မီးပျက်တာ သတင်းမဟုတ်ပါ

E-mail Print
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပျက်ခြင်း၊ လျှပ်စစ်မီးမရရှိခြင်းသည် သတင်းမဟုတ်တော့ဘဲ၊ လျှပ်စစ်မီးလာခြင်း လျှပ်စစ်မီးရ ခြင်းသာလျှင် သတင်းဖြစ်သည်ဟု ရန်ကုန်၊ မန္တလေး မြို့ခံများက ပြောဆိုနေကြသည်။

စပါးခွံသုံးဓာတ်ငွေ့စက်နှင့် ဒိုင်နမိုတွဲပြီး လျှပ်စစ်မီးရရှိရန် ထုတ်လုပ်သည့် စပါးခွံသုံးလျှပ်စစ်ဓာတ်အားပေး စက်များ ထွက်ပေါ်လာခြင်း၊ နွားနှင့် ဆုံကိုလှည့်ပတ်ခြင်းအားဖြင့် လျှပ်စစ်မီးရစေခြင်းတို့သည်သာလျှင် သတင်း ဖြစ်လျက် နိုင်ငံပိုင်သတင်းစာများ၊ ပြည်တွင်းထုတ် ဂျာနယ်များတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သော ရန်ကုန်တွင်ပင် လျှပ်စစ်မီးပုံမှန်မပေးနိုင်ဘဲ အလှည့်ကျ စနစ်နှင့် ပေးနေရပြီး တနှစ်ပတ်လုံး မီးလာချိန်နှင့် မီးပျက်ချိန်တို့ကို နှိုင်းယှဉ်ကြည့်ပါက မီးပျက်ချိန်က ပိုများ လျက်ရှိသည်ကို တွေ့မြင်ရသည်။

ရန်ကုန်မြို့သို့ဖြန့်ဝေနေသော မီဂါဝပ် ၁၄၀ ခန့် ထွက်ရှိသည့် လှော်ကား၊ ရွာမ နှင့် သာကေတ တို့ရှိ လျှပ်စစ်ဓာတ်အားပေးရုံ ၃ ရုံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လကုန်ပိုင်းမှ စတင်၍ မလည်ပတ်နိုင်တော့သည့် အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုလျော့ကျလာရခြင်း အကြောင်းတခု ဖြစ်သည်ဟု အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

နှစ်စဉ် ရေနည်းချိန်ဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ မတ်၊ ဧပြီ၊ မေလများတွင် ရန်ကုန် အပါအ၀င် တခြားမြို့နယ်များအားလုံး အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနေ ကြရသည်။

“အဲဒီလတွေမှာတော့ မီးက အမြဲပျက်နေတာ လာတဲ့ရက်ထက် ပျက်တဲ့ရက်ကပိုများတယ်။ ကျန်တဲ့ လတွေမှာ မီးက မပျက်ဘူးလားဆိုတော့ မဟုတ်ဘူးပျက်တာပါပဲ။ ဒါပေမယ့် အဲဒီလို ရေနည်းချိန်လောက်တော့ မဆိုးဘူး ပေါ့” ဟု ဒဂုံမြို့နယ်တွင် နေထိုင်သူ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံး သုံးစွဲနေသည့် သုံးပုံတပုံထက်ပိုသော လျှပ်စစ်ဓာတ်အား ပမာဏသည် အသေးစား  ရေအားလျှပ်စစ် စနစ်ဖြင့် ထုတ်လုပ်မှုမှရရှိခြင်းဖြစ်ကြောင်း၊ တနိုင်ငံလုံး သုံးနေသည့် လျှပ်စစ်ပမာဏ ၁၇၇၅ မီဂါဝပ်၏ ၅၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့က အသုံးပြုနေပြီး ထို ၅၀ ရာခိုင်နှုန်းထဲမှ ၅၃၀ မီဂါဝပ်မှာ စက်မှုလက်မှု လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများက အသုံးပြုကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အုပ်စု အေ၊ ဘီ၊ စီ စသဖြင့် အုပ်စုခွဲကာ တအုပ်စုလျှင် နာရီပိုင်းပျက် နာရီ ပိုင်း မီးလာစနစ်ဖြင့်လည်းကောင်း၊ တရက်ခြား မီးလာစနစ်ဖြင့်လည်းကောင်း၊ သို့မဟုတ် ၂ ရက်ပျက် ၁ ရက်လာ စနစ်ဖြင့် လည်းကောင်း၊ စနစ်အမျိုးမျိုးသတ်မှတ်ပြီး မြို့နယ် လျှပ်စစ်ရုံးအသီးသီးမှ မီးပေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျမတို့က အုပ်စု အေထဲမှာ ပါတယ်၊ သူတို့ပြောတဲ့အရ ဆိုရင် ဒီနေ့ မနက် ၅ နာရီကနေ မနက် ၁၁ နာရီထိ မီးလာမယ် နောက်ပိုင်းပျက်မယ်ပေါ့။ တကယ်ကျတော့ အဲဒီလို မဟုတ်ဘူး။ လာချိန်မှာ ခဏလာပြီး ပျက်ချိန်မှာ တော့ တိကျတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူ တဦးက ပြောဆိုသည်။

ဒဂုံမြို့သစ်တွင်  မနက် ၅ နာရီ၌ မီးခဏလာပြီး၊ ၅ နာရီ မိနစ်၂၀ ခန့်တွင် ပြန်ပျက်သွားကြောင်း၊ ထို့နောက် မနက် ၉ နာရီတွင် တခါလာပြီး  ၁၀ နာရီတွင် ပြန်ပျက်ကြောင်း၊ ၁၀ နာရီ ခွဲခန့်တွင် လာပြီး ၁၁ နာရီ တိတိမှာလုံးဝ အပြီး ပျက်သွားကာ နောက်တနေ့ မီးလာချိန် နံနက် ၅ နာရီမှမီးပြန်လာတော့ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အတူ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ တဦးကလည်း “မနေ့က ဆိုရင်မီးလာရမယ့်ရက်၊ အဲဒါတောင် တနေကုန်လုံး မီးလာချိန်ကို ပေါင်းကြည့်ရင် ၃နာရီတောင်မပြည့်ချင်ဘူး၊ လာလိုက် ပျက်လိုက်နဲ့ပဲ။ မီးပျက်တဲ့ ရက်ကတော့ တနေကုန်ကို မလာတော့တာ” ဟု ပြောဆိုသည်။

အလားတူပင် မန္တလေးမြို့ရှိ မြို့နယ် ၅ မြို့နယ်ကိုလည်း အေ၊ ဘီ၊ စီ၊ ဒီ ဟု အုပ်စု ၄ စု ခွဲထားပြီး ရပ်ကွက် အလိုက် ၅ နာရီ နှင့် ၁၁နာရီ ၊ ၁၁နာရီ မှ ၅နာရီ အကြား စသဖြင့် မနက်၊ နေ့လယ်၊ ည အလှည့်ကျ မီးပေး စနစ်ဖြင့် ပေးနေသော်လည်း အချိန်မမှန်ကြောင်း မန္တလေး မြို့ခံများကပြောသည်။

လက်ရှိနိုင်ငံတွင်း ရေအားလျှပ်စစ် စီမံကိန်း ၂၂ ခု ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် လာမည့် အနာဂတ်ကာလတွင် နောက်ထပ် ၁၅ ခု ထပ်မံ တိုးချဲ့သွားရန်ရှိကြောင်း မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနက ဆိုသည်။

လွန်ခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက စတင်၍ မွန်ပြည်နယ် မုတ္တမ ပင်လယ်ကွေ့ရှိ ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့တာဘိုင် ပြုပြင်နေသောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ပိုက် လိုင်းဖြင့်ပေးပို့နေသော ဓာတ်ငွေ့များမပေးပို့နိုင်သည့်အတွက် မြန်မာနိုင်ငံ နေရာဒေသတချို့တွင် လျှပ်စစ်မီး ထုတ်လွှတ်မှု လျော့ကျမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ထားသည်။

တောင်ငူမြို့အနီးရှိ သောက်ရေခပ် ချောင်းကို ဖြတ်၍ လောပီတမှ ပေးပို့သည့် လျှပ်စစ်ဓာတ်အားလိုင်း တိုင် တချို့ကို အစိုးရန့်ကျင်ရေးအဖွဲ့ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ) လက်နက်ကိုင် အဖွဲ့များက ဗုံးခွဲသည့်အတွက် ပျက်စီးမှုများရှိကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

စစ်အစိုးရ က မီဂါဝပ် ၂၁၀၀၀ ခန့် ထွက်ရှိမည်ဖြစ်သော ရေအားလျှပ်စစ် စီမံကိန်းအသစ် တည်ဆောက်နေ ကြောင်း အမြဲတမ်းပြောဆိုနေခဲ့သည်။ သို့သော် ယင်းလျှပ်စစ်ဓာတ်အားများ အမှန်တကယ်ထွက်ရှိလာပါက အိမ်နီးချင်း ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ရောင်းချဖွယ်ရှိကြောင်းလည်းဝေဖန်ပြောဆိုနေကြသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှ ထုတ်လုပ်သုံးစွဲနေသည့် လျှပ်စစ်ပမာဏ ၂၄၀၀၀ မီဂါဝပ် ၏ ၁၉ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးကို အားကိုးလုပ်ကိုင်နေကြရသော ရန်ကုန် လူနေရပ်ကွက်များအတွင်းရှိ တနိုင်တပိုင်လုပ်ငန်းငယ်များ မှာ လျှပ်စစ်မီးပုံမှန် မရရှိမှုကြောင့်ယခုအခါ လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းထားရသည်ကို တွေ့မြင်ရသည်။

“မီးကမလာ၊ အရောင်းအ၀ယ်ကလည်း ကျဆိုတော့ မနှစ်ကလို ဒီဇယ်နဲ့ မီးစက်မောင်းပြီး လုပ်ငန်းလုပ်ဖို့ကို အားမရှိတော့လို့ ရပ်ကို ရပ်ထားရတာတလရှိပြီ၊ မီးပုံမှန်လာမှပဲ လုပ်ငန်း ဆက်လုပ်နိုင်တော့မယ့် အနေအထား ရှိတယ်” ဟု ကော်စေ့ကြိုလုပ်ငန်းလုပ်သည့် လုပ်ငန်းရှင်တဦးက ပြောသည်။

ကမ္ဘာ့ငွေကြေးအကြပ်အတည်းကြောင့် အရောင်းအ၀ယ်များကျဆင်းနေချိန်၊ ၀င်ငွေလျော့ပါးနေချိန်တွင် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းသည် လုပ်ငန်းရပ်ရန်အတွက် အဓိက အကြောင်းရင်းတခုဖြစ်လာကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။

လှိုင်မြို့နယ်မှ ကလေးကစားစရာ ပလတ်စတစ်အရုပ်များထုတ်လုပ်သည့် လုပ်ငန်းကိုလည်း မီးမရရှိသည့် အတွက် ဒီဇယ်နှင့်မီးစက်မောင်းပြီး လည်ပတ်ရာ ဈေးကွက်အတွင်းမကိုက်သောကြောင့် လုပ်ငန်းရပ်ဆိုင်းထားရ သည်ဟု သိရှိရသည်။

မန္တလေးမြို့ခံတဦးက “မီးဘေးအန္တရာယ်လည်း စိုးရိမ်ရတယ်။ လျှပ်စစ်မီးမရတဲ့ အတွက် ဓာတ်ဆီ၊ ဒီဇယ်၊ ဖယောင်းတိုင်တွေကို ၀ယ်သုံးရတယ်။ မတော်တဆ ပေါ့ဆလို့ မီးလောင်တာတွေဖြစ်တယ်။ မီးပျက်သွားတဲ့ အချိန် ရုတ်တရက် မီးမပိတ်မိရင် ပြန်လာတဲ့ အခါ ဝါယာရှော့ ဖြစ်တာတွေ ကြုံရတယ်” ဟုပြောပြသည်။

စက်မှုဇုန်များအားလုံးတွင်မူ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅ နာရီအထိမီးရရှိပြီး ည ၁၁ နာရီမှ နောက် တနေ့ နံနက် ၅ နာရီထိ မီးရရှိကြကြောင်း၊ မီးပုံမှန်လာတတ်ပြီး ပျက်လျှင်လည်း ခဏတာ ပျက်တတ်ကြောင်း၊ ထို့ အတွက်မြို့နယ် လျှပ်စစ်ရုံးများသို့ ပုံမှန်တရားမ၀င် ငွေကြေး နှစ်စဉ်ပေးဆောင်နေရကြောင်း စက်မှုဇုန် ၀န်ထမ်းများက ပြောပြသည်။

ယခုအခါ စစစ်အစိုးရက စပါးခွံသုံး ဓာတ်ငွေ့စက်မှ လျှပ်စစ်မီးရရှိရေးနှင့် ထိုစက်ကို တွင်ကျယ်စွာ အသုံးပြု ရေးအတွက် သတင်းစာများနှင့် ဂျာနယ်များမှ တဆင့် ပြည်သူလူထုကို အသိပေးလှုံ့ဆော်နေသည်။

မကွေးတိုင်းသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်သွားရောက်စဉ်က တာဝန်ရှိသူများနှင့် လျှပ်စစ်အင်ဂျင်နီယာများကို စပါးခွံသုံးဓာတ်ငွေ့စက်နှင့် ဒိုင်နမိုတွဲပြီး လျှပ်စစ်မီးရရှိရန် ထုတ်လုပ် ရေးအား တိုက်တွန်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၏ မျက်နှာဖုံးတွင် ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

ဇန်န၀ါရီလအတွင်း ထုတ်ဝေခဲ့ကြသော ပြည်တွင်း ဂျာနယ်တချို့တွင်လည်း မြို့ပြနှင့်ဝေးသော ကျေးလက်  ဒေသများတွင် စပါးခွံသုံးလျှပ်စစ်ဓာတ်အားပေးစက်များဖြင့် လျှပ်စစ်မီး ထုတ်လုပ်သုံးစွဲနေကြပြီဖြစ်ကြောင်း ဖော်ထုတ်ရေးသားလာကြသည်။

ဇန်န၀ါရီလ ၉ ရက်နေ့ထုတ် Biweekly Eleven ဂျာနယ် စာမျက်နှာ ၆ တွင် ဓာတ်ပုံနှင့်အတူ ကျေးလက်ဒေသများ တွင် စပါးခွံလောင်စာသုံးစက်များဖြင့် လျှပ်စစ်မီးအားသုံးစွဲမှု များပြားလာကြောင်း ဖော်ပြခဲ့သလို၊ ဒီဇင်ဘာလ ၁၉
ရက်နေ့ထုတ် အဆိုပါ ဂျာနယ်တွင်ပင် သရက်ခရိုင်၊ ကံမမြို့ပေါ်ရပ်ကွက်အသီးသီးတွင် စပါးခွံလျှပ်စစ်ဓာတ်အား ပေးစက်များ တွင်ကျယ်စွာ အသုံးပြုနေ ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း ဓာတ်ပုံနှင့်အတူတွဲလျက် ဖော်ပြခဲ့ သည်ကိုလည်း တွေ့ရသည်။

“စပါးခွံသုံးဓာတ်ငွေ့စက်နဲ့ ဒိုင်နမိုတွဲပြီး လျှပ်စစ်မီးရရှိအောင်ထုတ်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့အတွေးအခေါ် က ရှက်စရာလည်းကောင်းတယ်။ ရယ်စရာလည်း ကောင်းတယ်။ ကျနော်တို့မှာ ကျောက်ခေတ်ရောက်နေ သလို ခံစားရတယ်” ဟု ရန်ကုန်မြို့မှ လျှပ်စစ်အင်ဂျင်နီယာတဦးက ပြောဆိုသည်။

ဤသတင်းကို ရန်ကုန်မြို့မှ ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ဧရာဝတီတိုက်ထိုင် သတင်းထောက် အေးလဲ့တို့ ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်