စိုက်ပျိုးစရိတ် ချေးငွေရရှိရေး အာဏာပိုင်ကို လာဘ်ထိုးရ

E-mail Print
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အတွင်းရှိ စိုက်ပျိုးစရိတ်ချေးငွေ ရရှိလိုသော တောင်သူများသည် သက်ဆိုင်ရာ ကျေးရွာအုပ်စုပိုင် အုပ်ချုပ်ရေးမှူးများအား ငွေပေးကြရကြောင်း သတင်းရရှိသည်။

corruption
မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့များ အပါအ၀င် သာယာဝတီခရိုင်အတွင်းရှိ လယ်သမားများ လယ်မြေ ၅ ဧကပိုင်ဆိုင်သူ လယ်သမားတဦးလျှင် ၂၀၀၀ ကျပ် ပေးသွင်းရပြီး ၅ ဧကအထက် ပိုင်ဆိုင်သူမှာ ၂၅၀၀ ကျပ်ကို လယ်သမား မှတ်ပုံတင်နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင် ပေးသွင်းမှသာ ချေးငွေရရှိကြောင်း တောင်သူများထံမှ သိရသည်။

ထိုသို့ ပေးသွင်းပြီး ဆယ်ရက်အတွင်း အစိုးရ စိုက်ပျိုးစရိတ် ချေးငွေ (အမတော်ကြေး) ရရှိကြောင်း၊ ယခင်နှစ် ရယက ဥက္ကဋ္ဌ လက်ထက် ပေးသွင်း ရငွေထက် ယခုနှစ် ၅၀၀ ကျပ် ပိုမို ပေးရကြောင်း ဇီးကုန်းမြို့နယ်မှ တောင်သူ တဦးက ဆိုသည်။

“ကျေးရွာအုပ်စုပိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူတဲ့ တောင်သူကိုပဲ ချေးငွေ ထုတ်ပေးတယ်။ ပိုက်ဆံပေးထားတဲ့ တောင်သူကိုပဲ ကျေးရွာလူကြီးက တာဝန်ယူတယ်” ဟု ၎င်းက ပြောသည်။

တောင်သူများထံမှ ရယူထားသော အဆိုပါ ကောက်ခံရရှိငွေအနက် တချို့ကို စိုက်ပျိုးရေးဝန်ကြီးဌာန လယ်ယာ ဖွံ့ဖြိုးမှုဘဏ် (စိုက် - ဘဏ်) ၏ တာဝန်ရှိသူကို ပေးကာ နားလည်မှု ရယူကြရသည်ဟု သာယာဝတီ ခရိုင်အတွင်းနေ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ဆိုသည်။

သို့သော် ၎င်းက တောင်သူဦးရေ မည်မျှအတွက် စိုက် - ဘဏ် တာဝန်ရှိသူထံသို့ ငွေကြေး မည်မျှ ပေးသွင်းထား ရကြောင်းကို ပြောဆိုခြင်း မရှိပေ။

ချေးငွေရရှိရေးအတွက် ငွေပေးရသည့်အပြင် တချို့မြို့နယ်များ၏ စိုက် - ဘဏ်များက ချေးငွေ ထုတ်ပေးချိန်၌ ရန်ပုံငွေ အတွက်ဟု ဆိုကာ တောင်သူများ အသုံးမတည့်သည့် ပစ္စည်းတချို့ကို မဝယ်မနေရ ပုံစံဖြင့် ရောင်းချခြင်းများ ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်းရှိ တောင်သူတဦးက “ပြီးခဲ့တဲ့အပတ်က အုတ်ဖိုက တောင်သူတွေ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ကြတယ်။ အဲဒါ စိုက် - ဘဏ် ရန်ပုံငွေဆိုပြီး စိုက်ပျိုးရေးသုံး ဆေးပုလင်းတမျိုးကို ၁၀၀၀ ကျပ်နဲ့ ချေးငွေထဲက ဖြတ် လိုက်တယ်။ သူတို့ပေးတဲ့ ဆေးပုလင်းက တောင်သူတွေ အတွက် အသုံးမတည့်ပေမယ့် ချေးငွေလိုချင်တော့ ဝယ်ရတာပဲ” ဟု ရှင်းပြသည်။

သို့သော် လတ်တလော ချေးငွေ ထုတ်ပေးနေသည့် ကြို့ပင်ကောက်၊ ဇီးကုန်း စသည့် မြို့နယ်များတွင်မူ အဆိုပါ လုပ်ရပ်မျိုး မရှိဟု သိရသည်။

စပါး စတင်စိုက်ပျိုးစ ဇွန်လလယ်ခန့်တွင် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တဧကအတွက် ကျပ် ၂၀၀၀၀ အား စိုက် - ဘဏ် မှ နှစ်စဉ် ထုတ်ပေးလေ့ရှိပြီး စပါးပေါ်အပြီး စက်တင်ဘာ၊ အောက်တိုဘာ လများတွင် အကျေ ပြန်လည် ပေးဆပ်ကြရသည်။

ယခင်နှစ် စိုက်ပျိုးစရိတ် ကြွေးကျန်ရှိသူများ၊ ချေးငွေ ပြန်လည်ပေးသွင်းမှု နောက်ကျသူများအား ကျေးရွာအုပ်ချုပ်ရေး မှူးများက တာဝန်ယူလေ့ မရှိသောကြောင့် အဆိုပါ တောင်သူများမှာ ယခုနှစ်အတွက် အစိုးရချေးငွေ ရရှိရန် များစွာ အခက်အခဲ ရှိကြောင်း သိရသည်။

“မနှစ်က ချေးငွေ ပြန်ဆပ်တာ နောက်ကျပေမယ့် ကျေလည်အောင်တော့ ဆပ်ခဲ့ပါတယ်။ အဲဒါ ဒီနှစ် ချေးငွေ မရလို့ စိုက်ဘဏ် မန်နေဂျာကို အကျိုးအကြောင်း ရှင်းပြခဲ့ရတယ်။ မန်နေဂျာကလည်း အုပ်စုပိုင် ဥက္ကဋ္ဌ တာဝန်ယူရင် ချေးငွေ ထုတ်ပေးမယ် ပြောတယ်” ဟု ကြို့ပင်ကောက်မြို့နယ်မှ တောင်သူတဦးက ပြောသည်။

တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၁ သိန်းခန့် ကုန်ကျချိန်တွင် ယခု ထုတ်ချေးပေးသော အစိုရချေးငွေ တဧက ၂၀၀၀၀ ကျပ်မှာ လွန်စွာ နည်းပါးကြောင်း၊ ထို့ထက် ပို၍ ထုတ်ပေးနိုင်ပါက စိုက်ပျိုးစရိတ်အတွက် အခက်အခဲများ လျော့ပါးနိုင်ကြောင်း တောင်သူအများစုက ဆိုကြသည်။

လက်ရှိတွင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲ တတင်း ၁၅၀၀၀ ကျပ် ဈေးဖွင့်ထားသော်လည်း အ၀ယ် မရှိ ဖြစ်နေသည့် အတွက် မတ်ပဲလှောင်လက်များ များစွာ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်