အမျိုးသမီးတွေ အကယ်ဒမီ ဘာကြောင့်မရ

E-mail Print
၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုနှင့် ဇာတ်ပို့ဆုတို့ မပါဝင်ခဲ့ ခြင်းအပေါ် လူအများက စိတ်ဝင်တစားနှင့် ထင်ကြေးမျိုးစုံ ပေးနေကြပြီး အများစုက စစ်အစိုးရ၏ ယတြာတခုသာ ဖြစ်ကြောင်း ပြောဆိုနေသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ကကျင်းပခဲ့သော ၂၀၀၇ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် စုစုပေါင်း ဆု ၆ ဆုသာပေးခဲ့ပြီး အမျိုးသမီး ထူးချွန်ဆုတဆုမှ မပါဝင်ခဲ့ပေ။ ဇာတ်ကားစုစုပေါင်း ၁၀ ကားရှိသည့်အနက် ၂ ကားကိုသာ ဆုပေး ခဲ့သည်။

“ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားအတွက် မင်းသားဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ တေးဂီတဖန်တီးသူဆု ဟူ၍ ဆု ၅ ဆုနှင့် “ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီ” ဇာတ်ကားအတွက် ဓာတ်ပုံဆု ၁ ဆု ပေးခဲ့သည်။

အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားမှ မင်းသားကျော်ရဲအောင်၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ၎င်းဇာတ်ကားမှပင် သရုပ်ဆောင် မိုးဒီတို့က ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုနှင့် ဇာတ်ပို့ဆုကို စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ မျိုးသန္တာထွန်းနှင့် နန္ဒာလှိုင်တို့ ရရှိမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း တဦးတယောက်မှ မရရှိခဲ့ပေ။

“ထူးချွန်တဲ့ အမျိုးသမီးတွေကို စင်ပေါ်မတက်စေရဘူးဆိုတဲ့ ယတြာလို့ ပြောကြတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတဦးက ပြောသည်။

စိုးမြတ်သူဇာနှင့် ခိုင်သင်းကြည်တို့ ပါဝင်ခဲ့သော အမေနှင့်သမီးများ ဇာတ်ကားဒါရိုက်တာ အန်ထော်ဏီက ကျိုက်ထီးရိုးတွင် အကယ်ဒမီအဓိဌာန်ဟူ၍ အကြီးအကျယ် ကန်တော့ပွဲပေးခဲ့သောကြောင့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက တမင်သက်သက် ချန်လှပ်ထားခြင်းဖြစ်သည်ဟု ကြားမိကြောင်း အကယ်ဒမီပွဲသို့ သွားရောက်ခဲ့သည့် ရုပ်ရှင်အစည်းအရုံးဝင်တဦးက ပြောပြသည်။

“ဒါရိုက်တာ အန်ထော်ဏီက အကြီးအကျယ် အဓိဌာန်ဝင်ခဲ့တာ။ အဲဒါကို ဝန်ကြီးက အမြင်ကတ်ပြီး အဲဒီကားကို ဆုတဆုမှ မပေးတာလို့ကြားတယ်” ဟု သူကဆိုသည်။

မျိုးသန္တာထွန်း ပါဝင်သော ရင်နင့်အောင်မွှေး ဇာတ်ကားမှာမူ ထူးထူးခြားခြား ကောင်းမွန်ခြင်း မရှိကြောင်း ၎င်းက သုံးသပ်သည်။

“ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီက ဆုတွေတော်တော်မှန်းထားတာ။ အဲဒီကားမှာ မင်းသားကျော်သူ ပါနေလို့ ဓာတ်ပုံဆု တဆုပဲ ပေးတာလို့ ကြားတယ်” ဟု ရုပ်ရှင် ထုတ်လုပ်သူ တဦးကပြောသည်။

ဆက်လက်၍ ၎င်းက မိုးဒီကဲ့သို့ ဇာတ်ပို့စစ်စစ်ကို ဆုချီးမြှင့်ခြင်းအတွက် ဝမ်းသာသည်ဟု ဆိုသည်။ ဇာတ်ပို့ ဆုကို တကယ့်ဇာတ်ပို့များမရရှိဘဲ မင်းသား၊ မင်းသမီးများကိုသာ တလှည့်စီချီးမြှင့်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဆု ၆ ဆုနဲ့ ရပ်လိုက်တော့ ကြည့်နေတဲ့သူတွေ အားလုံး ဟာခနဲဖြစ်သွားကြတာ။ မင်းသမီးတွေက စိတ်ထဲ တော့ ဘယ်ကောင်းမလဲ၊ ပါးစပ်ကတော့ ဘာမှ ထုတ်မပြောကြပါဘူး၊ ဘာကြောင့်မပေးလဲ ဆိုတာတော့ ဆုချီးမြှင့်ရေးအဖွဲ့ပဲ သိပါလိမ့်မယ်” ဟု သူကဆိုသည်။

အကယ်ဒမီပေးပွဲတွင် မင်းသမီး တယောက်မှမပါသည့်အပြင် မင်းသားတယောက်သာ ပါဝင်သောကြောင့် အကယ်ဒမီ ဓာတ်ပုံစာအုပ်ထုတ်မည့်သူများ၊ ပိုစတာ ထုတ်မည့်သူများနှင့် အကယ်ဒမီပုံများ ဝေဝေဆာဆာနှင့် ဖြန့်ချိရန် အားခဲထားသော ဂျာနယ်ထုတ်ဝေသူများ စိတ်ညစ်သွားကြသည်ဟု သတင်းဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“အကယ်ဒမီပွဲနဲ့ လုပ်စားဖို့ အားခဲထားတဲ့သူတွေ ဒီနှစ်တော့ အကုန်ကွဲတာပဲ။ မင်းသမီးတွေ ဆုမရတော့ ပုံလှလှ ဘယ်ထွက်တော့မလဲ” ဟု သူကဆိုသည်။

၂၀၀၇ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မိန့်ခွန်းပြောကြားရာ ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ရုပ်ရှင်လောကသား များအနေနှင့် ကျရာအခန်းကဏ္ဍမှ အုတ်တချပ်၊ သဲတပွင့်အဖြစ် တာဝန်ကျေပွန်စွာ ကြိုးပမ်းစွမ်းဆောင် သွားရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက မိန့်ခွန်းတွင် “မြန်မာ့ရုပ်ရှင်ဇာတ်ကားများ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် လိုအပ်မည့် စက်ပစ္စည်းများ၊ စတူဒီယို များ၊ ပြည်ပနှင့် ပူးပေါင်းရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများ၊ ရုပ်ရှင်ပြသရေး စနစ်နှင့် ရုပ်ရှင်ရုံများကို နိုင်ငံတကာ အဆင့်မီဖြစ်အောင် ကြိုးပမ်းတည်ဆောက်ကြပါ၊ မြန်မာ့ရုပ်ရှင် ဈေးကွက်ကို ပြည်ပသို့ပါ တိုးချဲ့နိုင်အောင် ဆောင်ရွက်ကြပါ” ဟုလည်း ထည့်သွင်းပြောကြားထားသည်။

ဝန်ကြီးက မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီဖြစ်စေရေး ဟု ပြောနေသော်လည်း တနှစ်ထက်တနှစ် အကယ်ဒမီဆန်ခါတင် ဇာတ်ကားအရေအတွက်မှာ လျော့ကျလျှက်ရှိပြီး ထုတ်လုပ်သူ အများစုမှာ ရင်းနှီး မြှုပ်နှံရန် မတတ်နိုင်ကြတော့ကြောင်း ရုပ်ရှင်အသိုင်းအဝန်းက သုံးသပ်ပြောဆိုနေကြသည်။

“နောက်နှစ်ဆို ဘာကားမှတောင်ရှိမှာမဟုတ်ဘူးထင်တယ်။ ထုတ်တဲ့သူတွေလည်း ပိုက်ဆံရတဲ့ ဟာသ ကားလောက်ပဲ ထုတ်ချင်ကြတော့တယ်။ လူတွေကလည်း ဟာသကားလောက်ပဲ ကြည့်ကြတယ်” ဟု ရုပ်ရှင် အသားပေးဂျာနယ် အယ်ဒီတာ တဦးကပြောသည်။

ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ယမန်နှစ်ကစ၍ ရန်ကုန်တွင်မကျင်းပတော့ဘဲ နေပြည်တော်တွင် ကျင်းပခဲ့ရာ ရန်ကုန်မှ သွားတက်ရသည့် ရုပ်ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင်အဖွဲ့သားများမှာ ပျော်ပွဲစားထွက်သကဲ့သို့ လမ်းခရီး တလျှောက် ပျော်ရွှင်နေကြကြောင်း အစည်းအရုံးဝင် တဦးကပြောပြသည်။ အကယ်ဒမီပွဲသို့ တက်ရောက်သည့် အစည်းအရုံးဝင်များကို တဦးလျှင် ထမင်းဖိုး ကျပ် ၄ ထောင်စီနှင့် မုန့်တထုပ်၊ ရေတဘူးစီပေးကာ တည်းခိုစရာ အတွက် နေပြည်တော် မြို့တော်စည်ပင်က စီစဉ်ပေးသည်ဟု သိရသည်။

“လမ်းမှာကတည်းက သူ့အုပ်စု၊ ကိုယ့်အုပ်စု၊ သွားလည်းသောက်၊ ပြန်လည်းသောက်၊ ဟိုရောက်တော့လည်း သောက်နဲ့ ဆူညံနေတာပဲ။ တကယ်သနားစရာကောင်းတာက ပရိသတ်ပါ။ အရိပ်လုံးဝမရှိဘူး။ နေပူကြီးထဲမှာ မင်းသား၊ မင်းသမီးတယောက်လာလိုက်၊ ပြေးပြီး အော်တိုမှာ လက်မှတ်ထိုးခိုင်းလိုက်နဲ့ လုပ်နေကြတာ” ဟု ၎င်းကဆိုသည်။

မြန်မာ့အလင်းသတင်းစာတွင် “အကယ်ဒမီပွဲလာ ပရိသတ်များ” ဟူသည့်ဓာတ်ပုံ၌ ပဒေါင်၊ ကချင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသားဝတ်စုံပြည့် ဝတ်ထားသူတို့ကို တွေ့ရသည်။

၂၀၀၇ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကားဆုကို မြင့်မာလာရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ မောင်ယဉ်အောင်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို စိန်မွတ်တား၊ ဓာတ်ပုံထူးချွန်ဆုကို ကျောက်ဖြူ (ပဒေသာ) တို့ အသီးသီး ရရှိခဲ့ကြသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်