျပ်ဈေး အထိကျဆင်းသွားသော်လည်း  ၀ယ်ယူသူ မရှိကြောင်း၊ ငွေကြေးမတည်ငြိမ်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် အပျက်အစီး များခြင်း၊ ပဲအများဆုံးဝယ် ယူသည့် အိန္ဒိယနိုင်ငံ၌ ပဲအထွက်နှုန်းတိုးလာခြင်းများကြောင့် ယခုနှစ် မတ်ပဲဈေးကွက်သည် နာလန်ထူလာနိုင်မည်ဟု မထင်ကြောင်း ဘုရင့် နောင်ရှိ ပဲကုန်သည်တဦး က ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးသည် ကုန်သွယ်ဘက်နိုင်ငံများ၏ ငွေကြေးထက် တန်ဖိုး မြင့်တက်နေလျှင် မိမိတို့ ၏ ပို့ကုန် ဈေးကြီးခြင်း၊ ပို့ကုန်တင်ပို့ရန် ခက်ခဲခြင်းများ ဖြစ်ပေါ်နိုင်ပြီး တင်ပို့ခြင်းမပြုပါကလည်း ဈေးကွက် ပျောက်သွားနိုင်ကြောင်း၊ တင်ပို့ပါကလည်း အရှုံး
ပေါ် ကာ ပြည်တွင်းထုတ်လုပ်သူ အကျိုးစီးပွားထိခိုက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်နစ်နာနိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ) က ထောက်ပြသည်။

ယခုကဲ့သို့ ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်ပြီး အမေရိကန်ဒေါ်လာဈေးကျဆင်းနေသော်လည်း ဆန်ဈေးမှလွဲ၍ လူသုံးကုန် ပစ္စည်း အပါအ၀င် စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ ကျဆင်းခြင်း မရှိကြောင်း၊ ပြည်ပမှ တင်သွင်းရသည် လောင်စာ ဆီဈေးနှုန်းလည်း ကျဆင်းခြင်း မရှိဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်