လစာတိုးပေးရုံဖြင့် အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်

E-mail Print
ကုန်ဈေးနှုန်း မြင့်တက်ပြီး ငွေဖောင်းပွမှုက ယှဉ်တွဲလိုက်လာနိုင်သောကြောင့် ဝန်ထမ်းများကို လစာတိုးပေးခြင်းသည် အဂတိလိုက်စားမှုကို အမှန်တကယ် တိုက်ဖျက်နိုင်သည့် နည်းမဟုတ်ကြောင်း သမ္မတ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က ပြောသည်။

U_Myint-Newsရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ရုံးချုပ်တွင် ယနေ့ကျင်းပသော နိုင်ငံရေး ရက်တိုသင်တန်းအတွင်း အဂတိလိုက်စားမှု ပပျောက်ရေး နည်းလမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ဒေါက်တာ ဦးမြင့်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“၀န်ထမ်းတွေကို လစာတိုးတဲ့ နည်းလမ်းက အဂတိလိုက်စားမှု အမှန်တကယ် တိုက်ဖျက်နိုင်မယ့် နည်းလမ်းတရပ်လို့ မယုံကြည်ပါဘူး။ တကယ်လို့ လစာတိုးလိုက်မယ်ဆို ပြင်ပစီးပွားရေးသမားတွေ အခွင့်အရေးယူပြီး ကုန်ဈေးနှုန်း မြင့်တက်လို့ ငွေဖောင်းပွမှု ဖြစ်လာမယ်ဆိုရင် ဒီဒဏ်ကို ၀န်ထမ်းတွေတင်မကဘဲ ပြည်သူတွေကပါ လိုက်ပါခံစားကြရမှာပါ” ဟု ဒေါက်တာ ဦးမြင့်က သင်တန်းတွင် ပြောကြားသည်။

ဒေါက်တာ ဦးမြင့်က သမ္မတ ဦးသိန်းစိန်ထံ တင်ပြထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အဓိက အချက် ၄ ချက်ပါဝင်သည့် စာတမ်းကို သင်တန်းတွင် ချပြဆွေးနွေးသွားသည်။

အဂတိလိုက်စားမှု အဓိပ္ပာယ်၊ ဖြစ်ပွားရသည့် အကြောင်းရင်း၊ အကျိုးသက်ရောက်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုတို့ကို အခြေခံပြီး ဒေါက်တာ ဦးမြင့်က ပြောကြားသွားသည်။

အများပြည်သူအကျိုးအတွက်၊ တိုင်းပြည်အတွက် ပေးအပ်ထားသည့် တာဝန်များအား ကိုယ်ကျိုးအတွက် အသုံးပြုမှုကို အဂတိလိုက်စားမှုဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ခြင်းမရှိဘဲ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုက်တက်မှု လမ်းကြောင်းကို ဖော်ဆောင်နိုင်ခြင်းမရှိဟု ဒေါက်တာ ဦးမြင့်က ထောက်ပြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းလမ်းများအတွက် ခိုင်မာသည့် စည်းမျဉ်း ဥပဒေများ ရှိရန်လိုပြီး လာဘ်ပေးလာဘ်ယူမှုများ အခြေခံနေသည့် ၀န်ထမ်းပိုင်းကဏ္ဍကို ကိုင်တွယ်ဖြေရှင်းရာတွင် လုပ်ခလစာ တိုးမြင့်ပေးခြင်းသည် ထိရောက်မှုရှိမည့် နည်းလမ်းဟု မယုံကြည်ကြောင်း ဒေါက်တာ ဦးမြင့်က သူ့အမြင်ကို ထုတ်ဖော်ပြောသည်။

လက်ရှိအနေအထားအရ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ထိရောက်မှုရှိပြီး အမှန်တကယ် ကျင့်သုံးဖော်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အမြင်များပေါ်တွင် သမ္မတ ဦးသိန်းစိန်ကလည်း စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။

ဒေါက်တာ ဦးမြင့်က “မိုက်ခရိုကျတဲ့ အောက်ခြေအဆင့်တွေကနေ စကိုင်ဖို့ သမ္မတကြီးက စိတ်ဝင်စားနေတယ်။ ကျနော်ကတော့ လက်တွေ့မှာ အောက်ခြေကနေ ကိုင်တွယ်တဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေ များပြားတာကြောင့် ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အထက်ပိုင်းကို ပီပီပြင်ပြင် ကိုင်တွယ်တာမျိုးဖြစ်ဖို့
အကြံပြုထားပါတယ်” ဟု ဦးမြင့်က ပြောသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကောင်အထည် ဖော်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း၊ အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်နေသည့် အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အာဏာရအဖွဲ့များနှင့် ပေါင်းစပ်လုပ်ကိုင်နေသူများ၏ ငြိုငြင်မှုကို တွေ့ကြုံလာရမည့် အခြေအနေတို့ ဖြစ်ကြောင်း ဦးမြင့်က ဆိုသည်။

NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေကမူ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး အစိုးရ ၀န်ထမ်းလစာများ တိုးမြှင့်ပေးခြင်းအပေါ် ကောင်းသောအခြေအနေတရပ်အဖြစ် ရှုမြင်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဒေါက်တာ ဦးမြင့်က ဟောပြောရန် ကြေညာခဲ့သော်လည်း အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

ဧရာဝတီ သတင်းထောက် ၀င့်နဒီနှင့် ကျော်ကျော်တို့ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်